သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် အမေရိကန် ပစ်မှတ်ထားဒဏ်ခတ် 


့မှတ်တမ်းဓါတ်ပုံ- ၂၀၁၈ ဖေဖော်ဝါရီတုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ကို တွေ့ရစဉ်
့မှတ်တမ်းဓါတ်ပုံ- ၂၀၁၈ ဖေဖော်ဝါရီတုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ကို တွေ့ရစဉ်

(Zawgyi/Unicode)

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအတွက် ပစ်မှတ်ထားအရေးယူမယ့် လူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်းတွေစာရင်းကို အမေရိကန်ပြည်ထောင်စု အစိုးရက ဖေဖေါ်ဝါရီ (၁၁)ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ သမ္မတရဲ့ အုပ်ချုပ်ရေးအမိန့်နဲ့အညီ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်၁၀ ဦးနဲ့ လုပ်ငန်းအဖွဲ့ ၃ ခုတို့အပေါ် အခုလိုအရေးယူလိုက်တာဖြစ်ပါတယ်။

အရေးယူခံရမယ့် ပုဂ္ဂိုလ်တွေကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ သမ္မတ ဖြစ်တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး၊ ရေတပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ ဖြစ်ကြပြီး အရေးယူခံရမယ့် လုပ်ငန်းအဖွဲ့အစည်း ၃ ခုကတော့ Myanmar Ruby Enterprise ၊ Myanmar Imperial Jade Co. , LTD. နဲ့ Cancri (Gems and Jewelry) Co. LTD. တို့ဖြစ်ကြပါတယ်။

ဒီပုဂ္ဂိုလ် ၁၀ ဦးနဲ့ အဖွဲ့အစည်း ၃ ခုတို့ရဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ ၅၀ ရာခိုင်နှုန်းနဲ့ အထက် ပစ္စည်းပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွား အားလုံးကို အမေရိကန်အစိုးရက ထိန်းချုပ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးမှု ပြန်လည်ဖေါ်ဆောင်နိုင်ရေး အတွက် အမေရိကန်ပြည်ထောင်စုဟာ ဒေသတွင်းအပါအဝင် ကမ္ဘာတလွှားက မိတ်တွေနိုင်ငံတွေနဲ့ လက်တွဲပြီး ဆက်လက် ဆောင်ရွက်သွားမယ် လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ အပါအဝင် အထိန်းသိမ်းခံ နိုင်ငံရေးသမားတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ဖြစ်ထွန်းမှု နောက်ဆုတ်အောင် အားထုတ်ခဲ့သူတွေ တာဝန်ယူမှုရှိစေဖို့လည်း တောင်းဆိုထားပါတယ်။

“မြန်မာစစ်တပ်က သူတို့လမ်းကြောင်းကို မပြောင်းဘူး ဆိုရင် နောက်ဆက်တွဲ အရေးယူမှုတွေ လုပ်ဖို့ ပြင်ဆင်ထားတယ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ် အကြမ်းဖက်ခဲ့မယ် ဆိုရင် ဒီကနေ့ ဒဏ်ခတ်မှုတွေဟာ ပထမအဆင့်မျှသာ ဖြစ်တယ် ဆိုတာကို မြန်မာစစ်တပ် သိလာလိမ့်မယ်” လို့လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အရပ်ဘက်ခေါင်းဆောင်တွေ လှုပ်ရှားသူတွေကို ဖမ်းဆီးပြီး လွှတ်တော်သစ် မခေါ်နိုင်အောင် လုပ်တာဟာ အာဏာသိမ်းတာအဖြစ် ထင်ရှားတဲ့အတွက် အမေရိကန် အစိုးရကဒီအတိုင်း ကြည့်မနေနိုင်ကြောင်းနဲ့ ဒါကိုတုံ့ပြန်တဲ့ အနေနဲ့ လက်ရှိ နဲ့ အငြိမ်းစား စစ်တပ်အရာရှိ ၆ ဦး၊ အသစ်ဖွဲ့စည်းလိုက်တဲ့ စစ်အုပ်ချုပ်ရေးကောင်စီဝင် ၄ ဦးအပြင် စစ်တပ်ပိုင် ဒါမှမဟုတ် စစ်တပ်ထိန်းချုပ်ထားတဲ့စီးပွါးရေးလုပ်ငန်း ၃ ခုအတွက် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်လိုက်ကြောင်း ဖေဖေါ်ဝါရီ ၁၁ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)








ဆက်စပ်သတင်းများ ...

XS
SM
MD
LG