သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အာဏာသိမ်းမှုအပေါ် သမ္မတ ဂျိုးဘိုင်ဒန်က အရေးယူဒဏ်ခတ်မှုအသစ်တွေ ချမှတ်


မြန်မာ အာဏာသိမ်းမှုအပေါ် သမ္မတ ဂျိုးဘိုင်ဒန်က အရေးယူဒဏ်ခတ်မှုအသစ်တွေ ချမှတ်တာ ကြေညာ
မြန်မာ အာဏာသိမ်းမှုအပေါ် သမ္မတ ဂျိုးဘိုင်ဒန်က အရေးယူဒဏ်ခတ်မှုအသစ်တွေ ချမှတ်တာ ကြေညာ

(Zawgyi/Unicode)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ သူ့အစိုးရရဲ့ သဘောထားကို ဗုဒ္ဓဟူးနေ့၊ ဝါရှင်တန် ဒေသစံတော်ချိန် မွန်းလွဲ တနာရီကျော်မှာ ပြောကြားသွားသည့် မိန့်ခွန်း အပြည့်အစုံကို ဦးကျော်ဇံသာက ပြောပြမှာပါ။

"မြန်မာနိုင်ငံမှာ နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ တုံ့ပြန်ချက် နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ပြောကြားလိုပါတယ်။ အားလုံး သိကြတဲ့အတိုင်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် တိုက်ခိုက်ခြင်းဟာ ကျနော်တို့ နိုင်ငံရဲ့ ပါတီနှစ်ရပ်စလုံးက အလေးအနက်ထားတဲ့ကိစ္စ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ကျနော်တို့ဟာ ဒီအရေးကို အထူးစိတ်ဝင်စားတဲ့ အထက်လွှတ်တော်အမတ် McConnell တို့အဖွဲ့နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး သူတို့ရဲ့ တန်ဖိုးရှိတဲ့ အယူအဆတွေကို ကြိုဆိုပါတယ်။

ကျနော်တို့ဟာ ကမ္ဘာတလွှားမိတ်တွေ၊ အထူးသဖြင့် အင်ဒိုပစိဖိတ်ဒေသက နိုင်ငံတွေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး အခု မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေမှုအပေါ် သံတမန်နည်းအားဖြင့် ထိရောက်တဲ့ သံတမန်နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဆီက ခိုင်မာပြတ်သားပြီး တစုတစည်းထဲ ထွက်လာတဲ့ သတင်းစကားဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါဟာ တခြားနိုင်ငံတွေ လက်တွဲပါဝင်လာပြီး ဒီမိုကရေစီလမ်းကြောင်းကို ချက်ချင်းပြန်လှည့်ဖို့ ဖိအားပေးတဲ့နေရာမှာ အဓိက ကျပါတယ်။

ပြီးခဲ့တဲ့အပတ်က အမေရိကန်ပြည်ထောင်စုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဦးဆောင်ပြီး မြန်မာ့ဒီမိုကရေစီကို ထောက်ခံကြောင်း ခိုင်မာ ပြတ်သားတဲ့ကြေညာချက် ထုတ်ပြန်အောင် လုပ်ဆောင်ခဲ့ပါတယ်။

ဒီတပတ်မှာတော့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ ကောင်းလာစေဖို့ ကမ္ဘာကြီးက အားဖြည့်လုပ်ဆောင်နိုင်အောင်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ထိတွေ့ ဆောင်ရွက်ချက်အသစ်တွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မြန်မာစစ်တပ်ကို ထပ်မံတောင်းဆိုလိုက်ပါတယ်။ ဒီမိုကရေစီနိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် အခုထိန်းသိမ်းခံနေရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်။

စစ်တပ်အနေနဲ့ အာဏာကိုစွန့်လွတ်ရမယ်။ နိုဝင်ဘာ (၈) ရက်နေ့ ရွေးကောက်ပွဲမှာ ဖော်ပြခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားရမယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် ထိရောက်ရှိစေမယ့် လုပ်ရပ်တွေကို ကြေညာပါ့မယ်။

အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိသော မြန်မာအစိုးရရဲ့ ငွေအရင်းအမြစ်တွေကို မြန်မာစစ်တပ်အနေနဲ့ မတော်မတရား ရယူမှု ပိတ်ပင်ဖို့ လုပ်ဆောင်သွားပါ့မယ်။

စစ်အာဏာသိမ်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အနီးကပ် မိသားစုဝင်တွေ ချက်ချင်း ဒဏ်ခတ်ဖို့ အုပ်ချုပ်ရေး အမိန့်သစ်တရပ်ကို လက်မှတ် ရေးထိုးလိုက်ပါတယ်။ ဘယ်သူတွေကို ပစ်မှတ်ထားတယ်ဆိုတာကိုတော့ ဒီသီတင်းပတ်အတွင်း စိစစ် ရွေးချယ်သွားပါ့မယ်။

ပြည်ပပို့ကုန်တွေကို တင်းကြပ်စွာ ထိန်းချုပ်သွားပါမယ်။ အမေရိကန်မှာရှိနေတဲ့ မြန်မာအစိုးရရဲ့ ပိုင်ဆိုင်မှုတွေ ချုပ်ထိန်းလိုက်မှာ ဖြစ်ပါတယ်။

တချိန်တည်းမှာဘဲ ကျန်းမာရေးစောင့်ရှောက်မှု၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ မြန်မာပြည်သူတွေကို တိုက်ရိုက်အကျိုးရှိစေမယ့် လုပ်ငန်းများကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာပါ။

နောက်ဆုံးအနေနဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်ဆန္ဒပြပွဲတွေ ကြီးထွားလာတာနဲ့အမျှ သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အကြမ်းဖက် နှိမ်နှင်းခဲ့ရင် လက်ခံလိမ့်မယ် မဟုတ်ပါဘူး။ ဒါကို ကျနော်တို့ ထပ်ခါတလဲလဲ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူ လူထုဟာ သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်နေကြပြီး ကမ္ဘာက စောင့်ကြည့်နေပါတယ်။ ဒီအားထုတ်မှုမှာ ပူးပေါင်း ပါဝင်ကြဖို့ နိုင်ငံတကာကလည်း ပူးပေါင်း ပါဝင်ကြဖို့ ပန်ကြားလိုက်ပါတယ်။"

တိုက်ရိုက် လင့်ခ်
မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် အမေရိကန် ဒဏ်ခတ်ပိတ်ဆို့
please wait

No media source currently available

0:00 0:03:11 0:00

..................


(Unicode)
















XS
SM
MD
LG