(Zawgyi/Unicode)
မြန်မာနိုင်ငံနဲ့နယ်စပ်ဖြစ်တဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဖက်မှာ ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေ တိုးမြှင့်နေတာကြောင့် မြန်မာ တရုတ် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေပါတယ်။ အပြန်အလှန်ကုန်တင်ပို့ တင်သွင်းနေတဲ့ မူဆည်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေက ကုန်သွယ်ရေးတွေ ဧပြီလ ၂၂ ရက်နေ့ကတည်းက ရပ်တံ့သွားခဲ့တာပါ။ တရုတ်နယ်စပ် ကုန်သွယ်ရေးသာမကထိုင်းနဲ့ အိန္ဒိယဖက်က နယ်စပ်ကုန်သွယ်ရေးမှာလည်း ကိုဗစ်ကပ်ရောဂါကြောင့် ကန့်သတ်ချက်တွေ တိုးနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က ပြောပြထားပါတယ်။
တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာအတွက် အဓိကဝင်ငွေရနေတဲ့ မူဆယ် ၁၀၅ မိုင်နဲ့ ကွမ်းလုံ- ဟိုပန်- ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဟာ ဧပြီလ ၂၂ ရက်နေ့ထဲက လုံးဝရပ်တန့်သွားတာပါ။ ကိုဗစ်အတည်ပြုလူနာတွေ ပြန်ရှိလာတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရရဲ့ ကိုဗစ်ထိန်းချုပ်ရေး တိုးမြှင့်ကန့်သတ်ချက်တွေကြောင့် မူဆယ်ဘက်ကထွက်မယ့် မြန်မာကုန်ကားတစီးကို COVID စစ်ဆေးခ ယွမ်ငွေ ၂၁၀၀ မြန်မာကျပ်ငွေနဲ့ ၄၅၀၀၀၀ ပေးရမှာဖြစ်လို့ ကုန်သည်တွေက မသွားကြတော့ပါဘူး။ အလားတူပဲ မြန်မာ- တရုတ် ကုန်သွယ်ရေးမှာ နောက်ထပ်အဓိကကျတဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ချင်းရွှေဟော် နယ်စပ်ဂိတ်ကိုလည်းတရုတ်ဘက်က တလတိတိ ပိတ်လိုက်ပါတယ်။
ဒါကြောင့် ချင်းရွှေဟော်ကနေ တရုတ်ဘက်ကို နေ့တိုင်းပို့နေတဲ့ နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ဆန်ကွဲ၊ ကြံ ဒါတွေအားလုံး မပို့နိုင်တော့သလို တရုတ်ဘက်က နေ့တိုင်း ရာချီဝင်နေတဲ့ ကုန်ကားတွေလည်း မရှိတော့ပါဘူး။တရုတ်ဘက်က အကန့်အသတ်တွေ ထပ်တိုးလာတာဟာ မဖြစ်သင့်ကြောင်း ကွမ်းလုံ- ဟိုပန်- ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်ကြူကြူက ဗွီအိုအေကို ပြောပါတယ်။
“ဒီလိုတော့ မဖြစ်သင့်ဘူး ထင်တာပဲ။ ဟိုးအရင် လွန်ခဲ့တဲ့ တနှစ်နီးပါးလောက် ကုန်သွယ်ချိန်မှာလည်း ကိုယ်တွေက တိုက်ရိုက်သွားရတာမှ မဟုတ်တာ၊ အဲဒီ ကားဆရာတွေ ချိန်းပြီးမှ ဟိုဘက်သည်ဘက် ကိုဗစ်မကူးအောင်ဆိုပြီး သွားလာနေတာတောင် တနှစ်တောင်ရှိပြီဆိုမှ အခုကျမှထပြီး တယောက်နှစ်ယောက် တွေ့ပါတယ်ဆိုပြီး ပိတ်တာကြီးကတော့ သဘာဝတော့ သိပ်မကျသလိုပဲ။”
မူဆယ်၊ ရွှေလီ နယ်စပ်ဂိတ်က ကုန်သွယ်ရေးဟာလည်း အလားတူ ကိုဗစ် စည်းကမ်းသတ်မှတ်ချက်တွေကြောင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုဟာလုံးဝရပ်တန့်သလောက် ဖြစ်နေပါတယ်။ ခုလို တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးသာမက ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးပိုင်းမှာလည်း စည်းကမ်းတင်းကြပ်မှုတွေ ရှိနေပါတယ်။
ထိုင်းစားသောက်ကုန် ၅ မျိုးဖြစ်တဲ့ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်၊ နို့ဆီ၊ နို့စိမ်း ဒါတွေကို မြဝတီနယ်စပ်ကနေ တင်သွင်းတာ မေလ ၁ရက်ကစပြီး ယာယီပိတ်သွားမယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားသူ ၄၀၀၀၀ ကျော်လာပြီး နှစ်နိုင်ငံစလုံးမှာ ကိုဗစ်ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ပုံမှန်အခြေအနေကို ပြန်မရောက်နိုင်သေးကြောင်း ဒေသခံတွေက ပြောပါတယ်။
မြဝတီခရိုင်ရဲ့ လက်ရှိအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကတော့ မြဝတီနယ်စပ် ကုန်သွယ်မှုပမာဏက ကျမသွားသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ မြဝတီကတော့ ကုန်သွယ်မှု တက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် ၁၂၇ လောက်တက်တယ်၊ ဒီလမှာကိုပဲ ကုန်သွယ်မှုက တက်နေသေးတယ်ခင်ဗျ။ အိတ်စပို့ တက်တာလည်းပါတာပေါ့ ခင်ဗျ၊ ကုန်သွယ်မှုတက်တယ်။”
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ တမူးနဲ့ ရိဒ်ခေါ်ဒါရ် ဂိတ်နှစ်ခုကလည်း Covid ရောဂါစဖြစ်ကတည်း ပိတ်ထားရတာ အခုဆိုရင် တနှစ်လောက်ရှိပါပြီ။ အိန္ဒိယ မီဇိုရမ်ပြည်နယ်ကို ချင်းပြည်နယ် ဖလမ်းခရိုင်ဘက်က အများဆုံးတင်ပို့နေတဲ့ ကွမ်းသီးကလည်း အိန္ဒိယအာသံလက်နက်ကိုင်တွေနဲ့ မှောင်ခိုရောင်းဝယ်မှုအပေါ်မှာ မူတည်နေတာပါ။
“အရင်တုန်းကလို စီးပွားရေး သိပ်တော့ မကောင်းတော့ဘူး၊ အဓိက ကွမ်းသီးလည်းပဲ အိန္ဒိယ အာသံရိုင်ဖယ် ကုလားစစ်တပ်တွေ သူတို့အပေါ်မှာပဲ မူတည်တယ်။ သူတို့နည်းနည်း ချောင်လာပြီ ဆိုရင်တော့ သွားတယ်၊ ကျပ်တယ်ဆိုရင်တော့ အထွက်နည်းတယ်။ တခါတလေ ဖမ်းမယ့်အခြေအနေလည်း ရှိတယ်၊ အဲလိုရှိတာပေါ့နော်။”
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ် အမှတ် (၁) အုပ်ချုပ်ရေးမှူး ချန်လျန်နာ ပြောသွားတာပါ။
အိန္ဒိယနိုင်ငံမှာ သောကြာနေ့က ကိုဗစ်အတည်ပြုလူနာ တရက်ထဲ ၃ သိန်း ၃ သောင်းကျော်နဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။ ခုလို့ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ပြန်လည်တိုးမြင့်နေသလို ပြည်တွင်းမှာလည်း စစ်အာဏာသိမ်းထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုတွေ ရှိနေတာဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးကို မြန်မာတနိုင်ငံလုံး နယ်စပ်ဂိတ် ၁၆ ခုကနေလုပ်နေတာဖြစ်ပြီး အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ မူဆယ်ကနေ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀၀ ကျော် မြန်မာဘက်က တင်ပို့နိုင်ခဲ့ပါတယ်။
Your browser doesn’t support HTML5
.............
(Unicode)