အလုပ်သမားတွေ ပူပြင်းမှုဒဏ် ကာကွယ်နိုင်မယ့်အစီအစဉ် သမ္မတဘိုင်ဒန်ကြေညာ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ National Archives အဆောက်အဦမှာ သမ္မတဂျိုးဘိုင်ဒန်စကားပြောနေစဉ် (ဇူလိုင် ၂၇၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စု နေရာအတော်များများမှာ မကြုံဘူးတဲ့အတိုင်းအတာနဲ့ အပူချိန်မြင့်တက်နေတာကြောင့် အဆောက်အဦး ပြင်ပတွေမှာ အလုပ်လုပ်ကြရတဲ့ အလုပ်သမားတွေကို ကာကွယ်ပေးတဲ့အနေနဲ့ သောက်ရေ လွယ်ကူစွာ ရရှိစေရေးနဲ့ မိုးလေဝသ ခန့်မှန်း တွက်ချက်မှုတွေ ပိုမို ကောင်းမွန်ရေးတို့နဲ့ဆိုင်တဲ့ လုပ်ဆောင်ချက်အသစ်တွေကို သမ္မတဂျိုးဘိုင်ဒန်က မနေ့ ဇူလိုင်လ ၂၇ ရက်နေ့က ကြေညာလိုက်ပါတယ်။

“ရာသီဥတု အလွန်အကျွန် ပူပြင်းလွန်းတဲ့ဒဏ်ခံနေကြရတဲ့ ပြည်နယ်တွေနဲ့ မြို့နယ်တွေကို အထောက်အကူ ဖြစ်စေမယ့် အစီအစဉ်တွေကို ကျနော် ဒီနေ့ ကြေညာတာဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ အပူချိန်မြင့်တာဟာ အန္တရာယ်ရှိတယ်ဆိုတဲ့ သတိပေးချက် ထုတ်ပြန်ပေးဖို့ အလုပ်သမားဝန်ကြီးဌာန ယာယီဝန်ကြီး Julie Su ကို ညွန်ကြားထားပါတယ်။ အဲဒီလို ကြေညာခြင်းအားဖြင့် အလုပ်သမားတွေဟာ အပူရှိန်ကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေအတွက် ပြည်ထောင်စုအစိုးရရဲ့ အကာကွယ်ပေးမှုကို ရရှိမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ အလုပ်သမားတွေကို အကာကွယ်ပေးရမယ့် တာဝန်ရှိပါတယ်” လို့ အိမ်ဖြူတော်မှာ သမ္မတဘိုင်ဒန်က ပြောသွားတာပါ။

ဒါ့အပြင် ဥတုရာသီ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ ဒီအကျိုးသက်ရောက်မှုတွေကို ဆက်ပြီး ငြင်းပယ်နေလို့ မရနိုင်တော့ဘူးလို့လည်း သမ္မတဘိုင်ဒန်က ပြောခဲ့ပါတယ်။

အမေရိကန်တဝှန်း လူပေါင်း သန်း ၂၀၀ လောက်ဟာ အခုရက်ပိုင်းတွေအတွင်း အပူချိန်မြင့်လွန်းတဲ့ဒဏ်၊ ဒါမှမဟုတ် ရေကြီးမှု စတဲ့ ဥတုရာသီ ဖောက်ပြန်မှုဒဏ် တခုခုနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ အမျိုးသား မိုးဇလဌာနရဲ့ သတိပေးချက် ထွက်လာပြီး မကြာခင်မှာဘဲ သမ္မတ ဘိုင်ဒန် ကြေညာချက် ထွက်လာတာပါ။

အခုနှစ် နွေရာသီမှာ ကြုံတွေ့နေရတဲ့ အပူချိန် မြင့်တက်မှုနဲ့ ဆိုးရွားတဲ့ ဥတုရာသီတွေဟာ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာဖြစ်ပြီး ဒီနှစ် ဇူလိုင်လဟာ မှတ်တမ်း စတင်ပြုစုတဲ့အချိန်ကစလို့ အပူဆုံးလဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။

Your browser doesn’t support HTML5

အလုပ်သမားတွေ ပူပြင်းမှုဒဏ်ကာကွယ်နိုင်မယ့်အစီအစဉ် သမ္မတဘိုင်ဒန်ကြေညာ