မဏိပူ၊ အင်ဖားထောင်က မြန်မာအကျဉ်းသား ၅၀ ကျော် အစာငတ်ခံ ဆန္ဒပြ

မဏိပူပြည်နယ်၊ အင်ဖားထောင်

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်က အင်ဖား ဗဟိုအကျဉ်းထောင် နိုင်ငံခြားသားထိန်းသိမ်းရေးစခန်းမှာ ချုပ်နှောင်ခံထားရတဲ့ မြန်မာနိုင်ငံသား အယောက် ၅၀ ဝန်းကျင်လောက်ဟာ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး ဖိနှိပ်ခံရမှုတွေနဲ့ကြုံရတာအပြင် ချုပ်ရက်စေ့ပြီးပေမယ့် ပြန်မလွှတ်သေးတာ စတဲ့အချက်တွေကြောင့် ဒီကနေ့မှာ အစာငတ်ခံ ဆန္ဒပြ တောင်းဆိုနေတယ်လို့ သူတို့ကို ကူညီပေးနေတဲ့ India For Myanmar အဖွဲ့က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးပါမယ်။

အင်ဖား ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၅၂ ဦးဟာ ဩဂုတ် ၂၆ ရက် ဒီကနေ့ မနက်ကစပြီး အစာငတ်ခံ ဆန္ဒပြနေကြတာပါ။ သတ်မှတ်ထားတဲ့ရက် ပြည့်တဲ့အထိ အကျဉ်းကျခံပြီးဖြစ်တာမို့ ပြန်လွှတ်ပေးဖို့ အစာအငတ်ခံ ဆန္ဒပြနေတာ ဖြစ်တယ်လို့ သူတို့ကို ကူညီပေးနေတဲ့ India For Myanmar အဖွဲ့က ဆလိုင်း ဒိုခါရ်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အဓိကကတော့ သူတို့လွှတ်ရမယ့်ရက် ကျော်လာတာကြာပြီ။ လွတ်ရမယ့်အချိန် မလွတ်ဘဲနဲ့ နှစ်ချီ လချီ ဖမ်းဆီးထိန်းသိမ်းတဲ့ အခြေအနေ ရောက်နေတယ်။ ထောင်ထဲမှာဆိုလဲ အခြေအနေတွေက ဆိုးဆိုးဝါးဝါး ကြုံနေကြရတယ်။ မိသားစုလဲ တွေ့ခွင့်မရှိ၊ ထောင်ဝင်စာလည်း တွေ့ခွင့်မရှိ၊ ထောင်စည်းကမ်း တင်းကျပ်မှုအောက်မှာ မိသားစုနဲ့တောင် လွတ်လွတ်လပ်လပ် ဖုန်းပြောခွင့်မရှိတဲ့ အခြေအနေ ရောက်နေတယ်။ ဆိုတော့ အစာ ငတ်ခံဆန္ဒပြကြတဲ့ အခြေအနေ ဖြစ်လာတယ်။ အဓိက တောင်းဆိုချက်ကတော့ အမြန်ဆုံးပြန်လွတ်ရေးပါဘဲ။”

ဒီ အင်ဖားထောင်မှာ အစာငတ်ခံဆန္ဒပြတာ ဒါပါနဲ့ဆိုရင် ၄ကြိမ်ရှိပါပြီ။ ပထမဆုံးအကြိမ်ကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ခဲ့တာပါ။ နောက် ဒုတိယအကြိမ်က ဒီနှစ် ဇွန်လမှာပါ။ တတိယအကြိမ်ကတော့ အခုနှစ် ဇူလိုင်လထဲမှာ ဖြစ်ခဲ့တာပါ။ အရှေ့က အခေါက်တွေတုန်းက အာဏာပိုင်တွေနဲ့ ညှိုနှိုင်းမှုမှာ အတော်အသင့် ပြေလည်မှုရခဲ့တာမို့ ရပ်ဆိုင်းခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ဘယ်လောက်ထိ ညှိုနှိုင်းခွင့်ရမလဲ မသိနိုင်သေးပါဘူး။

စာရွက်စာတမ်းအတု ပြုလုပ်မှု၊ တရားမဝင် နေထိုင်မှုအပြင် မဏိပူရရောက် မြန်မာဖြစ်နေတာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဒီလူတွေ ဖမ်းဆီးခံရတာဖြစ်ပြီး ပြစ်ဒဏ်ကျခံပြီးပြီဆိုပေမဲ့ နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းမှာ ဆက်ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။

နောက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေကို အိန္ဒိယအစိုးရက စစ်ကောင်စီထံ ပြန်လွှဲပေးတာတွေ ရှိခဲ့တဲ့အတွက် လုံခြုံရေး စိုးရိမ်ချက်တွေ ရှိလာတာအပြင် မဏိပူရ အကျဉ်းထောင် အာဏာပိုင်တွေ လူ့အခွင့်အရေးချိုးဖောက်တာတွေ အများအပြားရှိလာနေတာမို့ အကျဉ်းကျခံနေရသူတွေက အစာငတ်ခံ ဆန္ဒပြတဲ့လမ်းကို ရွေးခဲ့တာဖြစ်တယ်လို့ သူက အခုလို ဆက်ပြောပြပါတယ်။

“ဖမ်းဆီးခံရတဲ့သူတွေ အခြေအနေကြည့်မယ်ဆိုရင် အင်မတန် ခက်ခဲတယ်။ တချိူ့ဆို ထောင်ဝန်ထမ်းတွေက လွတ်မယ်ဆိုပြီး အကြိမ်ကြိမ် ငွေပေးနေရတာတွေ ကြုံရတယ်။ အမျိုးသမီးတွေဆိုလဲ ထောင်ဝန်ထမ်းတွေရဲ့ မဖွယ်မရာလုပ်ခံရတာတွေ ကြုံရတယ်။ နောက် မွေးကင်းစ ကလေးတွေကအစ ထောင်သွင်းနေတဲ့သဘော ဖြစ်နေတယ်။ မြန်မာပြည်အခြေအနေ အဆိုးဆုံးကြုံတွေ့နေချိန်မှာ အိမ်နီးချင်းကောင်းမပီသတဲ့ တကယ် ဒုက္ခကြုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကိုမှ ဖမ်းဆီး ထောင်ချနေတယ်။ စိတ်ပိုင်းကော ရုပ်ပိုင်းကော ဖိစီးမှု တအားများတယ်။ လုံးဝ လက်ခံလို့မရတဲ့အခြေအနေ ဖြစ်တာပေါ့။ အိန္ဒိယအစိုးရကို မြန်မာနိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့၊ ဒုက္ခသည်ကို လက်မခံချင်ရင်နေပါ ဖမ်းပြီး ထောင်မချထားဖို့ အိန္ဒိယနိုင်ငံကို မက်စေ့ (သတင်းစကား) ပေးချင်တာပါ။”

တပတ် တကြိမ်သာ ရေချိုးခွင့်ရတာ၊ ဆေးကုသခွင့်နဲ့ သောက်ရေသန့်နဲ့ မရတာ၊ ထောင်ထဲမှာ မီးဖွားတဲ့ ကလေးငယ်တွေ ကာကွယ် ဆေးထိုး ခွင့်မရတာတွေ ကြုံရသလို လက်ရှိ အစာငတ်ခံ ဆန္ဒပြသူတွေဟာ သတ်မှတ် ပြစ်ဒဏ်ကျခံတာ ပြည့်ပြီးသားသူတွေ ဖြစ်ပါတယ်။

ဒီ မနက်ပိုင်းကစပြီး ထောင်ကကျွေးတဲ့ မနက်စာကို လက်မခံတော့ဘဲနဲ့ အစာငတ်ခံ ဆန္ဒပြတာလို့လည်း သိရပါတယ်။ သူတို့ရဲ့ တောင်းဆိုချက် မရမချင်း ဆက်ပြီး ဆန္ဒပြသွားမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ အကျဉ်းကျခံနေရသူတဦးရဲ့ မိသားစုဝင် တဦးဖြစ်တဲ့ ကိုထွန်းမျိုးကတော့ လက်ရှိ ထောင်တွင်း ကြုံတွေ့နေရတာနဲ့ပတ်သတ်လို့ အခုလို ပြောပြပါတယ်။

“ထောင်ကျတာ ၃နှစ်တောင် ကျော်သွားပြီ။ သားကော ချွေးမကော ကလေးတွေကလည်း ကျနော်တို့ရွာကတင် အိမ်ထောင်သည်တင် ၁၄ ဦး၊ ကလေးတွေအပါ ပေါ့။ ကလေးအမေတင် ၂ ဦး၊ ၃ ဦးလောက်ပါတယ်။ အခက်အခဲကတော့ စားဖို့သောက်ဖို့တင် ဒီကနေ လှမ်းလှမ်းပြီးတော့ လွှဲ ပေးနေရတာဘဲ။ အဆက်အသွယ်ကလည်း တခါတလေ ၆လ တခါလောက်၊ ၄လ တခါလောက်တောင် မရချင်ဘူး။ သူတို့က ကိုဗစ်တွေဖြစ်တော့ ဒီမှာ အလုပ်အကိုင် ရှားပါးနေချိန်မှာ ယက်ကန်းခတ်ဖို့ဆိုပြီး ခေါ်လို့သွားတာ။ နယ်စပ်ရောက်တာနဲ့ တရားမဝင်ဖြတ်ကျော်မှုဆို ဖမ်းတာဘဲ။ ကျနော်တို့လည်း သတင်းဌာနမှာတွေ့ရတာ။ အဲဒါ ၃နှစ်ကျော်သွားတာ။ ကလေးတွေတောင် တော်တော်ကြီးပြီ။ ဒီကသွားတုန်းက သေးသေးဘဲ ရှိသေးတာ။ ခုချိန်ထိလည်း ဘာမှလုပ်ကိုင် မစားရဘူး။ ကျနော်တို့ကလေးတွေ ကျန်းမာရေး ကောင်း မကောင်းလဲ မသိရဘူး။ ဘာကြောင့် အဲလောက်နှစ်တွေ ဖမ်းခံရလဲမသိပါဘူး။”

အင်ဖား အကျဉ်းထောင်မှာ လက်ရှိ ဖမ်းဆီးခံထားရသူ ၃၀၀နီးပါး ရှိနေပြီး ဒီထဲကမှ အယောက် ၄၀ကျော် ပြန်လွှတ် ပေးခဲ့တာရှိတယ်လို့ India For Myanmar အဖွဲ့က ပြောပါတယ်။

Your browser doesn’t support HTML5

မဏိပူ၊ အင်ဖားထောင်က မြန်မာအကျဉ်းသား ၅၀ ကျော် အစာငတ်ခံ ဆန္ဒပြ