ကုလစာနာမှုရုံး အကြီးအကဲ မြန်မာခရီးစဉ်အပေါ် အကဲခတ်တချို့အမြင်

ကုလ စာနာမှုအကြီးအကဲ (UNOCHA) Martin Griffiths စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေဆုံ (သြဂုတ် ၁၅၊ ၂၀၂၃)

ပြည်တွင်းမှာ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေအပေါ် ကန့်သတ်ခံရမှုတွေ ကြုံနေချိန်မှာပဲ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲ Martin Griffiths ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ပါတယ်။ မိုခါ မုန်တိုင်းအလွန် အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်တွင်း အရပ်ဘက် လူမှုကူညီရေး ဆောင်ရွက်နေသူတွေကတော့ ကြိုတင်ကြေညာခြင်းမရှိဘဲ ရောက်လာတဲ့ မစ္စတာ Griffiths ရဲ့ ခရီးစဥ်ကနေ အကူအညီ တစုံတရာ ရနိုင်ဖို့ မျှော်လင့်နိုင်ချက် သိပ်မရှိကြောင်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးပါမယ်။

မိုခါမုန်တိုင်း နောက်ပိုင်း အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ် အပြင် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပြည်တွင်းနဲ့ တိုင်းရင်းသား ဒေသတွေမှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေရဲ့ လုပ်ငန်းတွေ ကန့်သတ်ခံထား ရချိန်မှာ တွေ့ဆုံတာက ဒီလို ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းဖို့ဖြစ်နိုင်တယ်လို့ ယူဆရပေမဲ့၊ တစုံတရာ တိုးတက်မှုမြင်ရဖို့တော့ မျှော်လင့်ချက် သိပ် မရှိဘူးလို့ အရပ်ဘက် လူမှုကူညီရေး အဖွဲ့တွေက ပြောဆိုကြပါတယ်။

ရခိုင်အရပ်ဘက်အဖွဲ့ တခုက တာဝန်ရှိသူတဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

"ပြောရမယ်ဆိုရင် စစ်ကောင်စီဘက်က သူတို့ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ အဲ့လို အနေအထားမှာ လုပ်ဆောင်နိုင်မှ သူတို့ဘက်က ခွင့်ပြုမယ်ဆိုတဲ့ အပိုင်းက ဒီအစိုးရကို သူတို့အပ်ရမယ်။ အပ်ပြီးမှ စစ်ကောင်စီက တာဝန်ယူပြီးမှ အဆင့်ဆင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဆိုင်ရာကနေ သူတို့ ဖြတ်မယ်ပေါ့။ အဲ့လိုအပိုင်းမှာ ဒီဘက်ကသွားနေတဲ့ အိုင်အန်ဂျီအို နိုင်ငံတကာ အဖွဲ့တွေနဲ့ အရပ်ဘက် အဖွဲ့တွေအနေနဲ့ ပူးပေါင်းလုပ်တဲ့ အပိုင်းမှာ ဒါက အဆင်မပြေဘူးပေါ့နော်။ ဒီအတိုင်းပဲ အစိုးရဘက်က သဘောတူပေးရင်တော့ ထူးခြားမှု ဘာမှဖြစ်မလာဘူး။ လူထုအတွက် ဘာမျှော်လင့်ချက်မှ ရှိမှမဟုတ်ဘူး။ တကယ်လို့ အစိုးရဘက်က ဒီဆွေးနွေးတဲ့ အနေအထားပေါ်မှာ အခွင့်အလမ်းတွေကို အစိုးရဘက်က အပြုသဘော ဆောင်ခွင့်ပြုပေးမယ့် အနေအထား ဆိုရင်တော့ ပြည်သူလူထု အနေအထားမှာ တကယ်နစ်နာဆုံးရှုံးသွားတဲ့ သူတွေအတွက်ပံ့ပိုးမှုတွေရမယ်။ သူတို့အတွက် လူထုဘက်မှာ ပံ့ပိုး မှုတွေရမယ် အဲဒါဘဲမျှော်လင့်လို့ရမယ်။"

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Martin Griffiths ဟာ ကြိုတင်ကြေညာြခင်းမရှိဘဲ မနေ့က မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံချိန်မှာတော့ မြန်မာနိုင်ငံအတွင်း ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားချိန် နဲ့ မိုခါမုန်တိုင်းဖြစ်ပွား ချိန်တွေမှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကူညီပေးမှု နည်းပါးခဲ့တဲ့ အကြောင်းကို ဆွေးနွေးခဲ့ကြသလို လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ တိုင်းရင်းသား ဒေသတွေမှာ အကူအညီ လိုအပ်နေတဲ့ ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ချမှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာပြီး သူတို့နဲ့ လက်တွဲ လုပ်ဆောင်မှသာ ကုလသမဂ္ဂဘက်က အကူအညီတွေကို လက်ခံမှာ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ဖြေကြားဖူးပါတယ်။

စစ်ကောင်စီ အနေနဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ညှို နှိုင်းမှုတွေကို လက်ခံဖို့ တင်းခံနေရင် နိုင်ငံတကာ အကူအညီတွေက တကယ်လိုအပ်နေသူတွေဆီ ရောက်ဖို့ ခက်နေလိမ့်ဦးမယ်လို့ ရခိုင်လူ့အခွင့်အရေး လှုပ်ရှားသူတဦးကလည်း ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ ပြီးခဲ့တဲ့ တခေါက် UNOCHA ရဲ့ Country director လည်း ရခိုင်ကို လာခဲ့တာရှိတယ်။ အဲဒီ တချိန်တုန်းကလည်း သူတို့ ဒီဘက်က အစိုးရ အဖွဲ့ဝင်တွေနဲ့လည်း တွေ့တယ်ပေါ့။ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့တယ်။ ကျနော်တို့ အဲ့တုန်းက မိုခါမုန်တိုင်းနဲ့ ပတ်သက်လို့ ဒီတွေ့ဆုံမှုက အထောက်အကူ တစုံတရာ ရမယ် မျှော်လင့်ခဲ့တာ ရှိတယ်။ အဲ့လို မဖြစ်လာတဲ့အပြင် ပိုတင်းကျပ် လာတာတွေ ရှိတယ်။ ပြီးခဲ့တဲ့ အတွေ့အကြုံအရ ဆိုရင်တော့ သိပ်ပြီးတော့ သိပ်တော့မမျှော်လင့်ဘူး။ တဘက်ကနေမှ တဘက် ဖြစ်စေချင်တာမှာ တဖက်က ဘယ်လောက်ညှိုနှိုင်း နိုင်မလဲ ဆိုတာကတော့ ကျနော်တို့ မသိနိုင်ဘူးပေါ့နော်။ ပြောချင်တာကတော့ ကျနော်တို့လည်း အများကြီး မမျှော်လင့်ထားဘူးလို့ ပြောချင်တယ်။"

စစ်ကောင်စီဘက်ကတော့ မနေ့က တွေ့ဆုံမှုအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စတွေ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။ မစ္စတာ Griffiths ဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး (၂) ဝန်ကြီး ဦးကိုကိုလှိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးဝင်းတို့နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သိပ်မကြာခင်က မိုခါမုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရပြီး ခုချိန်ထိ ပြန်လည် ထူထောင်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့ ရခိုင်ပြည်နယ်ကိုလည်း ဒီကနေ့ သွားရောက်ခဲ့ပြီး မနက်ဖြန်မှာတော့ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။ ရခိုင်ခရီးစဥ်အတွင်း ဘယ်နေရာတွေကို သွားပြီး ဘယ်သူတွေနဲ့ တွေ့ဆုံသလဲ ဆိုတာ အသေးစိတ် မသိရပါဘူး။ ကြိုတင် ကြေညာြခင်း မရှိဘဲ ရောက်လာတဲ့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဥ်နဲ့ ပတ်သက်လို့ UNOCHA က ခုချိန်ထိတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ ဗွီအိုအေက ဆက်သွယ် မေးမြန်းထားပေမဲ့လည်း အချိန်မီ အကြောင်းပြန် ဖြေကြားတာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

ကုလ စာနာမှုအကြီးအကဲ Martin Griffiths မြန်မာနိုင်ငံရောက်