ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ဘက် နယ်စပ်မှာရှိနေတဲ့ လူဦးရေအလွန်ထူထပ်တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဧပြီလကတည်းက မုတ်သုံမိုး ပြင်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူပေါင်း ၁၀ ဦးသေဆုံးပြီး တဲအိမ်ပေါင်း ထောင်နဲ့ချီ ပျက်စီးခဲ့ရတယ်လို့ တာဝန်ခံ အရာရှိတွေက မနေ့ တနင်္ဂနွေနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် သိန်းနဲ့ချီထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပြီး ကမ္ဘာပေါ်မှာ ဒုက္ခသည်အများဆုံးနေထိုင်တဲ့ စခန်းတွေလည်း ဖြစ်ပါတယ်။
ဇူလိုင်လ ၂ ရက်နေ့ကတည်းကစပြီး မိုးရေချိန် အနည်းဆုံး နှစ်လက်မ ထက်မနည်း ရွာသွန်းခဲ့ကြောင်း Cox’s Bazar မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသနဲ့ ဇလဗေဒဌာနက ပြောပါတယ်။ မိုးပြင်းထန်တာကြောင့် ဒုက္ခသည်စခန်းတွေက များသောအားဖြင့် တောင်စောင်းတွေမှာ ဆောက်ထားကြတဲ့ ရွက်ဖျင်တဲတွေနဲ့ ယာယီတဲ စုစုပေါင်း ၅ ထောင်နီးပါးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကုလသမဂ္ဂလက်အောက်ခံ IOM နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများ အကူအညီပေးရေး အဖွဲ့ရဲ့ ပြောခွင့်ရ အမျိုးသမီးကဆိုပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဧပြီလကစပြီး မြေပြိုကျမှုပေါင်း ၂၀၀ ကျော်ရှိခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတင် မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ရိုဟင်ဂျာ ကလေးနှစ်ဦးသေဆုံးပြီး လူပေါင်း ၆,၀၀၀ လောက်ရဲ့ ခိုလှုံစရာ တဲအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
Your browser doesn’t support HTML5
မုတ်သုံမိုးကြောင့် သေဆုံးရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အနည်းဆုံး ၁၀ ဦးရှိပြီ