ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ပြေးနေဆဲ ဖြစ်တာကြောင့်၊ နေရပ်ပြန်ရေး အစီအစဉ်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်နေချိန်မှာပဲ၊ ဒုက္ခသည်တွေကို မကြာခင် စတင်လက်ခံနိုင်ဖို့ မျှော်လင့်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း အကြမ်းဖက်မှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်တွင်းမှာ ခက်ခဲတဲ့ အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကို ဆက်လက်ထွက်ပြေးလိုသူတွေလည်း ရှိနေဆဲပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။
ရခိုင်ပြည်နယ်ကနေ သီတင်းတပတ်ကို လူပေါင်း ၁၅၀၀ နှုန်းလောက်နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆက်လက် ထွက်ပြေးနေဆဲ ဖြစ်တာကြောင့်၊ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ လတ်တလောမှာ ဖြစ်နိုင်ပါ့မလားလို့ ကုလသမဂ္ဂက သံသယရှိနေပေမဲ့ မြန်မာအစိုးရကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းပြီး ပြန်လည်နေရာချထားရေး အမြန်ဆုံး ဆောင်ရွက်ဖို့ စီစဉ်နေကြောင်း ပြောဆိုခဲ့တာပါ။ ဒုက္ခသည်တွေကို အစောဆုံး ၂ လအတွင်း ပြန်လည်လက်ခံနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ကော်မတီဒုတိယဥက္ကဋ္ဌဖြစ်သူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
“၂ နိုင်ငံ သဘောတူစာချုပ် လုပ်ထားတယ်။ စာချုပ်အတိုင်းကတော့ ၂၃ ရက် ၁၁ လက စာချုပ်ချုပ်တယ်၊ အဲဒါကြောင့် ၂ လအတွင်းမှာ ပြန်လည် လက်ခံမှာဆိုတော့ ၂၂ ဇန်နဝါရီကနေစပြီးတော့ လက်ခံလို့ရပြီပေါ့နော် ။ အခု ဘာလုပ်နေသလဲဆိုတော့ အဆင်သင့်ဖြစ်ဖို့အတွက်ကို ဆောင်ရွက်နေတယ်။ အဆင်သင့်က ဘာတွေဖြစ်မလဲဆိုတဲ့အခါကျတော့ Reception Site လက်ခံရေးစခန်းကို ပထမဦးဆုံးလုပ်နေတယ် အဲဒါလည်း ပြီးမှာပဲ ဒီအတောအတွင်းမှာ အချိန်မီပြီးမယ် ဒါကတော့ လက်ခံရေးစခန်း။ အဲဒီမှာ အကြာကြီးထားတာလည်း မဟုတ်ဘူး။ ၁ ရက်သို့မဟုတ် ၂ ရက်ပေါ့နော် ။ ပြီးတော့ လှဖိုးခေါင်ဆိုတဲ့ ကြားစခန်းရှိတယ် ၊ Drop in center လို့ပဲသုံးတယ် Temporary place လို့သုံးတယ်။ အဲဒါလည်း အကြာကြီး ထားမှာမဟုတ်ဘူး။ ဒါကတော့ တောင်ပြိုလက်ဝဲ နဲ့ ငါးခူရဘက်က ဝင်မယ်။ ရေလမ်း ဆိုရင် ငါးခူရ၊ ကုန်းလမ်းဆိုရင် တောင်ပြိုလက်ဝဲ။ အဲလိုဝင်မယ့်နေရာတွေနဲ့ အနီးဆုံးမှာ ပြန်ဆောက်ဖို့ဆိုပြီးတော့ စီစဉ်နေတယ်။”
နှစ်နိုင်ငံအစိုးရတွေက စီစဉ်နေပေမဲ့ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေဟာ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ ရေရှည်တည်တံ့မယ့် နေရပ်ပြန်နိုင်မယ့် အခြေအနေမျိုး မဟုတ်သေးတဲ့အတွက် ဒုက္ခသည်တွေ ဆက်ပြီး ထွက်ပြေးနေကြတုန်းပဲလို့လဲ UNHCR ဒုတိယ မဟာမင်းကြီးကပြောပါတယ်။
ဒီအပေါ် ရခိုင်ပြည်နယ်အတွင်း နေထိုင်နေကြဆဲ ရိုဟင်ဂျာမူဆလင်တွေအတွက် အဓိက ကတော့ လုံခြုံရေး၊ နောက် သွားလာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် နေထိုင်လုပ်ကိုင်စားသောက်ဖို့ အရမ်းအခက်အခဲဖြစ်လာနေတဲ့အတွက် အခုလို ဆက်ထွက်ခွာနေကြတာလို့ ရခိုင်ပြည်နယ် မောင်တောဒေသခံ မြို့သူကြီးကျေးရွာသား ရိုဟင်ဂျာ မူဆလင်တဦးဖြစ်တဲ့ ကိုလှထွန်းက အခုလိုပြောပြပါတယ်။
“လူတွေက ဒီဘက်မှာ အသွားအလာတွေလည်း အခုအထိ ကန့်သတ်ထားတယ်။ ပြီးတော့ အလုပ်အကိုင်လည်း မရှိကြဘူး လူတွေမှာ စားဝတ်နေရေးလည်း တော်တော်လေးကို ဒုက္ခရောက်နေရတယ်။ ပြီးရင် ကျန်းမာရေးပိုင်း အစစအရာရာပေါ့ ဘာတခုမှ အဆင်ပြေတာမဟုတ်ဘူး နောက်ပြီး NVC ကိစ္စတခုနဲ့ အစိုးရကလည်း အဲဒါကို အတင်းအဓမ္မ လုပ်နေတယ်။ လူတွေကလည်း အဲဒီ့ကဒ်ကို မယူချင်ဘူး။ လက်မခံချင်ဘူး။ ဆိုတော့ ဒီမှာ မျှော်လင့်ချက် နည်းပြီးတော့ ဟိုဘက်ကိုပဲသွားဖို့ ဆုံးဖြတ်နေကြတာ။ ဒီတပတ် ၂ ပတ်အတွင်းကျတော့ နည်းနည်းအေးနေတယ် ဒီဘက်မှာ။ အရင်တုန်းကတော့ ဖမ်းတာပဲ ဟာဘီရွာကလူတွေ နောက် တရွာက အယောက် ၂၀ကျော် ကျော် ဖမ်းတယ်။ ဖမ်းတယ်ဆိုတာက အမှုစစ်တာက ARSA နဲ့ ပတ်သက်တယ် ဆက်နွယ်မှု ရှိတယ်ဆိုပြီးတော့။ အသွားလာတွေက ကန့်သတ်ထားတုန်းပဲ။ အလုပ်အကိုင်တွေက အရင်လို မရှိကြဘူး ပြီးတော့ ရွာတွေကလည်း သိပ်ကျန်တာမဟုတ်ဘူး ဒီမှာ စုစုပေါင်း ၁၅ ရွာလောက်ပဲရှိတာ ။ဆိုတော့ လူတွေမှာ အလုပ်အကိုင်လည်းမရှိကြဘူး ပြီးတော့ မျှော်လင့်ချက်မရှိကြဘူးပေါ့။ ဆေးရုံလည်း အခက်အခဲရှိတယ် ပြီးတော့ ပုဂ္ဂလိက ဆေးရုံလည်း မရှိဘူး၊ ဆရာဝန်တွေလည်းမရှိဘူး။ ဆိုတော့ အဲဒီလို ကျန်းမာရေးနဲ့ ပတ်သက်လာရင် အရပ်ကုကိုပဲ အားကိုးနေရတယ်။”
မြန်မာအစိုးရဘက်က ပြန်လည်လက်ခံနေရာချထားရေးစီစဉ်ပေးနေပေမဲ့လို့ အခုလို ရိုဟင်ဂျာမူဆလင်တွေ ဆက်လက်ထွက်ပြေးနေကြဆဲ အခြေအနေအပေါ် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အဓိက ဦးဆောင်စီစဉ်နေသူတဦးဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အကြမ်းဖက်မှုတွေ မရှိတော့သလို မြန်မာဘက်ခြမ်းကနေ တွန်းထုတ်နေတာလည်း မရှိပါဘူးလို့ အခုလိုပြောပါတယ်။
“ဒီမှာ ဘာမှ မဖြစ်ဘူး ဒီဘက်မှာ နည်းသွားတော့ ဟိုဘက်မှာလည်းရောက်နေတယ်ဆိုပြီးတော့ အဲလိုပဲ ဆက်ဖြစ်နေသလား အဲဒီသဘောမျိုးပေါ့ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာလည်း စားနပ်ရိက္ခာတွေ အကုန်လုံး အပြည့်အစုံပေးနေတာပဲလေ အဲဒါကြောင့်မို့လို့ အကြောင်းတခုခု ဘာဖြစ်နေတာလဲပေါ့နော် သူတို့ကို ဘယ်လိုမျိုး ဆွဲခေါ်နေတာလား။ တွန်းလွှတ်တာတော့ မရှိဘူး ဒီဘက်က တွန်းတာ မရှိဘူး Push တာမရှိဘူး။ Pull များဖြစ်သလားပေါ့ ဟိုဘက်ကရော ဘာအတွက်ကို ဘယ်လိုလုပ်နေသလဲဆိုတာတော့မသိဘူး ဒါပေမယ့် အခုရက်ပိုင်းတွေကတော့ တော်တော်နည်းသွားပါပြီ ပြန်ထွက်တာလေ။”
ပြန်လည်လက်ခံနေရာချထားရေး နှစ်လအတွင်း စတင်ဖို့ နှစ်နိုင်ငံအကြား နိုဝင်ဘာလ ၂၃ ရက်နေ့က နှစ်နိုင်ငံ သဘောတူထားခဲ့တာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းမှာတော့ ဒုက္ခသည်တွေကို တရားဝင်လက်ခံနိုင်ခြေရှိတယ်လို့ မြန်မာအစိုးရဘက်ကတော့ ပြောဆိုထားပါတယ်။ အခုလို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက မူဆလင်တွေကို ပြန်လည်လက်ခံဖို့ပြင်ဆင်နေသလို ရခိုင်ပြည်နယ်တွင်းမှာပဲ ဘေးလွတ်ရာကို ထွက်ပြေးသွားရတဲ့ ရခိုင်တိုင်းရင်းသားတွေအပါအဝင် ဟိန္ဒိူဘာသာဝင်တွေနဲ့ မြို သက် ခမီ စတဲ့ အခြားဌာနတိုင်းရင်းသားတွေအတွက်လည်း ပြန်လည်နေရာချထားရေး ကျေးလက်အိမ်ယာစီမံကိန်းတွေ တည်ဆောက်ပေးနိုင်ရေး စီစဉ်ပေးနေတဲ့အကြောင်း လူကယ်ပြန်ဝန်ကြီးက ပြောပါတယ်။
Your browser doesn’t support HTML5