ကန့်ဘလူမှာ စစ်ကောင်စီစစ်သားစုဆောင်းမှုတွေတိုးလုပ်နေဟု ဒေသခံတွေပြော

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပေးနေစဉ် (မေ ၊၂၀၂၄)

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်မှာ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသားတွေ စစ်မှုထမ်းဖို့ စစ်ကောင်စီအာဏာပိုင်တွေက မဲနှိုက်ခိုင်းတာ၊ အိမ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကန့်ဘလူမြို့ပေါ်မှာတော့ ဩဂုတ်လ ၂၆ ရက် မနေ့ကစပြီး စစ်မှုထမ်း အတွက် အမျိုးသားတွေကို ဖမ်းဆီးနေတယ်လို့လည်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ (ကန့်ဘလူခရိုင်) က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ဖက်က သတင်းပေးပို့ထားတာကို တင်ပြပေးထားပါတယ်။

ကန့်ဘလူခရိုင် ကန့်ဘလူမြို့နဲ့ ကျွန်းလှမြို့တို့မှာ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသားတွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက လူစုဆောင်းနေတယ်လို့ ဆိုပါတယ်။ ကန့်ဘလူမြို့က အမျိုးသား ၁၀၀ နဲ့ ကျွန်းလှက အမျိုးသား ၆၀ ကိုစစ်မှုထမ်းဖို့ခေါ်ယူမယ်လို့ စစ်ကောင်စီဒေသအာဏာပိုင်တွေက ပြောကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျွန်းလှမြို့မှာတော့ စစ်မှုထမ်းအတွက် မဲနှိုက်ကြရမှာဖြစ်ပြီး ကန့်ဘလူမှာတော့ မဲစနစ်နဲ့မဟုတ်ဘဲ အိမ်တိုင်ယာရောက် ခေါ်ယူတာမျိုး ဖြစ်တယ်လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က VOA ကို ပြောပါတယ်။

“၃၅ ကနေ ၆၅ နှစ် အထိပေါ့လေ၊ ကျွန်းလှကိုက စစ်မှုထမ်းဖို့အတွက် လူ ၆၀ လောက်လိုတယ်ပေါ့လေ၊ လူ ၆၀ လောက်လိုတယ်ဆိုတော့ သူတို့က ကျွန်းလှမှာတော့ ဖမ်းတာမဟုတ်ဘူး။ ရပ်ကွက်ဥက္ကဋ္ဌကနေ တဆင့် ပြန်ပြီးတော့မှ မဲနှိုက်ခိုင်းမယ့် သဘောမျိုးပေါ့လေ။ ဒီ ကန့်ဘလူမှာကတော့ လူ ၁၀၀ လောက် လိုတယ်ပေါ့။ လိုတဲ့ဟာကို သူတို့က မဲနှိုက်ခိုင်းတာတွေ ဘာတွေမရှိဘဲနဲ့ ဒီတိုင်း အကြောင်းမဲ့ ဝင်ဖမ်းတာမျိုးတွေ လုပ်နေတယ်။ အရေအတွက် ဘယ်လောက်ရပြီ ဘာညာကတော့ ကျနော်တို့ကလည်း သေချာတော့ မသိရသေးဘူးပေါ့။ ကန့်ဘလူမြို့ပေါ်တော့ လုပ်နေပြီ၊ မနေ့က စတယ်။အဓိက,ကတော့ စစ်မှုထမ်းဖို့ ဖမ်းတယ်ဆိုတဲ့ သဘောမျိုးနဲ့ ဖမ်းတာပေါ့လေ။ သူတို့က ညပိုင်းကို အကြောင်းမဲ့ ဝင်ပြီးတော့မှ ဖမ်းတဲ့ ပုံစံမျိုးပေါ့။”

ကျွန်းလှမြို့နယ် မြောက်ခြမ်းမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးနဲ့ ပျူစောထီးတွေက ရပ်ရွာဒေသခံတွေရဲ့ ဖုန်းတွေကိုသိမ်းထားတဲ့အတွက် ဒေသခံတွေကို ဆက်သွယ်လို့ မရသလို လုံခြုံရေးအခြေအနေ စိုးရိမ်မှုတွေကြောင့် ကန့်ဘလူနဲ့ကျွန်းလှ မြို့ပေါ်က ဒေသခံတွေကိုလည်း အဆက်အသွယ်ရနိုင်ဖို့ ခက်ခဲနေပါတယ်။

ဖေဖော်ဝါရီလမှာ ထုတ်ပြန်လိုက်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အသက် ၁၈ နှစ်နဲ့ အထက် လူငယ်အများစုက စစ်ကောင်စီ လက်လှမ်းမမီတဲ့ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေနဲ့ နိုင်ငံရပ်ခြားတွေကို ထွက်ခွာသွားကြတာကြောင့် စစ်မှုထမ်းအတွက် အသက် ၆၅ နှစ်အထိ ထပ်တိုးပြီး ခေါ်ယူတာ ဖမ်းဆီးလာတာဖြစ်နိုင်တယ်လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများ အဖွဲ့ (ကန့်ဘလူခရိုင်) က ပြောပါတယ်။

“ကျနော်ထင်တယ်။ မြို့ပေါ်မှာ ဒီလူငယ်လူရွယ်တွေက တဖြည်းဖြည်းနဲ့ နည်းလာတဲ့ခါကျတော့ သူတို့ကလည်း လွတ်ရာလွတ်ကြောင်း သွားကြတဲ့ခါကျတော့ ဒီမြို့ပေါ်မှာကျန်ခဲ့တာကလည်း လူကြီးပိုင်းလောက်ပဲ ကျန်ခဲ့တဲ့ခါကျတော့ သူတို့က သတ်မှတ်ချက်တွေကို ထပ်ပြီးတော့မှ ဖြေလျော့တဲ့ သဘောပေါ့လေ။ တကယ်တမ်းတော့ တရားမဲ့ လုပ်တာပါပဲ။ရှောင်လို့ရတဲ့လူတွေကတော့ ရတဲ့နည်းနဲ့ ရှောင်ကြတာတွေရှိတယ်။ တချို့ကျတော့လည်း သူတို့ကို ထောက်ခံတာတော့မဟုတ်ဘူး။ အသက်အရွယ်ကြီးတဲ့လူတွေကျတော့လည်း မြို့ပေါ်က အိုးမကွာအိမ်မကွာ နေချင်တဲ့ဆန္ဒတွေ ရှိကြ တာပေါ့။ အဲ့လိုလူမျိုးတွေလည်း အများကြီး ရှိသေးတာပေါ့။ ၃၅ ကနေ ၄၀ ကျော်လောက် ထိကတော့ ရှောင်ကြတာရှိတယ်။ အခုပြောတဲ့ ဒီ ၅၀ ကနေ ၆၅ ဝန်းကျင်ကတော့ သိပ်မရှောင်ကြသေးဘူးဗျ။”

စစ်မှုထမ်းအတွက် အမျိုးသားတွေကို ခေါ်ယူတာ၊ ဖမ်းဆီးတာတွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ စတဲ့ နိုင်ငံအနှံ့က စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာတွေမှာ ဒီလဆန်းပိုင်းကစနေတယ်လို့ ဒေသခံတွေပြောကြပါတယ်။

ကချင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရခိုင် စတဲ့ ပြည်နယ်အတာ်တော်များမှာ စစ်ကောင်စီတပ် တွေထိခိုက်ကျဆုံးမှု အများအပြားရှိသလို တပ်ရင်းအလိုက် လက်နက်ချမှုတွေကြောင့် စစ်ကောင်စီ ဘက်မှာ စစ်အင်အားလိုအပ်ချက်ကြီးမားနေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြ တာပါ။ ဒါကြောင့်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အလျင်စလို ပြဌာန်းပြီး စစ်သည်အင်အား စုဆောင်း လာပါတယ်။ လက်ရှိမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရအပတ်စဉ် ၃ အထိ သင်တန်းဆင်းထားပြီး ဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းသူတွေကို တိုက်ပွဲဖြစ်ရာနေရာတွေကို မလွှတ်ပါဘူးလို့ စစ်ကောင်စီပြောခွင့်ရသူက ပြောခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းထုတ်ပြန်ချက်တွေမှာတော့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဖမ်းဆီးရမိသူတွေ၊ ထိခိုက်သေဆုံးသူတွေထဲ စစ်မှုထမ်းသစ်တွေ ပါဝင်တယ်လို့ ဆိုနေပါတယ်။ နိုင်ငံတွင်းမှာလည်း စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် လူငယ်အတော်များများက ရရာနည်းနဲ့ ပြည်ပထွက်ဖို့ ကြိုးစား လာသလို လူငယ်တွေ ပြည်ပထွက်ခွာမှုကိုလည်း စစ်ကောင်စီဘက်ကကန့်သတ်ချက်အမျိုးမျိုး ဆောင်ရွက်နေတာ တွေ့ရပါတယ်။