နိုင်ငံပိုင်သတင်းစာ အရှုံးပေါ်မှု ငွေလဲနှုန်းနဲ့ အဓိပ္ပါယ်ဖွင့်ချက်လွဲမှုသာဖြစ်ဟု ဒုပြန်ဝန်ဆို

ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း

နိုင်ငံတော် စရိတ်နဲ့ထုတ်ဝေတဲ့ အစိုးရပိုင် သတင်းစာတွေ တစောင်ကို ၆၅ ကျပ် အရှုံးပေါ်နေတဲ့အကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြည်ထောင်စု လွှတ်တော်ကို ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းဟာ ငွေလဲနှုန်းအရနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် လွှဲမှားတာသာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ပြန်လည် ငြင်းဆိုပါတယ်။ အစိုးရပိုင် သတင်းစာတွေဟာ ငွေကြေးထက် သတင်းစာရရေးကို ဦးစားပေးနေရတဲ့အကြောင်းနဲ့ ၃၂ မျက်နှာပါ သတင်းစာရဲ့အရင်းဟာ ၁၁၅ ကျပ်ဖြစ်ပေမဲ့ ၅၀ ကျပ်နဲ့ အရှုံးခံရောင်းနေရတဲ့အကြောင်း စက်တင်ဘာလ ၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်အစည်း အဝေးမှာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောဆိုခဲ့တာကို ပြည်တွင်း ထုတ်ဝေတဲ့ ဂျာနယ်တွေမှာ ရေးသားပါတယ်။ ဒီကနေ့ နေပြည်တော်မှာ VOA မြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဦးသိန်းထိုက်ဦးနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြန်ဒုကြားရေး ဝန်ကြီး ဦးအောင်လှထွန်းကို ဒီကိစ္စနဲ့ ပတ်သက်လို့ VOA က မေးမြန်းခဲ့ပါတယ်။

ဗွီအိုအေ။ ။ လက်ရှိပြန်ကြားရေးဌာနမှာ အကြီးအကဲတွေက သတင်းလောကမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့လူတွေ၊ သတင်းဌာနတွေမှာ လုပ်ကိုင်သွားတဲ့လူတွေပါ။ ဒီနေ့သတင်းစာထဲမှာ- မနေ့က တွေ့ရတဲ့ သတင်းတခုပေါ့လေ။ ကျနော်တို့ မြန်မာသတင်းစာတစောင်ကို ၆၅ ကျပ် အရှုံးခံပြီးတော့ ရောင်းနေရဆဲပဲ ဆိုတဲ့ ဟာလေး တွေ့ပါတယ်ခင်ဗျ။ အဲဒါ ဘယ်လို အခက်အခဲတွေကြောင့်ဆိုတာ… အဲဒါလေး..

ပြန်ကြားရေး ဒုဝန်ကြီး။ ။ အဲဒါက interpretation လွဲတယ်ထင်ပါတယ်။ ကျနော်တို့က ၆၅ ကျပ် မရှုံးပါဘူး။ အဲဒါက ဒီနှစ်အတွက်ရှိတဲ့ပေါက်ဈေးနဲ့တွက်လိုက်တာပါ။ ဒီနှစ်အတွက် currency exchange rate တွေက အဝှာဖြစ်နေတယ်။ အဲဒါအပေါ် အခြေခံပြီးတွက်လိုက်တာပါ။ ကျနော်တို့ကိုယ့်ဟာနဲ့ကိုယ် လုံလောက်ပါတယ်။ ကိုယ့်ဟာနဲ့ကိုယ် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျနော်တို့ ဗဟိုအစိုးရရဲ့ရန်ပုံငွေကနေ ယူမသုံးပါဘူး။ other account လို့ခေါ်တဲ့ ကျနော်တို့ရဲ့ account ပေါ့- အဲဒီထဲကဟာနဲ့ပဲ run- operate လုပ်နေတာပါ။ တွက်ချက်တဲ့ system အပေါ်မှာ မူတည်သွားတာပါ။ အဲဒီဟာကိုတွက်တုန်းက …exchange rate အပေါ်မှာ အခြေခံပြီးတော့ တွက်ထားတဲ့ဟာပါ။ ကျနော်တို့က ဈေးနှုန်းကို လုံးဝ အမြတ်ရအောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် အဲဒါကိုကျတော့ ကျနော်တို့လည်း ထိန်းချုပ်ထားပါတယ်။ ကျနော်တို့ရဲ့အဓိကတာဝန်က ပြည်သူကို ..အစိုးရနဲ့ပြည်သူကြားမှာ bridge လိုပေါ့လေ၊ information ပေးဖို့ များများပေးဖို့လိုတယ်။ ဈေးနှုန်းကိုတက်လိုက်ရင် commercial တွေတော့ မြတ်လာမယ်။ ဒါပေမယ့် ဝယ်နိုင်တဲ့သူတွေ နည်းလာမယ်၊ အားနည်းသွားမယ်။

ဗွီအိုအေ။ ။ အဲဒီတော့ ရှုံးတယ်ဆိုတာ မဟုတ်ဘူးပေါ့။

ပြန်ကြားရေး ဒုဝန်ကြီး။ ။ ရှုံးတယ်ဆိုတာ မဟုတ်ပါဘူးခင်ဗျ။ …. အဲဒါ interpret လုပ်တာ မှားတာပါ။

ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းဖြစ်ပါတယ်ရှင်။

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲခံခဲ့ရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ်တွေ ချမှတ်ခံရတာအပါအဝင် မြန်မာနိုင်ငံရဲ့ သတင်းလွှတ်လပ်ခွင့် အခြေအနေ၊ ပြည်ထောင်စု ဒုဝန်ကြီး ဦးအောင်လှထွန်းနဲ့ VOA သီးသန့် တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံကို အပတ်စဉ် တီဗွီမဂ္ဂဇင်း အစီအစဉ်နဲ့ ဒီမိုကရေစီ ဆွေးနွေးခန်း ရေဒီယို အစီအစဉ်တွေမှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။

Your browser doesn’t support HTML5

နိုင်ငံပိုင်သတင်းစာ အရှုံးပေါ်မှု ငွေလဲနှုန်းနဲ့ အဓိပ္ပါယ်ဖွင့်ချက်လွဲမှုသာဖြစ်ဟု ဒုပြန်ဝန်ဆို



Your browser doesn’t support HTML5

နိုင်ငံပိုင်သတင်းစာအရှုံးပေါ်မှု ပြန်ကြားရေးဒုဝန်ကြီး ငြင်းဆို