အပစ်ရပ်ရေးသဘောတူညီချက်ကို စစ်ကောင်စီ ချိုးဖောက်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ပြော

TNLA တအာင်း တပ်ဖွဲ့ဝင်များ (Photo: PSLF/TNLA Info)

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲရေးကိုတရုတ်နိုင်ငံက ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကြားဝင် စေ့စပ်ပေးထားတဲ့ ယာယီသဘောတူညီချက်ကို စစ်ကောင်စီဘက်က အကြိမ်ကြိမ် ချိုးဖေါက် နေတဲ့အကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ခေါ် တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။

မြန်မာနိုင်ငံ အနောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ မြောက်ပိုင်းမှာလည်း စစ်ကောင်စီဘက်က အပစ်အခတ်ရပ်စဲရေးကို ချိုးဖေါက်ပြီး တိုက်ခိုက်တာတွေ ပြန်လုပ်လာတယ်လို့ AA အာရက္ခတပ်တော်၊ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ TNLA တအာင်း တပ်ဖွဲ့တို့ ဖွဲ့စည်းထားတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ပြောဆိုတာပါ။

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်နိုင်ငံရဲ့ကြားဝင်ပေးမှုနဲ့ ဆွေးနွေးနေစဥ်။ ( ဒီဇင်ဘာ ၁၂၊ ၂၀၂၃/ Source: Myanmar Golden Phoenix Chinese Newspaper)

ဗုဒ္ဓဟူးနေ့က TNLA တအာင်း တပ်ဖွဲ့ထိန်းချုပ်တဲ့ မိုးကုတ်မြို့နယ်အနီးကို စစ်ကောင်စီဘက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တဉီးသေဆုံးခဲ့ပြီး ၁၀ နှစ်အရွယ်ကလေးငယ် တယောက်အပါအဝင် လူ ၃ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA အဖွဲ့က ပြောပါတယ်။

အင်္ဂါနေ့ကလည်း တအောင်းတပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသမှာ စစ်ကောင်စီတပ်က အဝေးထိန်း ဒရုံးယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် TNLA အဖွဲ့ဝင် တဉီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီဘက်က TNLA တအောင်းတပ်ဖွဲ့ဆီ ပေးပို့တဲ့ ကုန်စည်တွေကို ဖြတ်တောက်တာ၊ အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပိုတိုးလာခဲ့တဲ့အကြောင်း တအာင်းတပ်ဖွဲ့က ပြောတာပါ။ TNLA ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံပြန်ဖြေရှင်းချက် လတ်တလော ထွက်လာတာတော့ မရှိသေးပါဘူး။

Your browser doesn’t support HTML5

အပစ်ရပ်ရေးသဘောတူညီချက်ကို စစ်ကောင်စီ ချိုးဖောက်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ပြော