အမေရိကန်အစိုးရ ယာယီရှေ့နေချုပ် အစားထိုး ခန့်အပ်

အစားထိုး ခန့်အပ်ခံရတဲ့ ယာယီရှေ့နေချုပ်

အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သမ္မတအမိန့်ကို မထောက်ခံတဲ့ ယာယီရှေ့နေချုပ် Sally Yates ကို ရာထူးက ဖယ်ရှားလိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ တရားရေးဌာန ဝန်ထမ်းတွေအနေနဲ့ သမ္မတရဲ့ တရားဝင်အမိန့်ကို တရားဥပဒေနဲ့ အကာအကွယ်ပြုကြဖို့ သူ့နေရာမှာ အစားထိုးခန့်အပ်တဲ့ ယာယီရှေ့နေချုပ်အသစ်က သူ့ဝန်ထမ်းတွေကို ညွှန်ကြားလိုက်ပါတယ်။

သမ္မတ Trump က Dana Boente ကို ယာယီရှေ့နေချုပ် အဖြစ် ခန့်အပ် လိုက်ပြီး ရှေ့နေချုပ်တဦး အထက်လွှတ်တော်က အတည်ပြု ရွေးလို့မပြီးမချင်း တာဝန်ထမ်းဆောင် သွားမှာ ဖြစ်ပါတယ်။ ရှေ့နေချုပ်နေရာအတွက် ပဏာမရွေးချယ်ခံထားရတဲ့ အထက်လွှတ်တော်အမတ် Jeff Sessions ကို ခန့်အပ်ဖို့ အထက်လွှတ်တော် တရားရေးကော်မတီက ဒီကနေ့ မဲပေးဆုံးဖြတ်ကြမှာပါ။

ဒီသီတင်းပတ်ကုန်ပိုင်းမှာတော့ သူ့ကို အထက်လွှတ်တော်တခုလုံးက အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ အခုရာထူးကဖယ်ရှားခံရတဲ့ Ms. Yates က သမ္မတဟောင်း Barack Obama ခန့်အပ်ခဲ့သူဖြစ်ပြီး သူက သမ္မတ Trump ထုတ်ပြန်တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအမိန့် ဟာ ဥပဒေနဲ့ ညီညွတ်တယ်လို့ မယူဆကြောင်း ပြောပြီးတော့ သူ့တရားရေးဌာနမှာ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာပါ။

အိမ်ဖြူတော်က Ms. Yates ကို ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ ကြေညာချက်ထုတ်ပြန်ပြီး သူဟာ အမေရိကန်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လုပ်ထားတဲ့ သမ္မတရဲ့ တရားဝင်အမိန့်အတိုင်း ဆောင်ရွတ်ဖို့ ငြင်းဆိုပြီး တရားရေးဌာနကို သစ္စာဖောက်ခဲ့တယ်လို့ ပြောထားပါတယ်။

အရင်တပတ်မှာ လက်မှတ်ထိုးထုတ်ပြန်ခဲ့တဲ့ သမ္မတရဲ့ အမိန့်အရ ရွှေ့ပြောင်း အခြေချတဲ့ ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့် ရက်ပေါင်း ၁၂၀ ပိတ်ထားပြီး Syria က လာတဲ့ ဒုက္ခသည်တွေကိုတော့ ရက်အကန့်သတ်မရှိ ပိတ်ထားတာပါ။ Iraq, Iran, Libya, Syria, Sudan, Yemen နဲ့ Somalia နိုင်ငံသားတွေကိုလည်း အမေရိကန်ပြည်ဝင်ခွင့်ကို ၃ လ ပိတ်ထား ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်အစိုးရ ယာယီရှေ့နေချုပ် အစားထိုး ခန့်အပ်