ဦးကိုနီ လုပ်ကြံမှု အမှုမှန်ပေါ်ပေါက်ရေး နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း

ဦးကိုနီနဲ့ ကိုနေဝင်းတို့ ကွယ်လွန်သွားတာ ၂ နှစ်ပြည့်အထိမ်းအမှတ်

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ ကွယ်လွန်သွားတာဟာ မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှု ဖြစ်ပြီး အမှန်တရားပေါ်ပေါက်အောင်ကြိုးပမ်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဦးကိုနီနဲ့ ကိုနေဝင်းတို့ ကွယ်လွန်သွားတာ နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာထဲမှာ အဲဒီလို တိုက်တွန်းထားတာပါ။ ဒီကနေ့ အခမ်းအနားကို ကိုယ်တိုင်သွားပြီး သတင်းယူ ခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ ထားပါတယ်။

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လူမြင်ကွင်းမှာ လုပ်ကြံသတ်ဖြတ်ခံရပြီး ကွယ်လွန်သွားတဲ့ ၂ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ကျင်းပပြုလုပ်တာပါ။

အခမ်းအနားကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ပြီး သဝဏ်လွှာမှာတော့ ဦးကိုနီနဲ့ ကိုနေဝင်းကွယ်လွန်တာဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး အမှန်တရား ပေါ်ပေါက်ဖို့ သက်ဆိုင်သူတွေ ကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

"ဆရာဦးကိုနီနှင့်အမှန်တရားနှင့်တရားမျှတမှုအတွက် အသက်ပေး၍ နမူနာပြ ဆောက်ရွက်ခဲ့သည့် ကိုနေဝင်းတို့ကို ဆုံးရှုံးရခြင်းမှာ မြန်မာနိုင်ငံအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ပါသည်။ ၎င်းတို့ ကျဆုံး ခဲ့သည်မှာ ယနေ့ဆိုရင် ၂ နှစ်တိုင်ခဲ့သော်လည်း ကျွန်မနှင့်အားလုံးက ၎င်းတို့၏ မိသားစုများနဲ့ထပ်တူ သတိရအောက်မေ့လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ခိုင်မာစွာ တည်ဆောက်ရာ၌ စိန်ခေါ်မှုတွေကို ဝိုင်းဝန်းကြိုးစားဖြေရှင်းရင်း အသက်စွန့်သွားခဲ့သည့် ဆရာဦးကိုနီနှင့် ကိုနေဝင်းတို့အတွက် အမှန်တရားအမြန်ဆုံး ပေါ်ထွက်လာဖို့အရေး သက်ဆိုင်သူများ အားလုံးမှ ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းပါသည်။"

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပေးပို့တဲ့ သဝဏ်လွှာကို ဒေါက်တာ နှင်းအေးကိုက ဖတ်ကြားသွားတာပါ။

ဒီကနေ့ပွဲကိုတော့ ဘာသာပေါင်းစုံက သံဃာနဲ့ လူပုဂ္ဂိုလ်တွေအပါအဝင် နိုင်ငံတကာသံအမတ်တွေပါ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီရယ်က ဦးကိုနီကြိုးစားခဲ့သလို မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ကြိုးစားပေးဖို့ မျှော်လင့်နေပါတယ်။

"ဦးကိုနီဟာနှိမ်ချခွဲခြားမှု ပပျောက်ရေးနဲ့ တရားမျှတရေးအတွက် ဘဝတလျှောက်လုံး ကြိုးစား လုပ်ကိုင်လာတဲ့သူဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် မြန်မာနိုင်ငံမှာ ၃ နှစ်ကြာ နေခဲ့တဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ဦးကိုနီကြိုးစား လုပ်ဆောင်ခဲ့တဲ့ တရားမျှတမှုလမ်းစဉ်တွေအတိုင်း မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဆက်ပြီးကြိုးစား လုပ်ဆောင်သွားကြမယ်လို့ ယုံကြည်ပါတယ်။"

ဦးကိုနီဟာ နိုင်ငံတော်အတိုင်ပင်ခံရာထူးကို ဖော်ဆောင်ခဲ့တဲ့သူလို့ NLD ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်ဖြစ်တဦးသူ ဦးဝင်းထိန်ရဲ့ သံသရာတကွေ့စာအုပ်မှာ ရေးသားထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားခဲ့တဲ့အတွက် အခုလို လုပ်ကြံသတ်ဖြတ်ခံရတာလို့ ယူဆသူတွေလည်းရှိပါတယ်။

ဦးကိုနီနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေး အတွင်းရေးမှူး စာရေးဆရာ မုံရွာအောင်ရှင်က အခုလို မှတ်ချက်ပြုပါတယ်။

"ဆရာဦးကိုနီဟာ NLD ကလုပ်တဲ့ ပြည်သူလူထုကမကြိုက်တဲ့ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစိုက်မတ်မတ် ဆန့်ကျင်ပြီးတော့ ၂၀၀၈ အခြေခံ ဥပဒေနဲ့ဆိုင်တဲ့ ပြင်ဆင်ရေးမူတွေကို NLD အတွက် အကျိုးပြုခဲ့တဲ့ ခေါင်းဆောင် တယောက် ဖြစ်ပါတယ်။"

ဒီကနေ့ပွဲမှာ ဦးကိုနီနဲ့ ကိုနေဝင်းတို့ရဲ့ မိသားစုတွေ အစုံအလင် တက်ရောက်ခဲ့ကြခဲ့ပါတယ်။ ဦးကိုနီကို လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရသူတွေရဲ့အမှုကိုတော့ အခု လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နှစ်ဖက်ရှေ့နေ့တွေ လျှောက်လဲချက်ပေးကြတော့မှာဖြစ်ပါတယ်။ အမှုမှာ ပူးပေါင်း ကြံစည်သူလို့သတ်မှတ်ပြီး တရားခံပြေးအဖြစ် ကြေညာခံထားရသူ အောင်ဝင်းခိုင်ကိုတော့ အခု နှစ်နှစ်ပြည့်တဲ့အချိန်ထိ ဖမ်းဆီး ရမိခြင်းမရှိသေးပါဘူး။

Your browser doesn’t support HTML5

ဦးကိုနီ လုပ်ကြံမှု အမှုမှန်ပေါ်ပေါက်ရေး နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း