ကမ္ဘာတဝှမ်း ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလအတွင်းရေးမှူးချုပ် နှစ်သစ်တိုက်တွန်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

၂၀၁၈ ခုနှစ် ကုန်ဆုံးလို့ ၂၀၁၉ ခုနှစ်ကို ကူးပြောင်းတော့မယ့် အခါသမယမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ကမ္ဘာသူ ကမ္ဘာသား အားလုံးအတွက် နှစ်သစ်ကူး နှုတ်ခွန်း ဆက်သလိုက်ပါတယ်။

“လေးစားအပ်ပါသော ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့ခင်ဗျား၊ နှစ်သစ်မှာ ကျန်းမာ ငြိမ်းချမ်းပြီး ချမ်းသာ ကြွယ်ဝမှုအပေါင်းနဲ့ ခညောင်းနိုင်ကြပါစေလို့ ကျနော် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ မနှစ် နှစ်သစ်ကူး အချိန်တုန်းက ကျနော် ပြောခဲ့တဲ့ အရေးပေါ် သတိပေးချက်ဟာ ကနေ့အချိန်ထိ တည်ရှိနေတုန်း ဖြစ်ပါတယ်။ အခုချိန်ခါဟာ လူအများအပြားအတွက် စိုးရိမ် ပူပန်မှုတွေနဲ့ ပြည့်နေတဲ့ အချိန်ဖြစ်သလို ကျွနု်ပ်တို့ ကမ္ဘာကြီးဟာလည်း ခံနိုင်ရည် ရှိမရှိဆိုတာကို စမ်းသပ်ခံနေရတဲ့အချိန် ဖြစ်ပါတယ်” - လို့ အတွင်းရေးမှူးချုပ်က အစချီပြီး ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပထဝီ နိုင်ငံရေး အနေအထားအရ ကွဲပြားမှုတွေဟာလည်း ပိုပြီး နက်ရှိုင်း လာတာကြောင့် ပဋိပက္ခတွေကို ဖြေရှင်းဖို့ ပိုပြီး ခက်ခဲလာနေတဲ့ အကြောင်း၊ လူတွေဟာလည်း လုံခြုံစိတ်ချမှုနဲ့ အကာကွယ် ရနိုင်ဖို့အတွက် မကြုံဘူးတဲ့ အရေ အတွက်နဲ့ နေရပ် စွန့်ခွာ ထွက်ပြေး နေကြရကြောင်း၊ ဆင်းရဲ ချမ်းသာ မတူညီမှု ပိုကြီးထွား လာနေတာကြောင့် လူတချို့ကဘဲ ချမ်းသာ ကြွယ်ဝနေတဲ့ကိစ္စ အပေါ် လူတွေက မေးခွန်းထုတ်နေကြကြောင်း၊ သည်းညဉ်းမခံနိုင်တဲ့ စိတ်ဓါတ်တွေ ပိုများ လာသလို ယုံကြည်မှုဟာလည်း ကျဆင်းလာနေကြောင်း၊ ဥတု ရာသီ ပြောင်းလဲမှု ဟာလည်း အလျင်မြန်ဆုံး နည်းနဲ့ ဖြစ်ပေါ်နေတာကြောင့် အဲဒါကို ကုစားနိုင်ဖို့ အားလုံးက ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း အတွင်းရေးမှူးချုပ်က သူ့ရဲ့ နှစ်သစ်ကူး သဝဏ်လွှာထဲမှာ ထည့်သွင်း ပြောဆို ထားပါတယ်။

ကမ္ဘာတဝှမ်း ဖြစ်ပျက်နေတဲ့ စစ်မက်၊ ပဋိပက္ခတွေ အကြောင်းနဲ့ အဲဒီပြဿနာတွေ ပြေလည်ရေး အတွက် ကုလသမဂ္ဂ ဦးဆောင် လုပ်ကိုင်နေတဲ့ အကြောင်းတွေကို ထည့်သွင်း ပြောကြားထားတဲ့ အပြင် ကောင်းတဲ့ဘက်မှာ ဆိုရင်လည်း - ကုလသမဂ္ဂရဲ့ ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးရေး စီမံကိန်းကို အကောင်အထည် ဖော်နိုင်ရေးအတွက် အများစုက အားသွန် ခွန်စိုက် ကျိုးစား နေကြပြီဖြစ်ကြောင်း၊ နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုရှိလာရင် ကမ္ဘာကြီးဟာ အောင်ပွဲခံနိုင်မှာ ဖြစ်ကြောင်း ပြောကြားလိုက်ပြီး ၂၀၁၉ ခုနှစ် နှစ်သစ်မှာ ကုလသမဂ္ဂအနေနဲ့ ပဋိပက္ခတွေကို ဦးဆောင် ဖြေရှင်းသွားမှာ ဖြစ်ကြောင်း ကတိပြု ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာတဝှမ်း ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလအတွင်းရေးမှူး နှစ်သစ်တိုက်တွန်း