လူထုဆန္ဒပြပွဲတွေအတွင်း အမေရိကန်စစ်တပ်ရဲ့ အခန်းကဏ္ဍအပေါ် ဆန်းစစ်ချက်

လူမည်းအမျိုးသား George Floyd သေဆုံးမှုအပေါ် ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ်အတွင်း အမေရိကန် သမ္မတအိမ်ဖြူတော်အနီး လုံခြုံရေးယူနေသည့် တပ်ဖွဲ့ဝင်များ။ (ဇွန် ၄၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်မှာ ပြီးခဲ့တဲ့လက လူမည်းအမျိုးသား Geroge Floyd ရဲကဖမ်းဆီးထားစဉ် သေဆုံးသွားပြီးတဲ့နောက် နိုင်ငံတဝန်း လူထုမငြိမ်သက်မှုတွေ ဖြစ်လာနေချိန်မှာပဲ အမေရိကန်စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဆန်းစစ်ဝေဖန်မှုတွေ ဖြစ်လာနေပါတယ်။ အမေရိကန်စစ်တပ်ဟာ ပြည်သူတွေကို ကိုယ်စားပြုပြီး အကောင်းဆုံး ကာကွယ်နိုင်ဖို့အတွက် နှစ်ပေါင်းများစွာ နိုင်ငံရေးမှာ မပါဝင်ဘဲ နေလာခဲ့တဲ့ အစဉ်အလာရဲ့ အရေးပါမှုနဲ့ပတ်သက်ပြီး ဗွီအိုအေ ပင်တဂွန်သတင်းထောက် Carla Babb သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

အမေရိကန် သမ္မတအိမ်ဖြူတော်ရှေ့က Lafeyette ပန်းခြံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို ဗဟိုအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး နှိမ်နင်းခဲ့တာကြောင့် အရပ်ဘက်ရေးရာမှာ အမေရိကန်စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အချေအတင် ဆွေးနွေးမှု ဖြစ်လာနေပါတယ်။

SEE ALSO: ကန်စစ်တပ်ကို နိုင်ငံရေးအရ အသုံးချမှု ကာကွယ်ရေးတာဝန်ရှိသူတွေ သဘောမတူ

ပြည်တွင်းနိုင်ငံရေးမှာ မပါဝင်ဘူးဆိုတဲ့ အမေရိကန်စစ်တပ်ရဲ့ စံတန်ဖိုးက အမေရိကန်စစ်တပ်ရဲ့ အကြီးမားဆုံး အရည်အချင်း ဖြစ်တယ်လို့ Pennsylvania တက္ကသိုလ် Carey ဥပဒေဌာန အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး Joseph Votel က ပြောပါတယ်။

“နိုင်ငံရေးမှာ ဝင်မပါတဲ့ စစ်တပ်က တိုင်းပြည်ကို အကောင်းဆုံး တာဝန်ထမ်းဆောင်တာပါ။ ဒါက နိုင်ငံကို စတည်ထောင်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ရည်မှန်းခဲ့တဲ့ လမ်းစဉ်ဖြစ်ပြီး ဒါကြောင့်လည်း အမေရိကန်စစ်တပ်ဟာ တိုင်းပြည်မှာ လေးစားမှုအခံရဆုံး အဖွဲ့အစည်းအဖြစ် ဆက်ပြီး ရပ်တည်နေတာ ဖြစ်ပါတယ်။”

တိုင်းပြည်မှာ အခြေအနေတွေ အလွန်ဆိုးတဲ့အချိန်ရောက်မှ လုပ်ရမယ့် တပ်တွေချတဲ့ကိစ္စကို သမ္မတ Trump က နိုင်ငံတဝန်းမှာ လုပ်သွားမယ်လို့ ခြိမ်းခြောက်လိုက်တာကြောင့် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး Mike Mullen အပါအဝင် အငြိမ်းစားယူသွားတဲ့ အမေရိကန်စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် အများအပြားကလည်း ဝေဖန် ပြောဆိုကြပါတယ်။

ဆန္ဒပြပွဲတွေအတွင်း အိမ်ဖြူတော်နားက ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper နဲ့ စစ်တပ် ထိပ်တန်းတာဝန်ရှိသူတွေဟာ နောက်တနေ့မှာတော့ သမ္မတ Trump နဲ့အတူ Lafeyette ပန်းခြံကိုဖြတ်ပြီး အဲဒီဘုရားကျောင်းရှေ့မှာ သွားပြီးတော့ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ ကာကွယ်ရေးဝန်ကြီး Esper ရော ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ Mark Milley ရော သမ္မတ ဘာလုပ်မယ်ဆိုတာကို မသိခဲ့ဘဲ အဲဒီပန်းခြံမှာ နေရာယူထားတဲ့ အမျိုးသားအရန်တပ်ဖွဲ့တွေကို ကျေးဇူးတင်ကြောင်း ပြောဖို့ပဲ သဘောတူခဲ့တာ ဖြစ်တယ်လို့ ပင်တဂွန်တာဝန်ရှိသူတွေက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး Mark Esper ကတော့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး စစ်မြေပြင်မှာ အသာစီးယူသလိုမျိုး ယူဖို့လိုအပ်တယ်လို့ ပြောခဲ့တဲ့အပေါ်မှာ နောင်တရမိကြောင်း ပြောလိုက်သလို ဗိုလ်ချုပ်ကြီး Milley ကလည်း သမ္မတနဲ့ အတူ Lafeyette ပန်းခြံကို လိုက်သွားဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သင်ခန်းစာရတယ်လို့ ပြောလိုက်ပါတယ်။

“ကျနော် အဲဒီကို မသွားခဲ့သင့်ပါဘူး။ အဲဒီအချိန် အဲဒီအခြေအနေမှာ ကျနော်ရှိနေတဲ့အတွက် ပြည်တွင်းနိုင်ငံရေးမှာ စစ်တပ် ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အမြင်တွေကို ဖြစ်စေခဲ့ပါတယ်။”

SEE ALSO: အမေရိကန်က တရားမျှတမှုရရှိရေး ဆန္ဒပြရာက ထွက်ပေါ်လာတဲ့ အပြောင်းအလဲတွေအပေါ် သုံးသပ်ချက်

အမေရိကန်စစ်တပ် နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်း မရှိတာက အစဉ်အလာတခုအဖြစ်သာ မဟုတ်ဘဲ စစ်တပ်မှာ စစ်သားတိုင်းလုပ်ရတဲ့ ကျမ်းသစ္စာဆိုရတဲ့ သစ္စာအဓိဋ္ဌာန် ဖြစ်ပါတယ်။ အမေရိကန်တပ်တွေ အနေနဲ့ ဘယ်သမ္မတကိုမှ ကာကွယ် ထောက်ခံဖို့ ကျမ်းသစ္စာကျိန်ဆိုခဲ့တာ မဟုတ်ဘဲ ဖွဲ့စည်းပုံကို ကာကွယ်ဖို့အတွက် ကျမ်းသစ္စာကျိန်ဆိုတာ ဖြစ်တယ်လို့ ဒီမိုကရေစီ ကာကွယ်စောင့်ရှောက်ရေး ဖောင်းဒေးရှင်းက Bradley Bowman က ပြောပါတယ်။ သမ္မတ Trump ဟာ ဒီအချက်ကို မကြာခဏဆိုသလို လျစ်လျူရှုတာ ဒါမှမဟုတ် မေ့နေတတ်ပြီး ဒီအပေါ်မှာ စိုးရိမ်မိတယ်လို့ ကာကွယ်ရေးဝန်ကြီးဟောင်း William Cohen အပါအဝင် အစိုးရ ထိပ်တန်းတာဝန်ရှိသူဟောင်းတွေက ပြောပါတယ်။

“သမ္မတဟာ အစိုးရနဲ့ ပတ်သက်ပြီးတော့ ငါပိုင်တယ်ဆိုတဲ့ သဘောမျိုးတွေ အမှန်တကယ် ဖြစ်လာနေပါတယ်။ ဒါက ငါ့ရဲ့စစ်တပ်၊ ငါ့ဗိုလ်ချုပ်၊ ငါ့တရားသူကြီး ဆိုပြီး ငါပိုင်တယ်ဆိုတာမျိုး ဖြစ်လာနေပါတယ်။”

အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ၅ လလောက်ပဲ လိုတော့တဲ့အချိန်မှာ ပြည်တွင်းကိစ္စရပ်တွေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အခုလို အချေအတင် ဆွေးနွေးမှုတွေ နောက်ထပ် ပေါ်ပေါက်လာမှာကိုလည်း တချို့တွေက စိုးရိမ်နေကြပါတယ်။ သမ္မတက သူ့ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေအတွက် စစ်တပ်ကို အသုံးချဖို့ ကြိုးစားလာနိုင်တာကြောင့် အမေရိကန်စစ်တပ်ဟာ ကြီးမားတဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ရှိတယ်လို့ အမိမြေလုံခြုံရေး ဝန်ကြီးဟောင်း Jeh Johnson ကလည်း ပြောပါတယ်။

Your browser doesn’t support HTML5

လူထုဆန္ဒပြပွဲတွေအတွင်း အမေရိကန်စစ်တပ်ရဲ့ အခန်းကဏ္ဍအပေါ် ဆန်းစစ်ချက်

-----------------------------

Your browser doesn’t support HTML5

ဆန္ဒပြပွဲတွေကြား အမေရိကန် စစ်တပ်ရပ်တည်ချက် ဆန်းစစ်ဝေဖန်ခံနေရ

(Unicode)






SEE ALSO: George Floyd သေဆုံးမှု ဆန္ဒပြပွဲတွေကနေ နောက်ဆက်တွဲ ရိုက်ခတ်မှုများ







SEE ALSO: လူထုလှုပ်ရှားမှုဂယက်နှင့် Donald Trump မဲဆွယ်ခရီး
