ကိုဗစ်ကာကွယ်ဆေး ၂၃ သန်းခွဲ အမေရိကန် ထိုင်ဝမ်ကိုပို့ပေး

ထိုင်ဝမ်လေဆိပ်ကို ရောက်ရှိလာတဲ့ Moderna ကိုဗစ်ကာကွယ်ဆေး။ (ဇွန် ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာရဲ့ ဒီကနေ့ မနက်ပိုင်းအထိ စာရင်းတွေအရ တကမ္ဘာလုံး အတိုင်းအတာနဲ့ COVID-19 ကူးစက်သူ ၁၇၈ သန်းကျော်နဲ့ သေဆုံးသူ ၄ သန်းရှိပြီ ဖြစ်ပါတယ်။ တကမ္ဘာလုံး ကာကွယ်ဆေးထိုးပြီးသူ အရေအတွက်က ၂ ဘီလီယံကျော် ရှိပါတယ်။

အစောပိုင်းတုန်းက အမေရိကန်က ထိုင်ဝမ်ကို ကာကွယ်ဆေး ၇ သိန်းခွဲ ပေးပို့မယ်လို့ ကတိပေးထားတာကို အခု ကာကွယ်ဆေး ၂၃.၅ သန်းထိ တိုးပြီးပို့မယ်လို့ ပြောပါတယ်။ အခုလို ကာကွယ်ဆေးတွေ တိုးပြီးပေးတာဟာ အမေရိကန်နဲ့ ထိုင်ဝမ်ကြား တိုးတက်တဲ့ ဆက်ဆံရေးကို ဖော်ညွှန်းတယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က ပြောပါတယ်။ အမေရိကန်အနေနဲ့ ကမ္ဘာတဝန်း COVID-19 ကာကွယ်ဆေး သန်း ၈၀ ထိ ပေးပို့လှူဒါန်းဖို့ စီစဉ်နေတယ်လို့လည်း သမ္မတ Joe Biden က ပြောပါတယ်။

SEE ALSO: ကိုဗစ်ကာကွယ်ဆေး ၇ သိန်းခွဲ ထိုင်ဝမ်ကို အမေရိကန်လှူဒါန်း

ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပမယ့် အိုလံပစ် အားကစားပွဲစဉ်တွေ မတိုင်ခင် ရောက်လာတဲ့ ယူဂန်ဒါနိုင်ငံသား အားကစားသမား ၉ ဦးထဲက တဦးမှာ ကိုဗစ်ကူးစက်နေတာကို တွေ့ရတာကြောင့် သူ့ကို သီးခြားခွဲ စောင့်ကြည့်ထားတယ်လို့ AP သတင်းက ဖော်ပြပါတယ်။ ဒီအားကစားသမားတွေဟာ ဂျပန်နိုင်ငံမသွားခင် ကာကွယ်ဆေးထိုးပြီးသား ဖြစ်တယ်လို့လည်း သတင်းက ဖော်ပြတာပါ။

ကိုဗစ်ကူးစက်သူ သန်း ၃၀ နီးပါးရှိတဲ့ အိန္ဒိယမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ ၅၈,၀၀၀ ကျော် ရှိပါတယ်။ အမေရိကန်က ကူးစက်သူ ၃၃.၅ သန်းနဲ့ တကမ္ဘာလုံးမှာ ကူးစက်မှုအများဆုံး ဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံက အမေရိကန်ပြီးရင် COVID-19 ကြောင့် သေဆုံးမှု အများဆုံးဖြစ်ပြီး အခုထိ သေဆုံးသူ ၅ သိန်းကျော်ရှိတယ်လို့ ဘရာဇီးလ် ကျန်းမာရေးဌာနက စနေနေ့က ပြောပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်ကာကွယ်ဆေး ၂၃ သန်းခွဲ အမေရိကန် ထိုင်ဝမ်ကိုပို့ပေး

------------------------

(Unicode)




SEE ALSO: ထိုင်းပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်နေ

