ကန့်ဘလူမှာ စစ်ရှောင်ဒုက္ခသည်တချို့ အပူဒဏ်ကြောင့်သေဆုံး

ယခင်မှတ်တမ်းရုပ်ပုံ | လူပေါင်း ၁၇၀ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အပါအဝင် အနီးနားက ကျေးရွာက ဒေသခံတွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ပိုင်းမှာ မကြာသေးခင်ကစလို့ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံတွေ လုံခြုံရေး စိုးရိမ်ပြီးထွက်ပြေးနေကြရပါတယ်။ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ ထွက်ပြေးနေကြရတဲ့အထဲက အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုတချို့ သေဆုံးတာတွေလည်း ရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး အိသန့်စင်က ပြောပြပါမယ်။

ကန့်ဘလူမြို့နယ် တောင်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ပျုစောထီးတပ်တွေ ပူးပေါင်းပြီး နယ်မြေရှင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသီတင်းပတ်အစောပိုင်းကစ နယ်မြေရှင်းလင်းနေတဲ့ စစ်ဆင်ရေးတွေကြောင့် ဒေသတွင်းက ရွာပေါင်း ၂၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ကန့်ဘလူဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် ကိုဇော်က ပြောပါတယ်။
“စစ်ရှောင်ကတော့ တောင်ဖက်ခြမ်း တစ်ခြမ်းလုံးရှောင်ရတာဗျ။ သူတို့က တောင်ဖက်ခြမ်း တစ်ခြမ်းကို ဒီကန့်ဘလူ တောင်ဖက်ခြမ်း တစ်ခြမ်းကို ၄ ကြောင်းထိုးနေတာဗျ။ ခါတိုင်းထက်ပိုပြီးတော့ ၂၀ လောက် ရွာ ၂၀ လောက် ပိုလာတယ်ဗျ။ စစ်ကြောင်းက ၄ ကြောင်းမှာ ပျူ ၂ ကြောင်းနဲ့ စစ်ကြောင်း ခမရ ၃၆၁၊ ၃၆၈ နှစ်ကြောင်းနဲ့ ၄ ကြောင်း ထိုးနေတာဗျ၊ ခုလောလောဆယ်ကတော့ ကန့်ဘလူတောင်ဖက်ခြမ်းမှာဗျ။”

စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးတွေကြောင့် ရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ စစ်ရှောင်ကြရတာမှာ အပူချိန်ပြင်းတဲ့အချိန် အရိပ်နည်းတဲ့ နေရာတွေရဲ့ လွင်တီးခေါင်တွေမှာ နေကြရတာဖြစ်တဲ့အတွက် သက်ကြီးရွယ်အိုတွေက အပူဒဏ်ကိုမခံနိုင်ဘဲ သေဆုံးတာတွေရှိသလို နာမကျန်း ဖြစ်တာတွေလည်း ရှိတယ်လို့ ကိုဇော်က ခုလိုပြောပြပါတယ်။

“အပူအားက တအားကြီးတဲ့အချိန် အရိပ်မရှိတာနဲ့ ပြီးတော့ နေတဲ့ နေရာတွေက ရေအစပ်တွေကို မှီခိုနေရတာဆိုတော့ အရိပ်ကလေးတွေရှိတဲ့နေရာကိုမှီခိုနေရာဆိုတော့ အရိပ်ကလေးတွေ ရှိတဲ့ နေရာကလည်း ရေစပ်ကလေးတွေမှာပဲ ရှိတာဆိုတော့ ရေစပ်မှာ အပူအားက ပိုများသွားတယ်ပေါ့။ သူတို့ ခွန်အားနဲ့ မခံနိုင်လို့ နေမယ် ၂ ယောက် ၃ ယောက်ကတော့ ဆုံးရှုံးသွားရတာတွေရှိတယ်ဗျ။”

စစ်ကောင်စီတပ်က ထောက်ရှာအိုင် ကျေးရွာမှာ မေလ ၇ ရက်နေ့က ဒေသခံ ၁၅ ယောက်ကို ဖမ်းဆီးခဲ့ပြီး၊ နောက်ပိုင်းမှာ ၄ ယောက်ကို ပြန်လွတ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

“၁၁ ယောက်ကိုတော့ သူတို့ ရေမနေထိ ဖမ်းသွားတယ်။ အဲ့မှာ သူတို့ ဒီနေပူထဲမှာပဲ လက်ပြန်ကြိုးတုတ်ပြီးတော့ လှမ်းထားတယ်ဗျ။ ၄ ယောက်ပဲ ပြန်လွှတ်တယ်။ ၁၅ ယောက်ဖမ်းသွားတာ။ နောက်ထပ် သတင်းထပ်မရတော့ဘူးဗျ အဲ့ဒီလူတွေကို။”

ဆက်စပ်ဖတ်ရှုရန်

မြန်မာနိုင်ငံတဝှမ်း ထူးကဲအပူချိန်မြင့်တက်

မေလ ၇ ရက်နေ့က စစ်ကြောင်း ၄ ကြောင်းနဲ့ ဝင်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေဟာ ချင်မြစ်ကျင်း၊ သေတ္တာ၊ ညောင်ပေါင်ရင်း၊ ထောက်ရှာအိုင်၊ သရက်ခေါင်း၊ ပုဏ္ဏားငယ်ကွက်သစ် စတဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဒီစစ်ကြောင်းတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း နေ့စဉ်ထိတွေ့တိုက်ပွဲရှိနေကြတယ်လို့ ပြောပါတယ်။

ကန့်ဘလူနယ်ဟာ မြွေဆိုးအန္တရာယ်လည်း ပေါများတဲ့ ဒေသဖြစ်တာကြောင့် မြွေဆိပ်ဖြေဆေးတွေနဲ့ လက်ရှိအပူချိန်ကြောင့် နာမကျန်းဖြစ်ကြတဲ့ စစ်ရှောင်တွေအတွက် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေသလို စားနပ်ရိက္ခာနဲ့ နေထိုင်စရာအတွက် မိုးကာတွေလည်း လိုအပ်နေတယ်လို့ ကိုဇော်က ပြောပါတယ်။

“အရင်က ရှောင်နေကြသူတွေကတော့ တောထဲမှာ တဲလေးတွေ ဆောက်နေကြတယ်ဗျ။ အခု နောက်သစ်တွေကတော့ နီးရာလျှိုမြောင်လေးတွေထဲမှာ နေကြ၇တယ်ဗျ။ လက်ရှိလိုအပ်နေတာကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးပါဘဲဗျ။ မိုးကာတွေကတော့ ကျွန်တော်တို့ဒီ နေပူကာလရယ်လို့တော့ မဟုတ်ဘူးဗျ မိုးကာကတော့ လိုအပ်ပါတယ်ဗျ။ သူတို့မှာ နေပူထဲမှာ နေဖို့ထိုင်ဖို့ရာကလည်း၊ ပြီးတော့ ရိက္ခတို့ပေါ့ ဒါမျိုးဝယ်ခြမ်းဖို့ရာလည်း မလွယ်ဘူးဗျ။ ပိုက်ဆံရှိရင်တောင်မှ အဲ့တော့ ကျွန်တော်တို့က တောတောင်လေးတွေမှာတို့ အခု ပုန်းတဲ့ ကျင်းတွေထဲမှာတို့ ရွာထဲမှာ မနေရဲရင် အဲ့လို နေကြရတာများတယ်ဗျ။”

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့်လည်း ဒေသခံတွေ နေရပ်ပြန်ဖို့ စိုးရိမ်နေကြတာပါ။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်ကတနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ ဒီလဆန်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပြည်တွင်းဒုက္ခသည် အရေအတွက်ဟာ ၁ သန်း ၈ သိန်း ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Your browser doesn’t support HTML5

ကန့်ဘလူမှာ စစ်ရှောင်ဒုက္ခသည်တချို့ အပူဒဏ်ကြောင့်သေဆုံး