သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတဝှမ်း ထူးကဲအပူချိန်မြင့်တက်


မြန်မာအပါအဝင် အာရှနိုင်ငံတွေရဲ့ဒေသတချို့မှာ နေ့အပူချိန်တွေ အရင်နှစ်တွေထက် ပိုပြီးများလာတယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။ ပြင်းထန်တဲ့အပူရှိန်ကို မြန်မာနိုင်ငံဒေသတချို့မှာခံစားရပြီး အထူးသဖြင့် သက်ကြီးပိုင်းတွေမှာ အပူရှိန်ကြောင့် အသက်ဆုံးရှုံးရတာအထိရှိနေတယ်လို့ ပရဟိတအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဒေသတချို့မှာ နွေရာသီအပူလွန်ကဲတာ ပုံမှန်ဖြစ်လေ့ရှိတယ်ဆိုပေမဲ့ အခုနှစ်မှာတော့ ဖြစ်သင့်တဲ့ပျမ်းမျှအပူချိန်ထက် ပိုများနေကြောင်း မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ အထူးသဖြင့် အပူချိန်လျော့တယ်လို့ထင်ရတဲ့ ရှမ်းနဲ့ကယားပြည်နယ် ဒေသတချို့မှာ ပျမ်းမျှအပူချိန်တွေထက်ပိုလာကြောင်း သူကပြောပါတယ်။

"အရှေ့ပိုင်းမှာ ကယားပေါ့။ ကျနော်တို့က ကယားကိုအေးမယ်လို့ ယူဆကြတာပေါ့နော်၊ တကယ်တမ်းကျတော့ ကယားက လွိုင်ကော်တို့ကလွဲလို့ ကျန်တဲ့ ဘော်လခဲတို့ ဘာတို့က ၄၀ ကျော်တယ်။ မနေ့က တိုင်းတာချက်ကို ၄၄ (ဒီဂရီ စင်တီဂရိတ်) လောက်အထိရှိတယ်။ သို့သော် ဒီလိုများတာ နှစ်အလိုက်အပူချိန်... လွန်ခဲ့တဲ့နှစ်တွေထက် စံချိန်ကျိုးမလား မကျိုးလားကြည့်တယ်။ စံချိန်ကတော့ ကျိုးတဲ့အနေအထားတော့ မရှိဘူးပေါ့နော်။"

ဒေသတခုရဲ့ ပျမ်းမျှအပူချိန်ဆိုတာကတော့ တလလုံး တိုင်းတာရရှိတဲ့အပူချိန်ကို တွက်ချက်ပြီး ပျမ်းမျှယူထားတာ ဖြစ်ပါတယ်။ ဒီလိုပျမ်းမျှအပူချိန်နဲ့တွက်မယ်ဆိုရင်တော့ စံချိန်တင် ပူတယ်လို့မဆိုနိုင်ကြောင်း သူကပြောပါတယ်။

အခုနှစ်မှာ ဗီယက်နမ်၊ ထိုင်းနဲ့ မြန်မာနိုင်ငံမှာ အပူချိန်လွန်ကဲနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဗီယက်နမ်ရဲ့ နေ့အပူချိန်က ၄၄.၁ ဒီဂရီ စင်တီဂရိတ်ကို ရောက်ခဲ့ပြီး အပူဆုံးနှစ်အဖြစ် မှတ်တမ်းတင်သွားပါတယ်။ ထိုင်းနိုင်ငံအနောက်ပိုင်း မက်ခ်ခရိုင်က ၄၄.၆ ဒီဂရီ စင်တီဂရိတ်နဲ့ သူ့ရဲ့ အရင်အမြင့်ဆုံးစံချိန်ကို ပြန်ရောက်လာပါတယ်။ မြန်မာနိုင်ငံအရှေ့ပိုင်းကတော့ ၄၃.၈ ဒီဂရီနဲ့ ဆယ်စုနှစ်အတွင်း အပူဆုံး စံချိန်ဖြစ်တယ်လို့ ဗြိတိန် ဂါးဒီးယန်းသတင်းစာက တနင်္ဂနွေနေ့က ဖော်ပြသွားပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတချို့ရဲ့ နေ့အပူချိန်တွေကတော့ မနေ့ တနင်္လာနေ့မှာ ၄၄ ဒီဂရီ စင်တီဂရိတ် (၁၁၁ ဒီဂရီ ဖာရင်ဟိုက်) အထိ ရှိနေတာပါ။ အယ်နီညို ရာသီဥတုကြောင့် ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ပိုပြီးပူနေလိမ့်မယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အပူရှပ်တာ၊ သေဆုံးရတာအထိ ဖြစ်နိုင်တာပါ။ ရန်ကုန်တိုင်းက သွေးလှူရှင်အဖွဲ့တခုကတော့ ဒီရက်ပိုင်းထဲမှာ အပူရှပ်ပြီး သက်ကြီးပိုင်းတွေ ဆေးရုံ၊ ဆေးခန်း ရောက်တဲ့သူတွေ များပြားနေကြောင်း ဗွီအိုအေကို ပြောပါတယ်။

"သွေးသွားလှူတဲ့အချိန်တွေ့တာက သက်ကြီးပိုင်းတော်တော်များများ မခံမရပ်နိုင်အောင် ဖြစ်နေတယ်။ ဆေးရုံတွေမှာ တော်တော်များများပဲ တွေ့ခဲ့ရတယ်။ နောက်ဆုံး တချို့ ပိုက်ဆံရှိတဲ့ လူတန်းစားတွေရော ဘာတွေရောပေါ့ အလွှာပေါင်းစုံပေါ့။ မီးကမလာသေးတော့ လေပန်ကာလည်း ဖွင့်မရ၊ ဘာဖွင့်မရ ညာဖွင့်မရဆိုတော့ဗျာ၊ အဲဒီမှာ အလူးအလှိမ့် ခံနေရတာပေါ့။"

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း ဒီနေရာတွေမှာ နွေရာသီဆိုရင် အပူချိန်ပြင်းထန်လေ့ရှိပေမဲ့ အခုနှစ်မှာတော့ အယ်နီညိုရာသီဥတုကြောင့် သာမန်ထက်ကဲတဲ့ အပူရှိန်ကို ခံစားနေရတာပါ။ မကွေးတိုင်း ချောက်မြို့မှာတော့ တနင်္လာနေ့မှာ ၄၁နဲ့ ၄၄ ဒီဂရီ စင်တီဂရိတ်မှာ ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် နွေရာသီတုန်းက ချောက်မြို့မှာ အပူချိန် ၄၇.၅ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ခဲ့ပြီး သမိုင်းတလျှောက် အပြင်းထန်ဆုံး အပူချိန်အဖြစ် မှတ်တမ်းတင်ခံရပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG