ဟောင်ကောင်မှာ သတင်းလွတ်လပ်ခွင့်ဆုံးရှုံးတော့မလား

ဟောင်ကောင်နိုင်ငံက သတင်းသမားများ

Zawgyi/Unicode

အာရှမှာ သတင်းလွတ်လပ်ခွင့် အများဆုံး ရှိတဲ့ နေရာတခုဖြစ်တဲ့ ဟောင်ကောင်မှာ တရုတ်နိုင်ငံက လုံခြုံရေး ဥပဒေသစ် ပြဌာန်း လိုက်တာကြောင့် သတင်းလွတ်လပ်ခွင့် အသက်ဆက်ဖို့ ခက်ခဲသွားရပြီလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆန္ဒပြပွဲတွေကို တုန့်ပြန်ဖို့ ထုတ်ပြန်တဲ့ အဲဒီ လုံခြုံရေး ဥပဒေက နိုင်ငံကနေ ခွဲထွက်တာ၊ အဖျက်အမှောင့်လုပ်တာ၊ အကြမ်းဖက်တာနဲ့ နိုင်ငံခြား အစိုးရတွေနဲ့ ပူးပေါင်းတာတွေကို ကာကွယ်ဖို့ ရည်ရွယ်ပြီး ထောင်ဒဏ် ၃ နှစ်ကနေ တသက်တကျွန်းအထိ ပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ ဥပဒေရဲ့ ကျယ်ပြန့်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ တိကျမှုမရှိတဲ့ စကားရပ်တွေက လွတ်လပ်စွာ ပြောဆိုခွင့်ကို ရုတ်ချည်းဆိုသလို တားဆီးလိုက်သလို ဖြစ်သွားတယ်လို့ လေ့လာသူတွေက သတိပေးနေကြပါတယ်။

ဒီရက်တွေထဲ ဟောင်ကောင်သားတွေက ဒီဂျစ်တယ်စနစ်ထဲ သူတို့ ရေးသား ပြောဆိုချက်တွေကို အာဏာပိုင်တွေ မတွေ့အောင် ဖုန်းကွယ်ဖို့ ကြိုးစားတာတွေကို တွေ့လာ ရပြီ ဖြစ်ပါတယ်။ တရုတ်ပြည်မကြီးကို ဝေဖန် ရေးသားထားတာတွေ၊ လွတ်လပ်ရေး ဘက် ယိမ်းတဲ့ POST တွေ တင်ထားတာတွေကို တစ်ချို့ WEBSITE တွေမှာ ဖြုတ်ချလာကြရပါတယ်။ ဟောင်ကောင် တက္ကသိုလ်မှာ မီဒီယာ ဥပဒေသင်နေတဲ့ SHARRON FAST က ဟောင်ကောင်က လက်ရှိ အခြေအနေဟာ မီဒီယာလောကတစ်လုံး ရှေ့တန်း စစ်မျက်နှာနဲ့ ကြုံနေရသလို ဖြစ်နေပြီလို့ ပြောပါတယ်။

ဆန္ဒပြသူတွေ သုံးစွဲတဲ့ တချို့ ကြွေးကြော်သံတွေဟာ ဒီ ဥပဒေအသစ်နဲ့ ငြိစွန်းတယ်လို့ ကြာသပတေးနေ့က ဟောင်ကောင် တာဝန်ရှိ သူတွေက ကြေညာအပြီးမှာ ပင်မ သတင်းဌာနကြီးတွေကလည်း ဆန္ဒပြမှုတွေနဲ့ ပတ်သက်တဲ့ သတင်းရေးသား လွှင့်ထုတ်မှုတွေမှာ အပြောင်းအလဲတွေ လုပ်လာနေကြပါတယ်။ ဥပမာ အားဖြင့် LIBERATE ဟောင်ကောင်ဆိုရင် L # HONG KONG ဆိုပြီး ပြောင်းလဲ သုံးစွဲလာနေပါတယ်။ ဒါဟာ အထိအခိုက် မခံတဲ့ ကိစ္စတွေ အကြောင်း သတင်းပေးပို့ ရေးသားပို့ သတင်းသမားတွေ ဝန်လေးလာတာ ကို ပြလာတာလို့လည်း ဝေဖန်သူတွေက ပြောပါတယ်။

အခု ပြဌာန်းတဲ့ လုံခြုံရေး ဥပဒေအသစ်က ဟောင်ကောင်ရဲ့ အခြေခံဥပဒေမှာ အာမခံထားတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သတင်း လွတ်လပ်ခွင့်ကို ကန့်သတ်ခြင်း မရှိဘူးလို့တော့ တရုတ်နိုင်ငံက တာဝန်ရှိသူတွေကတော့ ကာကွယ် ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ဟောင်ကောင်မှာ သတင်းလွတ်လပ်ခွင့်ဆုံးရှုံးတော့မလား


[Unicode]



