သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံမြို့နယ်မှာ အရပ်သားတချို့ သတ်ဖြတ်ခံရ 


မကွေးတိုင်း ပေါက်မြို့နယ် တပတ်ကျော်ကြာ စစ်ကောင်စီတပ် နယ်မြေရှင်းလင်းမှုအတွင်း ကျေးရွာနေအိမ် ၃၆၄ လုံး မီးလောင်ကျွမ်းခဲ့ (ယခင်မှတ်တမ်းဓာတ်ပုံ/ Photo : CJ )
မကွေးတိုင်း ပေါက်မြို့နယ် တပတ်ကျော်ကြာ စစ်ကောင်စီတပ် နယ်မြေရှင်းလင်းမှုအတွင်း ကျေးရွာနေအိမ် ၃၆၄ လုံး မီးလောင်ကျွမ်းခဲ့ (ယခင်မှတ်တမ်းဓာတ်ပုံ/ Photo : CJ )

{{Zawgyi/Unicode}}

စစ်တပ်ကတပ်စွဲထားတဲ့ မန္တလေးတိုင်း မြင်းခြံမြို့ လေးရွာစုံ ကျေးရွာက ဒေသခံ ၄ ဦးကို လက်နက်ကိုင်လူတစုက ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သတ်ဖြတ်ခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်မှာဆိုရင်လည်း စစ်ဘေးရှောင်တွေ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားတာတွေရှိတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ မြင်းခြံအခြေအနေနဲ့ ပေါက်မြို့နယ်က အခြေအနေတွေကို နန်းလောင်ဝ်ကပြောပြပေးထားပါတယ်။

မြင်းခြံမြို့နဲ့ ၇ မိုင်ခန့်ကွာဝေးတဲ့ လေးရွာစုံကျေးရွာက ဒေသခံ ၄ ဦးကို ဖေဖော်ဝါရီ ၂၈ ရက်ညပိုင်းမှာ လက်နက်ကိုင်လူတစုက လာရောက်ဖမ်းဆီးသွားပြီး သတ်ဖြတ်သွားတယ်လို့ သေဆုံးသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ လေးရွာစုံကျေးရွာက ကိုစိုးသူအောင်၊ ကိုဖိုးအေး၊ ကိုမောင်မောင်နဲ့ မခင်ယုမွန်တို့ဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့ ရွာရဲ့ ၂ ဖာလုံအကွာက ဆည်ဘောင်အနီးနဲ့ ရွာရဲ့ ၅ ဖာလုံအကွာက ဗလုံရွာအနီးမှာ စွန့်ပစ်ထားတာ တွေ့ခဲ့ရပါတယ်။

သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ဆွေမျိုးနီးစပ်သူတဦးက အခုလိုပြောပါတယ်။

“၉ နာရီခွဲဝန်းကျင်လောက်မှာ ဆိုင်ကယ် ၅ စီးနဲ့ ၁၀ ယောက်ပေါ့နော်။ ၁၀ ယောက် လေးရွာစုံကိုဝင်တယ်ပေါ့နော်။ ဝင်ပြီး ၁၀ နာရီလောက်မှာရွာထဲကိုရောက်ပြီး ရွာထဲကနေမှ တောက်လျှောက်တန်းဝင်တာ။ တန်းဝင်ပြီးတော့ သူတို့ အပြင်ကိုထုတ်သွားတယ်။ အပြင်ကိုထုတ်ပြိး ၁၀ နာရီခွဲလောက်မှာ ဦးခေါင်းဒဏ်ရာပေါ့- နားထင်တွေ ပစ်ဖောက်ပြီးတော့ သတ်သွားတယ်ပေါ့နော်။ တပ်စွဲထားတာကို အဲ့လို လာဖမ်းခေါ်ပြီး သတ်သွားတာ။ အခုရွာကတော့ သူတို့ တပ်စွဲထားတာာဆိုတော့ သူတို့စိုးမိုးထားတာမျိုးဆိုတော့ အပြင်ကိုတော့ လုံးဝထွက်မကြည့်ရဲကြဘူးပေါ့နော်။ ကျနော်တို့ရွာခံတွေဘာတွေကတော့ မကြည့်ရဲဘူးပေါ့ဗျာ။ သူတို့လာဆွဲတာလည်းသိတယ်။ သူတို့ ဒီလိုဖမ်းတာလည်းသိတယ်။ အပြင်မှာ သေနတ်သံကြားတာလည်း ရွာက သိတယ်ပေါ့ဗျာ။ သိပြီးတော့ ဘယ်သူမှ ဘာမှ မပြောရဲ၊ မလုပ်ရဲဘူးပေါ့ဗျာ။”

လေးရွာစုံရွာထိပ်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ စစ်တပ်က တပ်စွဲထားတာဖြစ်ပြီး သတ်ဖြတ်ခံရသူတွေ ဖမ်းဆီးခံရတဲ့ နေအိမ်တွေနဲ့ စစ်တပ်စွဲထားတဲ့နေရာဟာ ၅ မိနစ်ခန့် လမ်းလျှောက်ရင် ရောက်တဲ့ အကွာအဝေးသာ ရှိတယ်လို့လည်း ဒေသခံတွေက ထောက်ပြကြပါတယ်။

လေးရွာစုံရွာဟာ စစ်တပ်ထောက်ခံအားပေးသူတွေ အားကောင်းတဲ့ ကျေးရွာဖြစ် သလို အသတ်ခံရသူတွေဟာ သာမန်အရပ်သားတွေသာဖြစ်ပြီး ၂၀၂၁ စစ်တပ်က အာဏာသိမ်းကာစမှာ ဆန္ဒပြပွဲအချို့မှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ နိုင်ငံရေးဆောင်ရွက်တာ မရှိသူတွေလို့လည်း ဒေသခံတွေက ပြောပါတယ်။

အခုလို ကျေးရွာသား ၄ ဦး အသတ်မခံရခင် ဖေဖော်ဝါရီ ၁၁ ရက်က လေးရွာစုံရွာရဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရပြီး ဒီကိစ္စကြောင့် သူတို့ ၄ ဦးကို စစ်ကောင်စီ ထောက်ခံသူတွေက သတ်ဖြတ်သွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေ ယူဆနေပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာဆိုရင်လည်း စစ်ဘေးရှောင်တွေမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါခံစားနေရပါတယ်။ ဝမ်းပျက်ဝမ်းလျှောကြာင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးလည်း သေဆုံးခဲ့သလို ဆေးဝါးအကူအညီတွေလည်း လိုအပ်နေပါတယ်။

ဒီအခက်အခဲတွေနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်ကူညီပေးနေသူတဦးက အခုလိုပြောပြပါတယ်။

“ကလေး ၄ နှစ်သားအရွယ် ကလေး၊ အင်းငယ်ဒေါင့် ဒေသခံတယောက်ပေါ့။ အဲ့လို သေဆုံးတာရှိတယ်။ တမိသားစုထဲမှာ တယောက်ဖြစ်ရင် အကုန်လုံးဖြစ်တာလေ။ အဲ့မိသားစုကနေ နောက်တအိမ်သွားပြီးမှ အသွားအလာများရင် အဲ့အသွားအလာများတဲ့ ခုခံအားကျဆင်းတဲ့တော်တော်များများက ဖြစ်နေတာ။ အဲ့လိုဖြစ်နေတာ။”

စစ်ဘေးရှောင်နေရတာဖြစ်တဲ့အတွက် ယင်လုံအိမ်သာမရှိတာတွေအပြင် သောက် သုံးရေမသန့်ရှင်းတာတွေ ကြောင့် အခုလိုဖြစ်နေတာလို့လည်းပြောပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းကို ဆေးဝါးတွေ သယ်ဆောင်တာ၊ စားသောက်ကုန် သယ်ယူတာတွေကို စစ်ကောင်စီဘက်က တင်းကြပ်စွာကန့်သတ်ထားတဲ့အတွက် စစ်ဘေးရှောင်တွေမှာ အခက်အခဲဖြစ်နေတာပါ။

ပေါက်မြို့နယ် တောင်ပိုင်းကနေ ပေါက်မြို့ပေါ်ကို ဆေးကုဖို့သွားရင်လည်း ဖမ်းဆီးခံရတာရှိတဲ့အတွက် ရှိတဲ့ဆေးဝါးလေးတွေနဲ့သာ ကုသနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်မှာ ပေါက်မြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်ကြားမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေပြီး ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
#မန္တလေးလေးရွာစုံ #စစ်ဘေးရှောင် #ဝမ်းပျက်ဝမ်းလျှော #စစ်ကောင်စီသတ်ဖြတ် #ပေါက်မြို့နယ်

တိုက်ရိုက် လင့်ခ်

================

{{Unicode}}















XS
SM
MD
LG