သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းစစ်နဲ့ ကလေးစစ်သား


ပြည်တွင်းစစ်နဲ့ ကလေးစစ်သား
please wait

No media source currently available

0:00 0:05:30 0:00
တိုက်ရိုက် လင့်ခ်

ပြည်တွင်းစစ်မှာ လက်နက်ကိုင်အဖွဲ့တွေဟာ ကလေးစစ်သားကို အနည်းနဲ့အများ သုံးကြပါတယ်။ မြန်မာပြည်မှာတော့ အသက် (၁၈) နှစ် မပြည့်ရင် စစ်မှုထမ်းခွင့် မပြုတဲ့ဥပဒေကို အစိုးရက အတည်ပြုပြီး ကုလသမဂ္ဂကို လွန်ခဲ့တဲ့ စက်တင်ဘာလက ပေးအပ်လိုက်ကြောင်း နိုင်ငံခြားဌာနက ကြေညာပါတယ်။ ကလေးစစ်သားသုံးခွင့်ပြုတဲ့ စာချုပ်ကို (၂၀၀၂) မှာ ကုလသမဂ္ဂ စတင်ကျင့်သုံးပေမယ့် မြန်မာကတော့ (၁၃) နှစ်ကြာတော့မှ ရွေးကောက်ပွဲအစိုးရလက်ထက် (၂၀၁၅) မှာ လက်မှတ်ထိုးပါတယ်။ အဲဒီနောက်ပိုင်း ကလေးစစ်သားတွေ တပ်ကထွက်ခွင့်ရတဲ့သတင်းကို တွေ့လာရပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ (၉) ရက်နေ့ထုတ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ “ကလေးနဲ့စစ်” Children and Armed Conflict အစီရင်ခံစာမှာတော့ ကလေးစစ်သား (၅၉) ယောက်ကို လွှတ်ပေးပြီး တပ်မတော်အမှုထမ်း (၁၂) ဦး အရေးယူခံရတာကို ချီးကျူးထားပါတယ်။ DKBA ကရင်တပ်ဖွဲ့၊ KIA ကချင်တပ်ဖွဲ့၊ KNU ကရင်တပ်ဖွဲ့၊ ကရင်နီတပ်ဖွဲ့၊ ရှမ်းပြည်တပ်ဖွဲ့ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တာကို ကြိုဆိုထားပါတယ်။ KIA ကချင်တပ်ဖွဲ့က ကလေးစစ်သည် (၂၅) ယောက် လွှတ်ပေးတာကိုလည်း ကြိုဆိုကြောင်း မှတ်တမ်းတင်ထားပါတယ်။

ကလေးစစ်သား စုဆောင်းမှုနည်းပါးလာပြီး စုဆောင်းသူတွေကို အရေးယူလာတာကြောင့် တပ်မတော်ကို ကလေးစစ်သားစုဆောင်းသူစာရင်းမှာ ထည့်သွင်းတော့မှာ မဟုတ်တော့ဘူးလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေမှာ ကလေးစစ်သား သုံးနေတာကို ချက်ချင်းရပ်ဆိုင်းမှသာ တပ်မတော်ကို စာရင်းထဲက ဖယ်ရှားမယ်ဆိုတဲ့ ခြွင်းချက်ကိုလည်း ဖော်ပြထားပါတယ်။ ကလေးစစ်သားအသုံးပြုမှုကို လာမယ့် (၁၂) လအတွင်း ကုလသမဂ္ဂကိုယ်စားလှယ်က စောင့်ကြည့်ပြီး ကျေနပ်လောက်အောင် စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီလိုစောင့်ကြည့်လေ့လာရာမှာ ကျေနပ်လောက်စရာမရှိရင် ကလေးစစ်သားစုဆောင်းသူစာရင်းမှာ တပ်မတော်ကို ပြန်လည်ထည့်သွင်းရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် စာရင်းကနေ ခြွင်းချက်နဲ့ ယာယီဖယ်ရှားထားတာမျိုး ဖြစ်ပုံရပါတယ်။

ဒါပေမဲ့ သတ်ဖြတ်မှု၊ ထိခိုက်ဒဏ်ရာရမှု၊ အဓမ္မကျင့်မှု စတဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်သူများစာရင်းမှာ တပ်မတော်ကို ထည့်သွင်းထားဆဲ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကလေးတွေကို အဓမ္မခိုင်းစေတဲ့ လက်နက်ကိုင်တွေထဲမှာ တပ်မတော်၊ ကချင်လက်နက်ကိုင်၊ ‘ဝ’ လက်နက်ကိုင်နဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။ ၂၀၁၉ နောက်ပိုင်းမှာ ကလေးသူငယ် နှစ်ရာနီးပါးကို စစ်စခန်းတွေမှာ အခိုင်းအစေအဖြစ် တပ်မတော်က သုံးခဲ့တယ်လို့ ဆိုပါတယ်။ ကလေးအသေအပျောက် အများဆုံးဒေသဟာ ရခိုင်ပြည်နယ်ဖြစ်ပြီး ရှမ်းပြည်နယ်က ဒုတိယအများဆုံး ဖြစ်ပါတယ်။ မြေမြုပ်မိုင်းနင်းမိမှုနဲ့ ပစ်ခတ်မှုကြောင့် ကလေးတွေ သေကျေဒဏ်ရာ ရကြပါတယ်။ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်က စာသင်ကျောင်း (၅၁) ခုမှာ စခန်းချတဲ့အတွက် ကျောင်းတွေကို တိုက်ခိုက်ခံရပါတယ်။

ရွေးကောက်ပွဲအစိုးရဖွဲ့စည်းပြီး မကြာမီ ၂၀၁၂ မှာ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရ သဘောတူညီချက် လက်မှတ်ထိုးပြီး ကလေးစစ်သား စုဆောင်းမှု ပိတ်ပင်ပါတယ်။ ကလေးစစ်သားကို လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ ဗမာအစိုးရ ပူးပေါင်းပြီး စီမံကိန်း ချမှတ်တာတွေ့ရပါတယ်။ ပူးတွဲစီမံကိန်းစပြီး မကြာမီ တပ်မတော်က ကလေးစစ်သား (၄၀) ကျော် လွှတ်ပေးပါတယ်။ ဒါပေမဲ့ စစ်သားစုဆောင်းတဲ့အခါ ကလေးတွေ ပါဝင်နေတုန်းပါပဲ။ စစ်မှုထမ်း (၉၀) ရာခိုင်နှုန်းကို တပ်မတော်ကြည်းက ယူထားပါတယ်။ ၁၉၈၈ ပြည်သူ့အုံကြွမှုကြီးကို နှိမ်နင်းလိုက်တဲ့ နောက်ပိုင်းမှာ စစ်အင်အားတိုးချဲ့လာတာမို့ စစ်သားအများအပြား စုဆောင်းဖို့ လိုလာပါတယ်။ လက်နက်ကိုင်ပဋိပက္ခရှိတဲ့အတွက် အမြဲတမ်း စစ်သားစုဆောင်းနေပါတယ်။ မြန်မာ့ပြည်တွင်း ဥပဒေမှာလည်း (၁၈) နှစ်မပြည့်သူကို စစ်တပ်ထဲ မသွင်းဖို့ တားမြစ်ထားပါတယ်။

၁၉၅၉ ခုနှစ် ပြည်သူ့စစ်အက်ဥပဒေနဲ့ ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေမှာလည်း အသက် (၁၈) နှစ် ပြည့်သူသာ စစ်မှုထမ်းခွင့် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မွေးသက္ကရာဇ် အထောက်အထား မရှိတာဟာ ပြဿနာ ဖြစ်ပါတယ်။ ကလေးမွေးချိန်မှာ မှတ်ပုံတင်ပြီး (၁၀) နှစ်အရွယ်မှာ တကြိမ်၊ (၁၈) နှစ်မှာ တကြိမ် မှတ်ပုံတင်ကြဖို့ (၁၉၉၃) မြန်မာနိုင်ငံ ကလေးဥပဒေမှာ ပြဌာန်းထားပါတယ်။ ဒါပေမဲ့ မြို့မှာ (၉၀) ရာခိုင်နှုန်း မှတ်ပုံတင်ကြပြီး၊ နယ်မှာ (၆၀) ရာခိုင်နှုန်း မှတ်ပုံတင်ကြပါတယ်။ အစိုးရရုံးရှိတဲ့ မြို့ကိုသွားပြီး မှတ်ပုံတင်တာဟာ စရိတ်အကုန်အကျများတဲ့အတွက် မြို့နဲ့ဝေးလေ မှတ်ပုံတင် မရှိလေ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် ကြီးစိုးတဲ့နေရာမှာလည်း အစိုးရမှတ်ပုံတင် မရှိကြပါဘူး။ စစ်သားစုဆောင်ရာမှာ အသက်နဲ့ ပတ်သက်တဲ့ စာရွက် အထောက်အထားပြဖို့လိုတဲ့အတွက် ကြားပွဲစားက မွေးလက်မှတ် အတုလုပ်တာကြောင့် ကလေးစစ်သားတိုင်း အသက် (၁၈) နှစ်ကျော် နေတာတွေ့ရပါတယ်။ စုဆောင်းရေးစခန်းမှာ အသက်ကို စစ်ဆေးတဲ့ သီးခြားစနစ် မရှိသေးပါဘူး။ စုဆောင်းရေးစခန်းကို လာဘ်ထိုးရင်တော့ လွတ်မြောက်ဖို့ အခွင့်အလမ်း ရှိနိုင်ပါတယ်။ ကလေးကာကွယ်ရေးဥပဒေကို ထိထိရောက်ရောက် မကျင့်သုံးနိုင်လို့ လက်နက်ကိုင်အဖွဲ့တွေမှာ ကလေးစစ်သား ရှိနေတာ ဖြစ်ပါတယ်။

==Unicode==








XS
SM
MD
LG