သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေထဲက ဒေသခံထောင်နဲ့ချီပြီး မဲစာရင်းထဲမပါဘဲဖြစ်နေ


မွန်ပြည်နယ် ပေါင်မြို့မှာ ဆန္ဒမဲပေးခွင့်ရှိသူ အမည်စာရင်းကို ကြည့်ရှုနေသူတချို့။ (ဇူလိုင် ၂၇၊ ၂၀၂၀။ ဓာတ်ပုံ - MOI)
မွန်ပြည်နယ် ပေါင်မြို့မှာ ဆန္ဒမဲပေးခွင့်ရှိသူ အမည်စာရင်းကို ကြည့်ရှုနေသူတချို့။ (ဇူလိုင် ၂၇၊ ၂၀၂၀။ ဓာတ်ပုံ - MOI)

(Zawgyi/Unicode)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေမှာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်း ထုတ်ပြန်ရာမှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ မပါပဲဖြစ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစန္ဒာနွန် သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲပေးခွင့်ရှိသူ စာရင်း ထုတ်ပြန်ရာမှာ မွန်ပြည်နယ် ရေးချောင်းဖျားဒေသမှာရှိတဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေအတွင်းက ကျေးရွာ ၁၀ ရွာမှာရှိတဲ့ လူဦးရေ ၃၆၀၀ လောက် စာရင်းမှာ ပါမလာပဲ ဖြစ်နေတာပါ။ ဒီအထဲမှာ ၁၅၀၀ လောက်ကတော့ နိုင်ငံသားမှတ်ပုံတင် မရှိသူတွေ ပါဝင်တယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်လှုပ်ရှားနေသူ ဒေသခံတဦးဖြစ်တဲ့ ဦးလွင်က ပြောပါတယ်။

“မှတ်ပုံတင် ရရှိရေး၊ မဲပေးခွင့်ရရှိရေးအတွက် ကျနော်တို့ ဆက်လက်လှုပ်ရှားနေပါတယ်။ စောစောက လဝက၊ ကော်မရှင်၊ ထွေအုပ်ဆက်သွယ် လိုက်တော့ အဲ့ဒီနေရာမှာ မှတ်ပုံတင်ပြုလုပ်ဖို့အတွက်ကို ပြည်နယ်အစိုးရ ကနေ တဆင့် နိုင်ငံတော်သမ္မတဆီကို တင်ထားပါတယ် ဆိုပြီးတော့ ကျွန်တော်ကို ပြီးခဲ့တဲ့ အချိန်ပိုင်းအတွင်းမှာဘဲ ပြောပါတယ်ခင်ဗျာ။ သမ္မတခွင့်ပြုချက်ရမှသာ အဲ့ဒေသကို မှတ်ပုံတင် လုပ်ပေးလို့ရမယ်လို့ အဲ့လိုပြန်ဆက်သွယ်လာပါတယ်။”

ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်း ထုတ်ပြန်ရာမှာ အမှားအယွင်းတွေ ရှိနေတာနဲ့ ပတ်သက်လို့ မနေ့တုန်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ပြီး အချိန်မီပြင်ဆင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ပြောဆိုခဲ့ကြတာပါ။

မတ်လဆန်းမှာတုန်းက ဒေသခံတွေအတွက် အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်တွေ ရရှိဖို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ကို တင်ပြထားပေမဲ့ တိုးတက်မှုမရှိသေးကြောင်းလည်း ရွေးကောက်ပွဲစောင့်ကြည့်လှုပ်ရှားသူတွေက ပြောပါတယ်။ ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးမှူး ဦးမျိုးခိုင်ကတော့ COVID-19 ကပ်ရောဂါကာလမှာ ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“မတ်လ ၉ ရက်နေ့မှာပဲ လဝကပြည်နယ် ဦးစီးမှူး ညွှန်ကြားမှုပြုဖို့ ကျွန်တော်တင်ထားပါတယ်။ ဒီကြားထဲမှာ ကိုဗစ်ကာလတွေဖြစ်နေတဲ့အခါတော့ နည်းနည်းလေး လုပ်ငန်းတွေက နှောင့်နှေးသွားတယ်ပေါ့နော်။ မွန်ပြည်နယ်အစိုးရကို ရောက်တဲ့နေ့ အဲ့နောက်ပိုင်း အခုမကြာခင်ပြီးခဲ့တဲ့လထဲ ဒီကိစ္စကို သူတို့မွန်ပြည်သစ်ပါတီကနေ ဆက်သွယ်လာတဲ့အခါကြတော့ ကျွန်တော်ကတော့ သူတို့ကို မွန်ပြည်နယ်အစိုးရနဲ့ သွားရောက်တွေ့ဆုံးဖို့ ဘယ်လိုပါ လမ်းပြပေးခဲ့တာပေါ့ အခုဆိုရင် မွန်ပြည်နယ် အစိုးရကနေပြီးတော့ နိုင်ငံတော် သမ္မတရုံးကို တင်မယ်ဆိုပြီးတော့ ကျွန်တော်ကို လှမ်းပြီးတော့ ရွာတွေက ဘယ်ရွာလဲ လုပ်မယ်လူတွေက ဘယ်သူလဲ အရေအတွက်ဘယ်လောက်လဲဆိုပြီး လှမ်းမေးတာပေါ့။ သူ့ရဲ့လုပ်ငန်းသဘောအရတော့ နိုင်ငံတော်သမ္မတရုံးကို ဆက်လက်တင်ပြမယ်လို့ သိထားပါတယ်။”

မဲပေးခွင့်ရှိသူ စာရင်းမှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ပါမလာတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးညီညီထွေးကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြောခွင့်မရှိကြောင်း တုန့်ပြန်ခဲ့သလို၊ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်ကို ဆက်သွယ်ရာမှာလည်း တယ်လီဖုန်းနဲ့ မေးမြန်းတာကို ဖြေကြားမှာမဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရတာဝန်ရှိသူတွေကတော့ မဲစာရင်းမှာ အမှားအယွင်း ရှိနေတာတွေကို အချိန်မီပြင်ဆင်ဖို့နဲ့ မှတ်ပုံတင် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ကြိုးပမ်းမယ့် အကြောင်း ပြောဆိုထားပါတယ်။ ဇူလိုင်လ ၂၅ ရက်နေ့က ပထမဆုံးအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းနဲ့ ပတ်သက်လို့ အမှားအယွင်းတွေကို ပြင်ဆင်ပြီးရွေးကောက်ပွဲမတိုင်ခင် တလအလို အောက်တိုဘာလထဲမှာ ထပ်မံထုတ်ပြန်ဖို့လည်း စီစဉ်ထားတာပါ။

ဒါပေမဲ့လည်း ရွေးကောက်ပွဲ ကျင်းပဖို့ ၃ လလောက်သာ လိုတော့တဲ့အချိန်မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ မဲပေးခွင့်ရအောင် အချိန်မီပြင်ဆင်နိုင်ပါ့မလားဆိုတာကို ဦးလွင်တို့လို ရွေးကောက်ပွဲ စောင့်ကြည့်လှုပ်ရှားနေသူတွေက စိုးရိမ်နေကြပါတယ်။

“တကယ်ဆိုရင်တော့ နိုင်ငံသား အခွင့်အရေးဆုံးရှုံးမှုက ပိုပြီးတော့ ကြီးမားတာပေါ့၊ ကျွန်တော် မတ်လကတည်းက လုပ်ခဲ့ပါတယ်၊ ကိုဗစ်နဲ့ဆုံတော့ မလုပ်နိုင်ဘူးပေါ့ အခု ဒီကာလအတွင်းမှာ အပေါ်ရုံး၊ အောက်ရုံးနဲ့ သူတို့လည်နေတယ်၊ မနက်ဖြန်က မဲစာရင်းနောက်ဆုံးရက်ဖြစ်ပြီး တိုးနိုင်ဖို့ မဲထဲပါနိုင်ဖို့ဆိုတာ တော်တော် ခက်သွားပါပြီးခင်ဗျာ။ ၂၀၀၈ တုန်းက အခြေခံဥပဒအတည်ပြုဖို့ဆိုပြီးတော့ အဲ့ဒီမွန်ပြည်သစ်ထိန်းချုပ်နယ်မြေ အနမ်ပုံရွာထိ မဲရုံသွားဆောက်ခဲ့ဖူးပါတယ်။ ၂၀၁၀၊ ၂၀၁၅ က မရတော့ပါဘူး”

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာတုန်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ သမ္မတဦးဝင်းမြင့် နေပြည်တော်မှာ တွေ့ဆုံရာမှာတော့ မဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့၊ မဲပေးပိုင်ခွင့် ဆုံးရှုံးတာဟာ နိုင်ငံသား တယောက်ရဲ့ မွေးရာပါအခွင့်အရေး လူအခွင့်အရေး ဆုံးရှုံးရာရောက်ကြောင်း သတိပေးခဲ့တာပါ။ ဒီအတွက်လည်း နိုင်ငံသားတွေရဲ့ မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးရအောင် စီစဉ်ဖို့ တာဝန်ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာအစိုးရဌာနတွေ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်




.............

(Unicode)












XS
SM
MD
LG