သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ဖြစ်နေတဲ့ ရခိုင်ပြည်သူတွေ စားဝတ်နေရေး အခက်ကြုံမှာ စိုးရိမ်


ကိုဗစ်ကာလ စစ်တွေမြို့မှာ ရဲလုံခြုံရေးချထားပြီး နှာခေါင်းစည်းတပ် သွားလာနေကြတဲ့ မြင်ကွင်းတခု။ (သြဂုတ် ၂၃၊ ၂၀၂၀)
ကိုဗစ်ကာလ စစ်တွေမြို့မှာ ရဲလုံခြုံရေးချထားပြီး နှာခေါင်းစည်းတပ် သွားလာနေကြတဲ့ မြင်ကွင်းတခု။ (သြဂုတ် ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု တစစ တိုးလာနေတာကြောင့် ဒေသခံပြည်သူတွေ နေ့စဉ် စားသောက်ရှင်သန်ရေးကိစ္စ အခက်ကြုံလာမှာကို စိုးရိမ်နေကြသလို ရောဂါကာကွယ်ကုသရေး အပိုင်းမှာလည်း လိုအပ်ချက်ရှိနေတဲ့အပေါ် စိုးရိမ်မိကြောင်း ရခိုင်နိုင်ငံရေး အင်အားစုတွေက ပြောပါတယ်။ ဒါပေမယ့် ကာကွယ်ကုသရေး အပိုင်းမှာရော ပြည်သူတွေရဲ့ စားနပ်ရိက္ခာ အပိုင်းကိုပါ မကြာခင် ထပ်မံဖြည့်ဆည်း ပံ့ပိုးသွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက တုံ့ပြန်ပြောဆိုတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

ပြည်တွင်းက အချင်းချင်း ကိုဗစ်ကူးစက်မှုတွေ ခပ်များများ စတွေ့လာရတဲ့ ရခိုင်ပြည်နယ်မှာ အဓိကအားဖြင့် ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့တွေဟာ ကူးစက်မှု အများဆုံးဖြစ်နေပြီး ကူးစက်ခံလူနာတွေနဲ့ စောင့်ကြည့်လူနာတွေကို ထားဖို့ နေရာအခက်အခဲ ဖြစ်လာသလို ကာကွယ်ကုသရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်း အလုံအလောက် မရှိတာကလည်း စိုးရိမ်မှုကြီးတရပ် ဖြစ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ဗွီအိုအေကို ပြောပါတယ်။

“ရခိုင်ပြည်မှာ ကူးစက်မှု အဆိုးဆုံးကတော့ စစ်တွေနဲ့ ကျောက်ဖြူပါပဲ။ တဦးနဲ့တဦး ကူးစက်မှုတွေက နေ့စဉ်လိုလိုရှိတယ်၊ နည်းတာရှိတယ် များတာရှိတယ်။ အဲဒီတော့ အဲဒီရောဂါပိုး တွေ့တဲ့သူတွေကို ကျနော်တို့ ထားမယ့်နေရာက နည်းနည်း အခက်အခဲ ဖြစ်သွားတယ်။ အဲဒါကြောင့်မို့လို့ ဆေးရုံမှာ မလုံလောက်တဲ့အတွက် အခု ပညာရေးကောလိပ်မှာလည်းပဲ ကွာရမ်တင်းလူနာတွေ ထားတာရှိတယ်ခင်ဗျ။ အဲဒီကနေမှ အခု မြို့တော်ခန်းမတို့ ဘာတို့ကို သုံးမယ်ဆိုပြီးတော့ အလှူရှင်တွေဆီက ငွေကောက်ခံပြီး ကုတင်တွေဘာတွေ ပြင်ဆင်နေကြတာ အဲလိုရှိတယ်။ မြို့တော်ခန်းမဆိုတာကတော့ ဆေးရုံနဲ့လည်းနီးတယ်၊ ဆရာဝန်တွေလည်း အလွယ်တကူ လာလို့ရတယ်ဆိုပြီး တကယ်လို့ လူနာတိုးလာလို့ရှိရင် အဲဒီနေရာမှာ ထားမယ်ဆိုပြီး ဒီနေရာကို ရွေးချယ်ပြီး ကြိုလုပ်ထားတာပါခင်ဗျ။

“နောက် ဒီမှာ ကျန်းမာရေးဝန်ထမ်းတွေက တော်တော် စိုးရိမ်ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးဝန်ထမ်းတွေက လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ မစုံလင်ကြဘူး။ PPE (Personal Protective Equipment) ဝတ်စုံဆိုလို့ရှိရင် တကြိမ်သွားစစ်ဆေးပြီးရင် တကြိမ်လဲပစ်ရမှာ၊ အခုက အဲလိုမဟုတ်ဘူး။ အကုန်လုံးပြည့်စုံအောင် မလုပ်နိုင်ဘူးဆိုတော့ လူနာတယောက်ကို သွားစမ်းသပ်ပြီးရင် နောက်တယောက်ကိုလည်း အဲဒီဝတ်စုံနဲ့ပဲ သုံးစွဲရတယ်ဆိုတော့ ဝန်ထမ်းတွေမှာလည်း အခက်အခဲတွေ ရှိပါတယ်လေ။ အဓိကတော့ ပြည့်စုံအောင် နိုင်ငံတော်အစိုးရက ပံ့ပိုးပေးနိုင်ရင်တော့ ပိုပြီးကောင်းမှာပါ။”

ကိုဗစ် ကူးစက်မှုကြောင့် ရခိုင်ပြည်နယ်မှာ လူတွေ နေအိမ်မှာပဲနေကြဖို့ Stay at Home အမိန့်ကို အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒီအမိန့် ရေရှည်လာရင် လူတွေ နေ့စဉ် စားသောက်ရှင်သန်ရေးကိစ္စ အခက်ကြုံလာမှာကို စိုးရိမ်ရတယ်လို့ စစ်တွေမြို့ခံ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

“လူထုကြားမှာ ကူးစက်မှုများလာတော့ လူတွေကို Stay at Home သတ်မှတ်ထားတယ်။ အဲဒီလို သတ်မှတ်ထားတဲ့ အတွက်ကြောင့် လူတွေကလည်း အလုပ်အကိုင်လုပ်ဖို့ အဆင်မပြေတော့ဘူး။ အလုပ်အကိုင်မရှိရင် ဝင်ငွေမရှိတော့ဘူးလေ။ ဝင်ငွေမရှိရင် ကျနော်တို့လူထု စားဝတ်နေရေး အခက်အခဲ ရှိလာမှာကို ကျနော်တို့ ပိုပြီး စိုးရိမ်တယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး ဆန် ဆီ ဆား ငရုတ် အဲလိုပေါ့ စားကုန်တွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေကို အစိုးရက ထောက်ပံ့တယ်လို့ ကျနော်တို့ ရခိုင်မှာ မကြားရသေးဘူး။”

ရခိုင်ပြည်နယ်က ပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေကို နားလည်ထားပြီး ရခိုင်ပြည်နယ် အစိုးရက ပြည်ထောင်စုအစိုးရနဲ့ ချိတ်ဆက်ပြီး ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းသွားဖို့ ပြင်ဆင်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ဗွီအိုအေကို ရှင်းပြပါတယ်။

“ကိုဗစ်ကာလ အစပိုင်းကတည်းကပဲ လက်လုပ်လက်စားတွေ အတိဒုက္ခရောက်နေတဲ့ လူစာရင်းကို ကောက်ခံထားတာ ရှိပါတယ်။ ဒီ လူတန်းစားတွေကို အဓိက ဦးစားပေးပြီး ကျနော်တို့ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ သူတို့ကို ပေးဝေတဲ့အခါမှာ စရိတ်စက အတော်များများ အကုန်အကျ များတဲ့အတွက်ကြောင့် အခုကတော့ ငွေကြေးပဲ ထောက်ပံ့ပါတယ်။ ၂ ကြိမ်ရှိပါပြီ ထောက်ပံ့တာ။ တအိမ်ထောင်ကို ကျပ် ၂၀,၀၀၀ နှုန်း သတ်မှတ်ခဲ့တာပေါ့နော်။ အခုတော့ ဘယ်လောက်ပံ့ပိုးလာမလဲတော့ မသိသေးဘူးပေါ့။ ကျနော်တို့က တွက်ချက်ပြီးတော့ တင်ထားပါတယ်။ အားလုံးဆိုရင် ရခိုင်ပြည်နယ်မှာ ပံ့ပိုးရမယ့်ဦးရေ အခြေခံလူတန်းစား ၃ သိန်းကျော်ရှိပါတယ်။ နောက်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ပုံမှန် ထောက်ပံ့ပေးနေပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းထဲ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွက် စားနပ်ရိက္ခာလမ်းကြောင်း ပြတ်တောက်မှုမရှိအောင် တာဝန်ယူမယ်လို့ ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဆေးပညာရှင်နဲ့ စေတနာ့ဝန်ထမ်းတွေ ပါဝင်တဲ့ အွန်လိုင်း ဆွေးနွေးပွဲအတွင်း ပြောဆိုထားတာပါ။

ဒါပေမယ့်လည်း ကပ်ရောဂါအခြေအနေကြောင့် ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့် အပါအဝင် ရခိုင်ပြည်နယ်တွင်း အသွားအလာ ပိတ်ပင်ကန့်သတ်မှုက မြို့တခုနဲ့တခု ကျေးရွာတွေအချင်းချင်းကြားမှာ ပြေးဆွဲတဲ့ ဘတ်စ်ကားတွေ၊ စက်လှေ ရေယာဉ်တွေ မရှိတော့ဘဲ စားသောက်ကုန်ဝယ်ယူဖို့ အခက်အခဲ ဖြစ်လာသလို အချို့ဆိုင်တွေ ပိတ်ထားပြီး စားဆီတပုလင်းဆိုရင် အရင် ၁,၀၀၀ ကျပ်ကနေ အခု ၁,၅၀၀ ကျပ်နှုန်း၊ မိုဘိုင်းဖုန်းကတ် တယူနစ်ကို ၁,၅၀၀ အထိ ဈေးနှုန်းတွေ တရိပ်ရိပ် တက်လာနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)












XS
SM
MD
LG