သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ ကြိုတင်မဲပေးရေး အခက်အခဲတချို့


(Zawgyi/Unicode)

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေအတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ထားတဲ့ ကာလ-ဒီကနေ့နိုဝင်ဘာလ ၇ရက်နေ့က နောက်ဆုံးသတ်မှတ်ရက်ဖြစ်ပါတယ်။ ဒီတော့ ကြိုတင်မဲပေးခွင့်ရှိသူတွေ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ခဲ့ကြပါသလား၊ မဲပေးခွင့်အခွင့်အရေး ဆုံးရှုံးတာမျိုးတွေများရော ရှိခဲ့ပါသလား စတဲ့အခြေအနေတွေကို မဆုမွန်က စုစည်းတင်ပြပေးချင်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပချိန် မတိုင်ခင် အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲနေ့ကျရင် မဲရုံမှာ ကိုယ်တိုင် ဆန္ဒမဲ သွားမပေးနိုင်ကြတဲ့ ပြည်သူတွေ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲမဲရုံခွဲတွေမှာ အောက်တိုဘာလ ၂၉ ရက်နေ့ကနေစပြီး နိုဝင်ဘာလ ၇ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြတယ်ဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားတာပါ။ ဒါကြောင့် ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့ကတော့ ကြိုတင်ဆန္ဒမဲပေးခွင့် နောက်ဆုံးသတ်မှတ်ရက် ဖြစ်ပါတယ်။

ဒီတော့ ၂၀၂၀ရွေးကောက်ပွဲ ကျင်းပမယ့်ရက်- မိမိတို့နေရပ်မှာ ပြန်ပြီး မဲမပေးနိုင်မယ့်သူတွေ၊ အသက် (၆၀) နဲ့အထက် အသက်အရွယ်ကြီးတဲ့သူတွေ၊ ရွေးကောက်ပွဲတာဝန်ကျသူတွေ အစိုးရအဖွဲ့ဝင် အဆင့်ဆင့်စတဲ့ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတွေအတွက် ကြိုတင်ဆန္ဒမဲပေးခွင့်ရဖို့ ရွေးကောက်ပွဲကော်မရှင်ဘက်က စီစဉ်ဆောင်ရွက်ပေးမှု အခြေအနေတွေကြား မှာတော့ အဆင်ပြေပြေ မဲပေးနိုင်ခဲ့သူတွေရှိသလို မဲပေးခွင့်ဆုံးရှုံးခဲ့ရသူတွေလည်း ရှိနေပါတယ်။

ရွှေ့ပြောင်းလုပ်သား သောင်းချီရှိနေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဘက်မှာတော့ မိမိတို့ရဲ့ အရပ်ဒေသတွေမှာ မဲပြန်မပေးနိုင်တဲ့သူတွေ အထူးသဖြင့် ကိုဗစ်ကာလ Stay At Home အမိန့်ထုတ်ထားတဲ့ ဖားကန့်နယ်မြေထဲ ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက် နေတာတွေကို ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဗွီအိုအေမြန်မာပိုင်းကို ရှင်းပြပါတယ်။

" ကျနော်တို့က ကြိုတင်ဆန္ဒမဲဆိုတဲ့နေရာမှာ အသက် ၆၀အထက် သူတွေရှိမယ်။ မဲရုံတွေမှာ တာဝန်ယူကြမယ့် မဲရုံမှူးတို့ ဒုမဲရုံမှူးတို့ လုံခြုံရေးတို့ နောက် ပါတီတွေက ခန့်ထားတဲ့ မဲရုံ ကိုယ်စားလှယ်တို့ကတော့ ကြိုတင်ဆန္ဒမဲပေးနေကြတယ်ဗျ။၇ ရက်နေ့အထိ သတ်မှတ်ထားတယ် ဆိုတဲ့နေရာမှာ လူကြီးတွေကတော့ ပေးပြီးကြပြီဗျ။မနေ့ကပဲ ကချင်ပြည်နယ်အစိုးရအဖွဲ့ ကနေလည်း ကြေညာထားတာရှိပါတယ်ခင်ဗျ။ အဲ့တာက ဘာလဲဆိုရင် ကျနော်တို့နယ်မြေက Stay At Home ကြေညာထားတာ ရှိတော့ အဲ့တော့ တခြားကနေ ဖားကန့်ကို ပြန်လာတဲ့သူတွေတို့ နောက် ဖားကန့်ကနေ တချို့ကချင်ပြည်နယ် တွင်းကို သွားဖို့ ခက်ခဲနေတဲ့သူတွေကို မနက်ဖြန် ( နိုဝင်ဘာလ ၇ရက်) မဲပေးဖို့ ခွင့်ပြုထားတဲ့ဟာတော့ ရှိပါတယ်ခင်ဗျ။ အဓိက ကျနော်တို့ နယ်မြေမှာက အဓိကအခက်ခဲက အဲ့တာပါပဲခင်ဗျ။ မိုးညှင်းမြို့နယ်ရယ် ဖားကန့်မြို့နယ်ရယ်ကStay At Home ဒေသလေ။ ကိုယ်တိုင်သွားပြီး မဲထည့်လို့မရဘူးကွာရမ်တင်းဝင်ရမှာလိုမျိုးတွေပါရှိနေတော့ လောလောဆယ် ပြည်နယ်အစိုးရဘက်က ဒါကို ဖြေလျော့ပေးထားပါတယ်ခင်ဗျ။"

ကြိုတင်မဲဆန္ဒပေးဖို့ အခွင့်အရေးဆုံးရှုံးခဲ့ရတဲ့ မွန်ပြည်နယ် ပေါင်မြို့နယ်ဘက်က ရေလုပ်သားတွေ ၁၀၀၀ နီးပါးလည်း အခြေအနေကို ပြောပြချင်ပါတယ်။ကြိုတင်မဲပေးခွင့် နောက်ဆုံးရက်ဖြစ်တဲ့ နိုဝင်ဘာလ ၆ရက်နေ့ နဲ့ ၇ ရက်နေ့တွေမှာ ကြိုတင်ဆန္ဒမဲလာပေးဖို့ ကော်မရှင်ဘက်ကပြောပေမဲ့ ရေလုပ်ငန်း လုပ်ငန်းခွင်ဖြစ်တဲ့ ပင်လယ်ထဲ ထွက်ရမှာမို့ မွန်ပြည်နယ် အလှပ်ကျေးရွာနဲ့ ဝဲပတန်ကျေးရွာက ရေလုပ်သားတထောင်နီးပါး မဲပေးခွင့်ဆုံးရှုံးရတဲ့အခြေအနေဖြစ်နေတာပါ။

ရေလုပ်သားတွေဟာဒီရေအတက်အကျပေါ်မူတည်ပြီးလှေထွက်ရတာကြောင့်၊ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ ကြိုတင်မဲပေးရမယ့်ရက်မတိုင်ခင် ပင်လယ်ပြင်ထွက်ရမယ့် အခြေအနေဖြစ်နေပါတယ်။မိသားစု စားဝတ်နေရေး အဆင်မပြေတာကြောင့် ခင်ပွန်းနဲ့ သားဖြစ်သူက ကြိုတင်မဲထည့်ခွင့်မရပဲ ပင်လယ်ထွက်ပြီး အလုပ်လုပ်နေရတယ်လို့ အလှပ်ရွာနေက မမိချိုက ပြောပါတယ်။

“ ကြိုတင်မဲ မထည့်ရတော့ ကျွန်မတို့က မဲထည့်ပိုင်ခွင့်ဆုံးရှုံးသွားတော့ စိတ်တော့မကောင်း ဘူးပေါ့။ ကျွန်မတို့က မဲတော့ ထည့်ချင်တာပေါ့၊ ကျွန်မတို့ ယောက်ကျား၊ ကျွန်မတို့ သားတွေက အကုန်လုံးက ရေလုပ်သား တွေဆိုတော့ သူများအလုပ်လုပ်ရတယ်။ သူများအလုပ်လုပ်ရတော့ ပိုက်ဆံ ယူထားတယ်လေ ပင်လယ်ထွက်ဆို ထွက်ရတာပေါ့။ ကျွန်မတို့မှာ စားဝတ်နေရေးတွေလည်း ရှိသေးတယ်လေ၊ နောက်ပြီးတော့ သူများဆီမှာ အလုပ်လုပ်ရတယ် ဆိုတော့ သူများဆီက ပိုက်ဆံတွေယူထားတယ်။ အလုပ်ဆင်းချိန်ဆိုရင် ဆင်းရတာပေါ့၊ အခက်အခဲ က စားဝတ်နေရေးမှာလည်း ရှိသေးတယ်။ ကျွန်မတို့က ထွက်ရတယ်လေ၊ အလုပ်ရှင်က ထွက်ဆို ထွက်ရတယ်လေ၊ သူများအလုပ် လုပ်တာကိုး၊ မဲပေးချင်စိတ်ရှိပေမယ့် စားဝတ်နေရေး အဆင်မပြေ တော့ ထွက်ရတာပေါ့”

ဒီလိုမျိုး ကြိုတင်ဆန္ဒမဲပေးခဲ့ကြသူတွေရဲ့ကြုံခဲ့ရတဲ့ အခက်အခဲနဲ့ ကြိုတင်ဆန္ဒမဲပေးခွင့်မရသူတွေရဲ့ မဲပေးခွင့် ဆုံးရှုံးမှုအခြေအနေတွေအပေါ် ရွေးကောက်ပွဲကော်မရှင်ရဲ့ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ New Myanmar Foundation က မမြနန္ဒာသင်းက အခုလိုအကြံပြုပါတယ်။

" ကျမတို့ ကြိုတင်မဲတွေကအောက်တိုဘာ ၁၉ ကနေ နိုဝင်ဘာလ ၅ရက်နေ့ အထိက အသက် ၆၀ကျော်အရွယ်ပေါ့နော် ဒီကိုဗစ်ကြောင့်မဲမပေးနိုင်မယ့်သူတွေအတွက်ကို ရည်ရွယ်ပြီးလုပ်တယ် ဒါက တပိုင်းပေါ့။ ပြီးတော့ ၆ရက်နဲ့ ၇ရက်နေ့အထိ ပေါ့ အဲ့တာက ကိုယ့်ရဲ့ မဲဆန္ဒနယ်ထဲမှာပဲ ရှိတဲ့သူတွေအတွက် ရည်ရွယ်ပြီးတော့ ထားတယ်။ ဒါပေမဲ့ ရေလုပ်သားတို့ သင်္ဘောသားတို့က လမ်းညွှန်ချက်ထဲ သေချာမရှိနေတဲ့အခါကျတော့ပေါင်တင် မဟုတ်ပဲနဲ့ တနင်္သာရီတိုင်းတခုလုံးမှာ ရေလုပ်သားတွေ ဒီလိုအခြေအနေမျိုးတွေကြုံနေရတယ်။ ကျမတို့မြင်တာကတော့- ကြိုတင်မဲနဲ့ပတ်သက်တဲ့ သေချာတဲ့ Procedure တခုပေါ့နော် ရှိဖို့ လိုအပ်နေတယ် လို့မြင်တယ်။အထူးသဖြင့် မဲဆန္ဒနယ်အတွင်းကသူတွေ အဲ့ဒီ့အထဲမှာမှ မသိလိုက်တဲ့သူတွေလည်း ရှိနေတာမျိုးတွေလည်း ရှိနေတယ်ပေါ့နော် ဒါကြောင့် နောက်ပိုင်းမှာ ကျမတို့အကြံပေးလိုတာက တခြားသော နိုင်ငံခြားရောက်ကြိုတင်မဲတွေ လုပ်ပေးသလိုပဲ အခြားသောမဲတွေကို အချုပ်မဲပဲဖြစ်ဖြစ် ဆေးရုံမှာ ကောက်တဲ့မဲပဲဖြစ်ဖြစ် ဥပမာ ရေလုပ်သားတို့ သင်္ဘောသားတို့ပဲဖြစ်ဖြစ် ခရီးထွက်ရတော့သူတွေအတွက် ဘယ်လိုမဲပေးရမယ်ဆိုတဲ့ အစီအစဉ်တွေ ကြိုတင်ပြီး လုပ်ထားသင့်တယ်လို့ ကျမကတော့ အကြံပြုချင်တာပေါ့နော် အဓိကကတော့- Procedure နဲ့Time Line ကို လူတွေက မသိနေကြတာပေါ့နော်။တခုခုကို ထုတ်ပြန်လိုက်မယ်ဆိုရင် အောက်ခြေကနေ အချိန်မှီ မသိနေကြတာမျိုးတွေလည်း ကျမတို့ တွေ့နေရတယ်။"

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မိမိ မဲဆန္ဒနယ်မှာ ရှိနေပေမဲ့လည်း မဲရုံကို ကိုယ်တိုင် မဲမသွားပေးနိုင်တဲ့သူတွေ အတွက်ကိုလည်း သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မနေ့သောကြာနေ့ နိုဝင်ဘာလ ၆ရက်နေ့နဲ့ ဒီကနေ့ နိုဝင်ဘာလ ၇ရက်နေ့ စနေနေ့တွေမှာ ကြိုတင်မဲဆန္ဒပေးနိုင်ကြပါတယ်။ အထူးသဖြင့် ကိုဗစ် ၁၉ ကပ်ရောဂါ ကာလ Stay At Home ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာလည်း ကြိုတင်ဆန္ဒမဲတွေကို မဲဆန္ဒရှင်တွေရဲ့ နေအိမ်တွေမှာ သွားရောက် ကြိုတင်ဆန္ဒမဲကောက်ခံနိုင်ပြီး ကိုဗစ်အတွက် သီးခြားခွဲ ကန့်သတ်နေထိုင်နေရတဲ့Quarantine Center Facility Quarantine Hotel Quarantine Home Quarantine ဝင်နေရတဲ့သူတွေအတွက်ကိုလည်း ကြိုတင်ဆန္ဒမဲပေးခွင့်ရဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဒီကြိုတင်ဆန္ဒမဲပေးတာတွေကို လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေဘက်က သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နဲ့ဆက်သွယ်ပြီးတော့ မဲဆန္ဒရှင်ရဲ့ လျှို့ဝှက် ဆန္ဒပြုခြင်းကို မထိခိုက်စေပဲ ကိုဗစ် ၁၉ ကာကွယ်ရေးနည်းလမ်းတွေနဲ့အညီ လိုက်ပါကြည့်ရှု့နိုင်ကြောင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က အောက်တိုဘာလ ၂၄ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားတာပါတယ်။

တိုက်ရိုက် လင့်ခ်


..........

(Unicode)













XS
SM
MD
LG