သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်လေယာဉ်နဲ့ ဗုံးတွေ ကန် အစ္စရေးကိုပေးမည်


Voaexpress Jan. 2, 2024
Voaexpress Jan. 2, 2024

အစ္စရေးကို ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ဗုံးတွေနဲ့ တိုက်လေယာဉ်တွေ ပေးပို့ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အမေရိကန်က ခွင့်ပြုလိုက်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ခုက ဝါရှင်တန်ပို့စ် သတင်းစာကို အတည်ပြုထားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ စနေနေ့က ဖော်ပြပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာ ကမ်းမြောင်တဝန်းကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်း တသန်းကျော် ခိုလှုံနေတဲ့ ဂါဇာ တောင်ပိုင်း အီဂျစ်နယ်စပ်က ရာဖာကို အစ္စရေးဘက်က မြေပြင် ထိုးစစ်ဆင်မှာကို အမေရိကန်အစိုးရက စိုးရိမ်တကြီးနဲ့ သတိပေးနေချိန်မှာ အခုလို လက်နက် ထောက်ပံ့တဲ့ သတင်းထွက်လာတာပါ။

သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဒီမိုကရက်တစ် ပါတီဝင်တချို့က အစ္စရေး အပေါ် အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေကို ဖြတ်တောက်ဖို့ တောင်းဆိုနေကြချိန်လည်း ဖြစ်ပါတယ်။ လက်နက်ပေးပို့မှုနဲ့ ပတ်သက်ပြီး သမ္မတ အိမ်ဖြူတော်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး ဝါရှင်တန်ရှိ အစ္စရေးသံရုံးကိုလည်း မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ချက်ချင်းတုံ့ပြန်တာမျိုး မရှိသေးပါဘူး။

အခု အသစ် ပေးပို့လိုက်တဲ့ စစ်ရေးအကူအညီတွေထဲမှာ ပေါင် ၂,၀၀၀ အလေးချိန်ရှိ MK84 အမျိုးအစား ဗုံးကြီး ၁,၈၀၀ ကျော်နှင့် ပေါင် ၅၀၀ အလေးချိန်ရှိ MK82 အမျိုးအစား ဗုံးအလုံး ၅၀၀ ပါဝင်ကြောင်း မတ်လ ၂၉ ရက် (သောကြာနေ့)က ဝါရှင်တန်ပို့စ် သတင်းမှာ သတင်းရင်းမြစ်တွေက အတည်ပြုပြောထားပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂါးလန့် (Yoav Gallant) ဟာ အခုသီတင်းပတ်ထဲမှာ ဝါရှင်တန်ကို သွားရောက်ပြီးနောက် အစ္စရေးရဲ့ လက်နက်ဆိုင်ရာ လိုအပ်ချက်တွေကို အမေရိကန် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးနောက် လက်နက်ထောက်ပံ့ရေး ကိစ္စ ဖြစ်လာတာပါ။ အစ္စရေးဟာ အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီတွေကို အဓိက ထိပ်တန်းလက်ခံရရှိနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ အမေရိကန်ဟာ သက်တမ်းကြာရှည် မဟာမိတ် ဖြစ်တဲ့ အစ္စရေးကို နှစ်စဉ် စစ်ရေးအကူအညီ ဒေါ်လာ ၃.၈ ဘီလီယံ ပေးနေတာ ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ဘိုင်ဒင် အစိုးရအဖွဲ့ကြားမှာ ဂါဇာ အရေးနဲ့ ပတ်သက်ပြီး အထူးသဖြင့် စစ်ပွဲ ၆ လ ကျော် လာချိန်မှာ သဘောထား မတိုက်ဆိုင်မှုတွေ သိသိသာသာ တိုးလာနေပေမယ့် တဖက်မှာလည်း အစ္စရေးကို ဆက်လက်ထောက်ခံပေးတဲ့ အနေနဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ လက်နက် ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

အစ္စရေး ဟာမတ်စ် ဂါဇာ စစ်ပွဲ ရက် ၁၀၀
please wait

No media source currently available

0:00 0:03:23 0:00

ဒီအပေါ် ဒီမိုကရက်ပါတီဝင် တချို့နဲ့ အာရပ်အမေရိကန်တွေကတော့ ဒါဟာ အစ္စရေးရဲ့ ကျူးလွန်မှုတွေကို အရေးယူမှုကနေ ကင်းလွတ်နေတာဆိုပြီး ဘိုင်ဒန် အစိုးရကို ပြစ်တင်ဝေဖန်နေကြပါတယ်။

အစ္စရေး အပေါ် အမေရိကန်ရဲ့ ထောက်ပံ့ပေးမှုနဲ့ ဂါဇာ အရေးမှာ အာရပ် အမေရိကန်တွေရဲ့ “ခံစားချက်” နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အသိအမှတ်ပြုကြောင်း သောကြာနေ့တုန်းကတော့ သမ္မတဘိုင်ဒင်က ဝန်ခံထားပါတယ်။

ပါလက်စတိုင်း ဟားမတ်အဖွဲ့က မနှစ် အောက်တိုဘာ ၇ ရက်တုန်းက အစ္စရေး တောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ လူပေါင်း ၁,၂၀၀ သေဆုံးခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေး စစ်တပ်ဟာ လူဦးရေ ထူထပ်ပြီး ကျဥ်းမြောင်းတဲ့ ဂါဇာကမ်းမြောင် တလျှောက် ဗုံးကြဲတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်တွေ ပြင်းပြင်းထန်ထန် လုပ်နေလို့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကိုလည်း အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မတ်လ ၃၀ ရက် (စနေနေ့) အထိ နောက်ဆုံး ထုတ်ပြန်ထားချက် အရ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ အတွင်း ပါလက်စတိုင်း အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူပေါင်း ၃၂,၇၀၀ ထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG