သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G7 ခေါင်းဆောင်တွေနဲ့ သမ္မတဘိုင်ဒန် ယူကရိန်းအရေး ဆွေးနွေး 


ယူကရိန်း အကူအညီပေးရေး အဓိက ဆွေးနွေးတဲ့ G7 ခေါင်းဆောင်များ အွန်လိုင်း အစည်းအဝေး မြင်ကွင်းကို အီတလီနိုင်ငံ ဝန်ကြီးချုပ်ရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်။ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။
ယူကရိန်း အကူအညီပေးရေး အဓိက ဆွေးနွေးတဲ့ G7 ခေါင်းဆောင်များ အွန်လိုင်း အစည်းအဝေး မြင်ကွင်းကို အီတလီနိုင်ငံ ဝန်ကြီးချုပ်ရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်။ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီမိုကရေစီ နိုင်ငံကြီးတွေ ပါဝင်တဲ့ G7 ခေါင်းဆောင်တွေနဲ့ သောကြာနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ပြီး ရုရှား ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်း အပေါ် အကူအညီတွေ ဆက်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။

ဒါဟာ ယူကရိန်း အပေါ် အကူအညီပေးရေးမှာ ဝေဖန်လေ့ရှိသူ ဒေါ်နယ်ထရန့် သမ္မတ ရာထူးယူဖို့ သီတင်းပတ် ၆ ပတ် တောင် မလိုတော့တဲ့ အချိန်မှာ မဟာမိတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။ ယူကရိန်းအတွက် စီးပွားရေးအထောက်အပံ့ပေးမယ့် ကမ္ဘာ့ဘဏ်ရဲ့ ရန်ပုံငွေ အသစ်အတွက် ဒေါ်လာ ၂၀ ဘီလီယံ ထုတ်ပေးဖို့ကို အမေရိကန်က အခု သီတင်းပတ်အစောပိုင်းမှာ ခွင့်ပြုခဲ့အပြီး နောက်ဆက်တွဲ ဆွေးနွေးတာလည်း ဖြစ်ပါတယ်။

ဒီငွေဟာ ယူကရိန်းကို ပေးမယ့် ဒေါ်လာ ၅၀ ဘီလီယံ ချေးငွေအသစ်ထဲမှာ ပါဝင်ပြီး G7 နိုင်ငံတွေမှာ ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေက ရရှိတဲ့ အတိုးဝင်ငွေနဲ့ ပြန်လည်ပေးဆပ်မှာ ဖြစ်ပါတယ်။ ဘိုင်ဒန်ဟာ အခု သီတင်းပတ်အစောပိုင်းတုန်းကလည်း လေကြောင်းရန်ကာကွယ်ရေး၊ အမြောက်၊ ဒရုန်းနဲ့ သံချပ်ကာယာဉ်တွေ ပံ့ပိုးပေးမယ့် ယူကရိန်းအတွက် လုံခြုံရေးအကူအညီအစီအစဥ်အသစ်ကို အတည်ပြုပေးခဲ့ပါတယ်။ ဒါဟာ ရုရှားကျူးကျော်မှုနောက်ပိုင်း အမေရိကန်ရဲ့ ၇၂ ကြိမ်မြောက် ကူညီမှုပေးရေး အစီအစဥ်လည်း ဖြစ်ပါတယ်။

"သမ္မတကရှင်းရှင်းလင်းလင်းပြောထားသလိုပါပဲ၊ ဒီအစိုးရသက်တမ်းကုန်တဲ့အထိ နောက်ထပ် ကူညီပေးရေး အစီအစဥ်တွေ ဆက်လက်ပံ့ပိုးပေးသွားမှာပါ" လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ John Kirby က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လာမယ့် ဇန်န၀ါရီလ ၂၀ ရက်နေ့မှာတော့ ဘိုင်ဒန်ဟာ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ငွေကို အသုံးပြုပြီး ယူကရိန်း အတွက် ကူညီနေတာကို ဝေဖန်ပြောဆိုလေ့ရှိသူ ထရမ့်ကို အာဏာလွှဲပြောင်းပေးရတော့မှာ ဖြစ်ပါတယ်။ ထရမ့်ဟာ ယူကရိန်း စစ်ပွဲကို အလျင်အမြန် အဆုံးသတ်မယ်လို့ မကြာခဏ အသားပေး ပြောဆိုလေ့ရှိပေမယ့် ဘယ်လို ပုံစံနဲ့ အဆုံးသတ်နိုင်မလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ချပြလေ့မရှိပါဘူး။ ဥရောပနိုင်ငံတွေကတော့ ယူကရိန်းကို ဖိအားပေးပြီး အလျှော့ပေးစေမယ့် နည်းလမ်းတွေသုံးလာမှာကို စိုးရိမ်နေကြပါတယ်။

“သမ္မတ Trump ရဲ့ ထောက်ပံ့မှု လျော့ကျသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ယူကရိန်းအတွက် G7 ရဲ့ ထောက်ပံ့မှုဟာ နှစ်ဆတိုးလာတာကို မြင်တွေ့ရဖွယ်ရှိပါတယ်” လို့ RAND Corp လို့ခေါ်တဲ့ အကျိုးအမြတ်မဲ့ မူဝါဒရေးရာ သုတေသနအဖွဲ့က အကြီးတန်းသုတေသီ William Courtney က VOA နဲ့ အင်တာဗျူးတခုထဲမှာ သုံးသပ်ထားပါတယ်။ ရုရှားအပေါ် ထပ်တိုး ဒဏ်ခတ်အရေးယူမှုတွေ ပိုလုပ်လာဖို့ ရှိတယ်လို့လည်း Courtney က VOA ကိုပြောပါတယ်။

သောကြာနေ့က G7 ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲမှာ ယူကရိန်း အရေးအပြင် အရှေ့အလယ်ပိုင်းက ဆီးရီးယားနိုင်ငံမှာ သမ္မတ ဘာရှာအယ်လ်အာဆတ် ဖြုတ်ချခံရပြီး နောက်ပိုင်း အရေးတကြီးနဲ့ အလျင်အမြန် ပြောင်းလဲနေတဲ့ အာဏာအကူးအပြောင်း ဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ကြာသပတေးနေ့က G7 ခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “ဆီးရီးယားမှာ ယုံကြည်နိုင်ဖွယ်ရှိပြီး အားလုံးပါတဲ့ ဂိုဏ်းဂဏမခွဲတဲ့ အုပ်ချုပ်ရေးကို ဦးတည်မယ့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ပံ့ပိုးပေးဖို့ အဆင်သင့်ပါပဲ" လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG