သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ထိန်းသိမ်းခဲ့တဲ့ NLD အမတ် လွှတ်တော်ပြန်တက်


NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း
NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း

(Unicode/zawgyi)

ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက လွှတ်တော်တက်ဖို့အသွား AA ရခိုင်တပ်ရဲ့ အဖမ်းခံခဲ့ရတဲ့ NLDချင်းလွှတ်တော်အမတ် ဒီကနေ့ လွှတ်တော် ပြန်တက်ပါတယ်။ စစ်တပ်ကို သတင်းပေးတယ်ဆိုတဲ့စွဲချက်နဲ့ အဓိကAA က ဖမ်းဆီးခဲ့တာကို ဦးဝှေ့တင်းက ငြင်းဆိုသလို ချင်းပြည်နယ်တွင်း တိုက်ပွဲတွေ အမြန်ဆုံးရပ်ပေးဖို့ တောင်းဆိုပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားလို့ NLD အမတ်ကို ပြန်လွှတ်ပေးခဲ့တာဖြစ်လို့ AA တပ်နဲ့ ဆက်နွယ်တယ်ဆိုတဲ့စွဲချက်နဲ့ AAရဲ့ မိသားစုဝင်တွေ အပါအဝင် အရပ်သားတွေကို ဖမ်းထားတာတွေကိုလည်း ပြန်လွှတ်ပေးဖို့ AA ဘက်က တောင်းဆိုပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ၊ အနိုင်ရပါတီ NLDနဲ့ လွှတ်တော်တွေကနေ အရေးတကြီးအဆိုတင်သွင်းပြီး သူ့ကိုပြန်လွှတ်ပေးရေး အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ နှစ်လကျော်ကြာမြင့်တဲ့အထိ AA ရခိုင်တပ်ဘက်က ထိန်းသိမ်းခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ရက်နေ့မှာတော့ မလွှဲမရှောင်သာ အခြေအနေကြောင့် ယာယီထိန်းသိမ်း ထားခဲ့ရတာဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ AA ရခိုင်တပ်ဘက်က ပလက်ဝမြို့က လုံခြုံဘေးကင်းတဲ့နေရာတခုမှာ ဦးဝှေ့တင်းကို ပြန်လွှတ်ပေးခဲ့တာပါ။

ဒီကနေ့ ဇန်နဝါရီလ ၃၁ရက်နေ့မှာတော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခူမီးအမတ် ဦးဝှေ့တင်း နေပြည်တော် လွှတ်တော်ကို ပြန်တက်ရောက်လာခဲ့ပြီး သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် သူကို ဖမ်းဆီးထားချိန် သူရင်ဆိုင်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြခဲ့ပါတယ်။

“ ကျနော့်ကိုခေါ်တဲ့အချိန် လက်ထိပ်တွေခတ်ပါတယ်။ သူတို့စခန်းမှာ ရောက်တဲ့အချိန်မှာတော့ ခြေကျင်းတွေ ခတ်ပါတယ်။ ကျနော့်ကို ထိပ်တုံးနဲ့ခတ်ပါတယ်။ မေးတဲ့မြန်းတဲ့အခါမှာတော့ ကြမ်းကြမ်းတမ်းတမ်း မေးတာတော့ မရှိပါဘူး။ အဓိက ကျနော့်ကို စွပ်စွဲတာကတော့ မြန်မာ့တပ်မတော်နဲ့ အဆက်အသွယ်လုပ်ပြီး သတင်းမေး သတင်းယူလုပ်တဲ့ နယ်စပ်ဒေသက သူတွေနဲ့ အဆက်အသွယ်လုပ်တယ်ဆိုပြီး နံပတ် ၁ စွပ်စွဲတယ်။ ၂ အချက်ကတော့ အဲ့သတင်းပေးတွေဆီက ရတဲ့သတင်းတွေကို မြန်မာ့တပ်မတော်ကို သတင်းပေးတယ်ဆိုပြီး ဒုတိယစွပ်စွဲတယ်။ တတိယအချက်က ကျနော် လွှတ်တော်ကိုယ်စားလှယ်မတိုင်ခင်က ပလက်ဝမြို့ ခူမီးလူငယ်အသင်းရဲ့ Founder ဖြစ်ခဲ့လို့ ခူမီးလူငယ်တွေကို စည်းရုံးပြီး ပြည်သူ့စစ်သင်တန်း တက်ခိုင်းတယ်လို့ စွပ်စွဲတယ်။ ဒီစွပ်စွဲချက်တွေက ဘာတခုမှ ကျနော်နဲ့မပတ်သက်ပါဘူး။ ဒါရှင်းရှင်းလေးပါ ကျနော်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးသာဖြစ်တဲ့အတွက် ဒေသအကျိုးကိုသာ ကျနော် ဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။”

AA က ပြန်လွှတ်လိုက်တာဟာ အပေးအယူသဘောမျိုး သဘောတူညီမှု ရခဲ့တာရှိသလား၊ ဒါမှမဟုတ် တရုတ်နိုင်ငံလို နိုင်ငံကြီးရဲ့ ဖိအားပေးမှုကြောင့် ပြန်လွှတ်လိုက်တယ်လို့ မြင်ပါသလားဆိုတဲ့ သတင်းမီဒီယာတွေရဲ့ အမေးကိုလည်း ဦးဝှေ့တင်းက အခုလိုပြန်ဖြေခဲ့ပါတယ်။

“ဒါကတော့ နိုင်ငံတော်သမ္မတကြီးအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ကြိုးစားမှု နောက် လွှတ်တော်ဘက်ကလည်း လွှတ်တော် နာယကကြီး နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အားလုံးရဲ့ ကြိုးစားအားထုတ်မှု ဝိုင်းဝန်းဆုတောင်းပေးမှု အပါအဝင် မဲဆန္ဒရှင်ပြည်သူများ ဆုတောင်းပေးမှုကြောင့် အားလုံး ဝိုင်းဝန်းပေးမှုတွေကြောင့် ပြန်လွှတ်ပေးတယ်လို့ ယူဆပါတယ်။”

အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလိုလားလို့ NLD အမတ်ကို AA ရခိုင်တပ်ဘက်က ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး အစိုးရနဲ့စစ်တပ်ဘက် ကလည်း AA ရခိုင်တပ်နဲ့ ဆက်နွယ်တယ် ဆိုတဲ့စွဲချက်နဲ့ AA စစ်ဦးစီးချုပ်ရဲ့မိသားစုဝင်တချို့အပါအဝင် ရခိုင်ဒေသခံတွေကို တရားမဝင် အသင်းနဲ့ ဆက်စပ်မှုတွေနဲ့ စစ်ဆေးဖမ်းဆီး အကျဉ်းချနေတာတွေကိုလည်း ရပ်တန့်ပေးဖို့ AAရခိုင်တပ်ပြောခွင့်ရ ခိုင်သုခက အခုလိုတောင်းဆိုပါတယ်။

“ ကျနော် တော်လှန်ရေး လုပ်တယ်ဆိုရင် ကျနော့်ရဲ့ မိသားစု ဆွေမျိုးတွေ နောက် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တော်လှန်ရေးလုပ်တယ်ဆိုရင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မိသားစုဆွေမျိုးတွေ အဲ့တာ အကုန်လုံး လိုက်ပြီး လျှောက်ဖမ်းနေတာပေါ့နော်။ ဆွေးနွေးပွဲတွေ ရှိနေတယ်ဆိုပြီးတော့ အကြောင်းပြပြီးတော့မှ တဘက်မှာလည်းပဲ တော်လှန်ရေးကိစ္စနဲ့ ပတ်သက်မှုမရှိတဲ့ မိသားစုတွေကို တော်လှန်ရေးလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျနော်တို့ရဲ့မိသားစုတွေကို လိုက်ဖမ်းနေတာတွေရှိတယ်။ အဲ့တာတွေက ဘယ်လိုမှ တရားမျှတမှုမရှိတဲ့ ဆောင်ရွက်ချက်တွေဖြစ်တယ်။ အဲ့တာကြောင့်မို့လို့ အစိုးရနဲ့ စစ်တပ်ဘက်က တကယ်ပဲ ငြိမ်းချမ်းရေးကို လိုချင်လို့ရှိရင်တော့ သူတို့ဘက်ကနေ တကယ်ငြိမ်းချမ်းရေးကို ဦးတည်နိုင်တဲ့ အထူးသဖြင့်ကတော့ တဘက်နဲ့တဘက် ယုံကြည်မှုတည်ဆောက်ရေးကို အထောက်အကူဖြစ်နိုင်တဲ့အလုပ်အကိုင်တွေကို အစိုးရဘက်က စလုပ်ဖို့ လိုတာပေါ့။”

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲ အခုအချိန်အထိ တိုက်ပွဲတွေဖြစ်နေဆဲဖြစ်ပြီး ဒေသခံပြည်သူတွေ မြေစာပင်ဖြစ်နေရတဲ့အပေါ် တိုက်ပွဲတွေ ရပ်စဲပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ဦးဝှေ့တင်းက တောင်းဆိုပါတယ်။ AA ရခိုင်တပ် ပြောခွင့်ရ ခိုင်သုခက စစ်တပ်ဘက်က တပ်အင်အားတိုးချဲ့ချထားမှုတွေနဲ့ လက်ရှိ စစ်ရေးအခြေအနေ အခုလို ပြောပြပါတယ်။

“မနေ့က ပလက်ဝမြို့နယ်ထဲ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်တယ် ရခိုင်တပ်တော်တွေရှိနေတဲ့ ၉၆၉ တောင်ကုန်းကို မြန်မာစစ်တပ်ဘက်က ဂျက်လေယာဉ်နှစ်စင်းနဲ့ သူတို့ ၈ကြိမ်လောက် လာပစ်တာရှိတယ်။ ရဟတ်ယာဉ် ၂စီးနဲ့လည်း ၁၁ကြိမ်လောက် လာပစ်တယ်။ ဆိုတော့ ဇန်နဝါရီၤလ ပစ်ခတ်မှုတွေအတွင်း လေကြောင်းတိုက်ခိုက်မှု အများဆုံး ဖြစ်တယ်လို့ ပြောလို့ရတာပေါ့။ မြေပြင်ကနေပြီးတော့ ၁၂၀ မမ ၁၀၅ မမ အမြောက်တွေနဲ့လည်း အကြိမ်ပေါင်းများစွာ ပစ်တာပေါ့။ စစ်တပ်ဟာ အခုရက်ပိုင်းမှာ တပ်မ ၂ မ အင်အားစုတွေကို ရခိုင် စစ်မျက်နှာဘက်ကို ဆက်လက်ပြီး အင်အားဖြည့်တင်းနေတာတွေရှိတယ်။ ရှေ့ရက်တွေမှာလည်း ရခိုင်ဒေသအနှံ့မှာတော့ တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်လာနိုင်တဲ့အနေအထားရှိတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ရက်နေ့က ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် အိန္ဒိယနိုင်ငံသားတချို့ပါ ပါဝင်တဲ့ ၉ ဦးအဖွဲ့ဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နယ်စပ်အနီး ရေကြောင်းခရီးမှာ ပျောက်ဆုံးသွားခဲ့ပြီးနောက်မှာ AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဘက်က သူတို့ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ဖမ်းဆီးထားစဉ်အတွင်း အိန္ဒိယနိုင်ငံသား ၁ ယောက်က အမောဖောက် သေဆုံးသွားခဲ့ပြီးနောက် နိုဝင်ဘာ ၄ ရက်နေ့မှာ ဦးဝှေ့တင်းကလွဲလို့ ကျန်တဲ့သူအားလုံးကို AA အဖွဲ့က ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် ဦးဝှေ့တင်းကို ဆက်လက်ထိန်းသိမ်းထားတဲ့အပေါ် သူ့အသက်အန္တရယ်လုံခြုံရေးကို မိသားစုအပါအဝင် လွှတ်တော် နဲ့ပါတီဘက်က စိုးရိမ်တကြီးဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(zawgyi)












XS
SM
MD
LG