သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအပေါ် မြန်မာ-အမေရိကန် ရဲအရှိတဦးရဲ့ အမြင်


 NYPD ရဲဌာနအောက် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲအရာရှိ မလှလှစံ
NYPD ရဲဌာနအောက် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲအရာရှိ မလှလှစံ

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စု တဝန်း မေလနှောင်းပိုင်းက စတင်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ Black Lives Matter လူထုဆန္ဒပြပွဲတွေမှာ လုံခြုံရေး ယူပေးခဲ့ရတဲ့ နယူးရောက် NYPD ရဲဌာနအောက် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲအရာရှိ မလှလှစံကို ဗွီအိုအေက Skype ကနေဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။

သူ့ရဲ့ အတွေ့အကြုံအရ ရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒပြသူတွေလား၊ လုယက်ဖျက်စီးမယ့်သူတွေလားဆိုတာ တခါတည်း မြင်နိုင်ဖို့ အခက်အခဲတွေရှိခဲ့ပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်အမြင်အရ ရဲတွေဘက်က အင်အားသုံးဖြေရှင်းတဲ့ နည်းလမ်းကို လက်မခံဘူးလို့မလှလှစံကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး တောင်းဆို၊ ကြိုးပမ်းချက်တွေအပေါ် မြန်မာ အမေရိကန် အမျိုးသမီးရဲအရာရှိကို မအင်ကြင်းနိုင် က Skype နဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်ရမှာပါ။

မေလနှောင်းပိုင်းက စတင်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ Black Lives Matter လူထုဆန္ဒပြပွဲတွေမှာ လုံခြုံရေး ယူပေးခဲ့ရတဲ့ နယူးရောက် NYPD ရဲဌာနအောက် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲအရာရှိ မလှလှစံကို ဗွီအိုအေက Skype ကနေ ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ အတွေ့အကြုံအရ ရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒပြသူတွေလား၊ လုယက်ဖျက်စီးမယ့်သူတွေလားဆိုတာ တခါတည်း မြင်နိုင်ဖို့ အခက်အခဲတွေရှိခဲ့တယ်လို့ မလှလှစံက ပြောပါတယ်။

“လူဆိုးနဲ့ လူကောင်းက အဲဒီအချိန်မှာ ခွဲခြားလို့မရဘူး အဲဒီအပေါ်မှာ ရဲတွေကနေပြီးတော့ အင်အားသုံးတယ် စသဖြင့်လုပ်တဲ့အခါမှာကျတော့ အမရဲ့ အမြင်အနေနဲ့ ပြောရရင် လုယက်တဲ့လူတွေကို နှိမ်နင်းမိတာလား၊ ရိုးရိုး ဆန္ဒပြသူတွေကိုပဲ နှိမ်နင်းမိတာလားဆိုတာက သေချာ အဲဒီအချိန်မှာ မကွဲပြားဘူး မြင်ရတဲ့အမြင်ပေါ်မှာပေါ့နော်။ မကွဲပြားတော့ ဒီအပေါ်မှာ ရဲတွေက နှိမ်နင်းတယ် ၊ အင်အားသုံးတယ်၊ သူတို့တွေက ဖမ်းဆီးတယ် ရိုက်နက်တယ် ဒီလူတွေကို ဆိုတော့ အဲဒီလူတွေဟာ ရိုးရိုးသားသား ဆန္ဒပြတဲ့ လူလား လုယက်တဲ့လူလားဆိုတာက အမတို့ မသိရဘူး မသိရတော့ အဲဒီအပေါ်မှာ အမပြောချင်တာက ဒီလိုအင်အားသုံးတာကို အမအနေနဲ့ လက်မခံဘူးပေါ့နော် မကြိုက်ဘူးပေါ့နော်။

အင်ကြင်းနိုင်။ ။ ရဲတွေဖမ်းဆီးတဲ့အချိန်မှာ လူမည်း အမျိုးသား George Floyd သေဆုံးခဲ့တဲ့ဖြစ်ရပ်၊ နောက်တခါ လူမည်းအမျိုးသား Rayshard Brooks ကိုရဲက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးလို့ သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေမှာ ရဲတပ်ဖွဲ့က အလွန်အကျွံ အင်အားသုံးခဲ့တာတွေရှိပါတယ်။ ဒီအပေါ်မှာ ကိုယ်ကိုတိုင် ရဲအရာတဦးအနေနဲ့ ဘယ်လို မြင်ပါသလဲ။

မလှလှစံ။ ။ ပြောရမယ်ဆိုရင်တော့ ရဲဘက်က လွန်သွားတာပေါ့နော် ၊ ပြောရရင် ရိုးရိုးဖမ်းဆီးလို့ ရရဲ့ သားနဲ့ ဒီလိုမျိုး အင်အားသုံးတယ် ၊ ဘေးက လုပ်ဖော်ကိုင်ဖက်တွေကပါ ဒီလူအပေါ်မှာ support လုပ်ပြီးတော့ ဒီလိုမျိုး ဖမ်းဆီးဖို့ အတွက် အားပေးအားမြောက်လုပ်တယ် ။ ပြီးတဲ့အခါကျတော့ သူတို့မှာ ဖမ်းဆီးနည်းတွေကတော့ အများကြီးရှိပါတယ် ၊ အမတို့ Police Academy တက်ကတည်းက သူတို့ကို အကုန်လုံး သင်ပေးပြီးသား ဒါပေမယ့် အဲဒီဖမ်းဆီးနည်း မျိုးစုံထဲမှာမှ သူ့အနေနဲ့ ဒီလိုမျိုး လူတယောက်အပေါ်မှာ လည်ပင်းကို တက်ဖိပြီးတော့ ဖမ်းရလောက်အောင်ကတော့ မသင့်တော်ဘူးပေါ့နော် အဲဒီလောက်လုပ်ဖို့အထိတော့ မသင့်ဘူးလို့အမတော့ မြင်တယ်။

အင်ကြင်းနိုင်။။ ရဲတပ်ဖွဲ့ဆိုင်ရာ ရန်ပုံငွေကိစ္စမှာ အခြားလူ့အသိုင်းအဝိုင်း အကျိုးပြုလုပ်ငန်းတွေမှာ ခွဲဝေသုံးစွဲဖို့ဆိုတဲ့ တောင်းဆိုချက်တွေအပေါ်မှာ မလှလှစံ ဘယ်လို မြင်ပါသလဲ။

မလှလှစံ။ ။ အဲဒါကောင်းတယ် အမကတော့ အားပေးတယ်။ ဒီရန်ပုံငွေကို တခြားကောင်းတဲ့နေရာ လိုအပ်တဲ့နေရာမှာ အမကတော့ သုံးစေချင်တာပေါ့နော် ဒီလိုတောင်းဆိုလာတာကို အမ လက်ခံတယ် ၊ အားပေးတယ်။

အင်ကြင်းနိုင်။။ အမေရိကန်လွှတ်တော်က ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဥပဒေနဲ့ ပြဌာန်းဖို့ ကြိုးပမ်းချက်တွေကိုရော ဘယ်လိုမြင်လဲရှင့်။

မလှလှစံ။ ။ ကောင်းတဲ့ ပြုပြင်ပြောင်းလဲရေးကို အခုဦးတည်နေပြီလို့ အမ ယုံကြည်တယ် အဲလိုမျိုး ကောင်းတဲ့ဘက်ကို ဦးတည်နေတဲ့ ပြောင်းလဲမှုမျိုးကိုဆိုရင် ကြိုဆိုပါတယ်။ ကောင်းတဲ့ လမ်းကြောင်းဘက်ကို ဦးတည်တာကိုတော့ အရမ်းကို ကြည်နူးမိတယ်ပေါ့ ညီမရယ်။

အင်ကြင်းနိုင်။ ။ ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက နယူးရောက်မြို့မှာ ဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေမှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲအရာတဦးအနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြပါအုံး။

မလှလှစံ။ ။ အဲဒီအရေးအခင်းဖြစ်နေတဲ့ ကာလမှာတော့ အမတို့ လမ်းပေါ်မှာရှိတယ်။ ရဲနဲ့ ဆန္ဒပြသူတွေကတော့ ပြဿနာတော့ သူ့ဟာသူ ဖြစ်ကြတာပေါ့။ အဲဒီကြားထဲမှာ အမတို့ ဘယ်လိုနေရာတွေမှာ နေရသလဲဆိုတော့ intersection တွေမှာ နေရတာပေါ့ ၊ တချို့ကျတော့လည်း ရိုးရိုးအလုပ်သွား၊ အလုပ်ပြန် တာလေးတွေရှိတယ် အဲဒီကာလတွေမှာ တချို့အလုပ်လုပ်နေတဲ့ လူတွေကလည်း ရှိသေးတာကို ဆိုတော့ အဲဒီလိုလူမျိုးတွေ၊ မဆိုင်တဲ့သူတွေ ပြဿနာဖြစ်တဲ့နေရာကို မလာအောင် အမတို့ အနေနဲ့ ဘယ်ကိုသွားမှာလဲ ၊ ဟိုဘက်သွားမှာလား ၊ ဒီဘက်သွားမှာလား ဥပမာ - ပြဿနာဖြစ်နေတဲ့နေရာက ဟိုဘက်မှာ ဆိုပါတော့ အဲဒါဆိုရင် အဲဒီဘက်ကို လုံးဝမသွားနဲ့ ဘယ်နေရာကနေပြီးတော့ ဘယ်လိုပြန်ပါဆိုပြီးတော့ စသဖြင့်ပေါ့ အမတို့က အကြံပေးပြီးတော့ သူတို့ကို ထိခိုက်ဒဏ်ရာမရစေချင်ဘူး၊ နောက်ပြီးတော့ အချိန်မကြာစေချင်ဘူး အဲလိုနည်းနဲ့ အမတို့က ကူညီပေးတာပေါ့နော်။”

ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲအရာရှိ မလှလှစံကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


................


(Unicode)















ဆက်စပ်သတင်းများ ...

XS
SM
MD
LG