သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲနိုင်ရေး အလားအလာ


(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုတဝန်း လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေရဲ့ တောင်းဆိုချက်တရပ်ဖြစ်တဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ ဥပဒေပြုပြင်ပြောင်းလဲရေး မကြာခင် ပြဌာန်းဖို့ အမေရိကန် ဒီမိုကရက်အောက်လွှတ်တော်အမတ်တွေက အပူတပြင်း ပြင်ဆင်နေပါပြီ။

ရီပါပလင်ကန်တွေလွှမ်းမိုးထားတဲ့ အထက်လွှတ်တော်မှာ ဒီဥပဒေမူကြမ်းကို ထောက်ခံမယ့် အလားအလာ ဘယ်လိုရှိမလဲ။ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ လူထု ဆန္ဒပြပွဲတွေရဲ့ ရှေ့ဆက် ဘယ်လိုဖြစ်လာနိုင်မလဲ။

လက်ရှိ အမေရိကန်မှာ ဖြစ်နေတဲ့ အရေးပေါ်အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြးထားပါတယ်။

မအင်ကြင်းနိုင်။ ။ အခုဆိုရင် အမေရိကန် ပြည်ထောင်စု တဝှမ်းဖြစ်နေတဲ့ ဆန္ဒပြပွဲတွေက ဒီသတင်းပတ်မှာတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်လာပြီဆိုတာ တွေ့ရပါတယ်။ George Floyd သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာတဲ့ ဆန္ဒပြပွဲတွေကနေပြီးတော့ အခုဆိုရင် ဒီမိုကရက် အောက်လွှတ်တော်အမတ်တွေကနေပြီးတော့ ရဲတပ်ဖွဲ့ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဥပဒေမူကြမ်းတွေကို တင်သွင်းဖို့လည်း ပြင်ဆင်နေတယ်၊ တင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထူးခြားချက်တွေကို အန်ကယ်ပြောပြပါရှင့်။

ဦးကျော်ဇံသာ။ ။ ရဲတပ်ဖွဲ့ကို ပြင်ဆင်ဖို့လုပ်တာဟာ အောက်ခြေမှာလည်း တချို့မြို့တွေမှာ Minneapolis တို့မှာ စနေပြီ ။ အခုက ဗဟိုဖြစ်တဲ့ အောက်လွှတ်တော်မှာ စတင်တင်သွင်းမယ့်ကိစ္စဟာ တော်တော် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ အဓိကတော့ ရဲတွေကို ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။

ရဲတွေဟာ လူတွေကို ဖမ်းဆီးတဲ့နေရာမှာ ကိုယ်ခန္ဓာမှာ ကင်မရာ တပ်ထားရမယ်။ မှတ်တမ်းတင်ပြီး ဖြစ်ရမယ်။ ဘယ်သူလွန်သလဲ။ တကယ် သူတို့အကြောင်းပြချက်က မှန်ရဲလား၊ သူတို့ဖမ်းရတဲ့ အကြောင်းက၊ နောက်တခါ ကားထဲမှာလည်း မှတ်တမ်းတင်ကင်မရာ ဖွင့်ထားရမယ်။ ဒါတွေဟာ မလုပ်မနေ Must အဲဒီ ဥပဒေမှာ ပြဌာန်းမယ်လို့ ဆိုပါတယ်။ နောက်တခါ ဝါရမ်း မပါပဲနဲ့ တံခါးကို ရုတ်တရက် ခေါက်ပြီးတော့ ဝင်ဖမ်းလို့ မရဘူး။ ဒီလုပ်ရက်တွေကို လုပ်ရင် ဒါဟာ နိုင်ငံသားအခွင့်အရေး ချိုးဖောက်မှုဖြစ်တယ် ဆိုပြီးတော့ အရေးယူခံရမယ် စသဖြင့်ပေါ့လေ။ ဒီလို လေးတွေ သူတို့ ဥပဒေထဲမှာ ရေးထားမှာ ဖြစ်ပါတယ်။ ဒီ ဥပဒေတွေ ၊ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာရင် ရဲတပ်ဖွဲ့ကို ဗဟိုအစိုးရရဲ့ ဘတ်ဂျက်ထောက်ပံ့နေမှုကို ရပ်ဆိုင်းမယ်။ အဲဒီအတိုင်းကို သူတို့ ပြဌာန်းမယ်၊ အဲဒီထဲမှာ အဆိုပြုထားတယ်ဆိုတာသိရပါတယ်။

မအင်ကြင်းနိုင်။ ။ အောက်လွှတ်တော်မှာ အခုလို ရဲတပ်ဖွဲ့ဆိုင်ရာ ပြုပြင်ပြောင်းလဲမယ့် ဥပဒေကြမ်း တင်သွင်းမှာတော့ ဟုတ်ပါပြီ၊ ရီပါပလင်ကန်တွေကြီးစိုးထားတဲ့ အထက်လွှတ်တော်မှာရော ဒီဥပဒေကြမ်းကို ထောက်ခံမယ့် အလားအလာရော ဘယ်လိုရှိသလဲရှင့်။

ဦးကျော်ဇံသာ။ ။ အဲဒါက မေးစရာမေးခွန်းဖြစ်ပါတယ်။ ရီပါပလင်ကန်နဲ့ ဒီမိုကရက်တွေက တော်တော်လေး အပြိုင်အဆိုင်ဖြစ်နေတယ် ။ တချို့သော ရီပါပလင်ကန်အမတ်တွေက ဘယ်လိုပြောနေသလဲဆိုတော့ ရဲဥပဒေကို ပြင်ဆင်မယ့် ဥပဒေကြမ်းကို သူတို့ ရီပါပလင်ကန်တွေက သီးခြားရေးဆွဲမယ်။ အဲလိုလုပ်လာတယ်။ ဒါပေမယ့် တချို့သော အထင်ကရ ပုဂ္ဂိုလ် Mitt Romney လိုမျိုး ရီပါပလင်ကန် အမတ်တယောက်ကတော့ ဆန္ဒပြပွဲကို သူကိုယ်တိုင်သွားပြီးတော့ ပါဝင်ခဲ့တာကို တွေ့ရတယ်။ အဲလို လူတချို့ကတော့ ဥပဒေကြမ်းကို လက်ခံမယ့်ဘက်က ပါလာမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လွှတ်တော်မှာ သူတို့ အခြေတင်ပြေရမယ့် ကိစ္စဖြစ်ပါတယ်။ အဲဒါပြီးမှ အဖြေထွက်လာမှာပါ။

မအင်ကြင်းနိုင်။ ။ တချိန်တည်းမှာပဲ ဆန္ဒပြပွဲတွေကို သမ္မတ Trump ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးဝေဖန်မှုတွေ ရှိပါတယ်။ ဆိုတော့ အခု ဆန္ဒပြပွဲတွေကနေ လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲကိုရော ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိုင်မလဲ။

ဦးကျော်ဇံသာ။ ။ ဒီလူထုတွေက Donald Trump ရဲ့ ကိုင်တွယ်ပုံကို မနှစ်သက်တာ တော်တော်များပါတယ်။ အဲဒါကြောင့် Donald Trump ရဲ့ လူကြိုက်မှုနှုန်းထားဟာ တော်တော်လေး ကျဆင်းသွားတယ်ဆိုတဲ့ သုတေသန စစ်တမ်းတွေမှာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့လက ၉ % ကျဆင်းခဲ့တယ်။ ဒီလမှာဆိုရင် ဘယ်လောက်ထိ ကျဆင်းလာမလဲ မသိဘူး။ ၃၀% လောက်ပဲ သူလုပ်တာတွေကို ကြိုက်ကြတယ်၊ တချို့မကြိုက်ဘူး ။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ဘယ်လောက်အအထိ ရိုက်ခတ်လာမလဲဆိုတာ အဲဒါနဲ့ကြည့်ပြီး အတိအကျ မသိရသေးပါဘူး။ သမ္မတ Trump ကတော့ စီးပွားရေး ကောင်းအောင် လုပ်နိုင်တာနဲ့ အတူ အဓိက ရွေးကွက်ပွဲမှာ ထောက်ခံမှုရအောင် သူလုပ်မယ်လို့ ထင်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ ဆန္ဒပြပွဲတွေရဲ့ ရှေ့ဆက်အလားအလာကရော။ သူတို့ ပိုပြီးပြင်းထန်လာမလား၊ ဒါမှ မဟုတ် ငြိမ်သက်သွားမလား။ ဘယ်လိုတွေ ဖြစ်လာမလဲရှင့်။

ဦးကျော်ဇံသာ။ ။ ဒီပြဿနာမှာ အဓိက အခြေခံ အကြောင်းအရင်း ၂ ခုရှိတယ်။ တခုကတော့ Social injustice လူမှုရေး တရားမျှတမှု တန်းတူမှု မရှိတာပေါ့။ လူမည်းတွေဆိုရင် အနှိမ်ခံရတယ် ၊ တချို့ လူမည်း ဆင်းရဲသားရပ်ကွက်တွေကို ရဲတွေက ဂရုမစိုက်တာ ။ လူမည်းတွေက လူမှုအသိုင်းအဝိုင်းမှာကိုက ချိုးနှိမ်ခံရတာတွေ တချို့ဒေသတွေမှာ တော်တော်များများရှိတယ်။ ဒီ Social injustice ကို သူတို့ ဖယ်ရှားဖို့ လုပ်ရမယ် ။ ဒါက လူ့အသိုင်းအဝိုင်း ဆန္ဒတွေ ပူ ပေါင်းပါဖို့ အများကြီးလိုတယ်။ နောက်တခုကတော့ economic disparity လို့ခေါ်တဲ့ စီးပွားရေး မညီမျှမူဖြစ်ပါတယ်။ Minneapolis မှာဆိုရင် သုတေသန စာရင်းဇယား တွေကို ကြည့်ရင် ကိုယ်ပိုင်အိမ်နဲ့ နေနိုင်သူ ၇၀% ကျော်ကျော်ဟာ အဖြူဖြစ်ပြီးတော့ လူမည်းတွေ အိမ်ပိုင်နဲ့ ဆိုလို့ ၂၀% သာသာပဲ ရှိတယ်ဆိုတာ တွေ့ရပါတယ်။ စီးပွားရေး အနိမ့်အမြင့် ကွာဟလွန်းတာရယ်၊ စောစောက ပြောတဲ့ လူမှုရေး တရားမမျှတမှုတွေက ဒီပြဿနာတွေရဲ့ အခြေခံ အကြောင်းအရင်းတွေပါ ။ ဆိုတော့ အခု ဥပဒေပြုတာတို့က ရဲတွေရဲ့ အပြုအမှုကို ဘယ်လောက်အထိ ထိန်းသိမ်းနိုင်သည်ဖြစ်စေ၊ စောစောက ပြဿနာကြီး ၂ ရပ်ကို ဖြေရှင်းဖို့ ဆက်လက်ပြီးတော့ လှုပ်ရှားကြရမယ်၊ ရုန်းကန်ရမယ်လို့ ထင်ပါတယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ ကျေးဇူးတင်ပါတယ် အန်ကယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ ။

လက်ရှိ အမေရိကန်မှာ ဖြစ်နေတဲ့ အရေးပေါ်အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


...............


(Unicode)
















ဆက်စပ်သတင်းများ ...

XS
SM
MD
LG