သုံးရလွယ်ကူစေသည့် Link များ

ပဋိပက္ခဆိုင်ရာ ကန် ဒု-ဝန်ကြီး မြန်မာပြည်သွားမည်


အမေရိကန် နိုင်ငံခြားရေးဌာန ပဋိပက္ခနဲ့ တည်ငြိမ်ရေးလုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး David Robinson ။

အမေရိကန် နိုင်ငံခြားရေးဌာန ပဋိပက္ခနဲ့ တည်ငြိမ်ရေးလုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Robinson ဟာ ဇွန်လ ၂၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၁၇ ရက် သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scott Marciel နဲ့အတူ မွန်နဲ့ ကရင်ပြည်နယ်တွေကို သွားရောက်ပြီး ဒေသခံ အစိုးရ အရာရှိတွေ၊ လူမှုလူ့အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ ဒေသတွင်းတည်ငြိမ်ရေး ဆိုင်ရာ စိန်ခေါ်မှုတွေ၊ တိုင်းရင်းသား အချင်းချင်းကြား တင်းမာမှုတွေ လျော့ပါးစေဖို့ နည်းလမ်းတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ရန်ကုန်မှာတော့ မတူညီတဲ့ လူမှုအသိုင်းဝိုင်းတွေကြား ပဋိ့ပက္ခတွေ ဖြစ်လာရတဲ့ အကြောင်းရင်းတွေကို အဖြေရှာနိုင်ရေးအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ အကြံပေးဆွေးနွေး မှာ ဖြစ်ကြောင်း ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robinson ရဲ့ အာရှခရီးစဉ်ကို ဇွန်လ ၁၈ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ပထမဆုံး တောင်ကိုရီးယားနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ မစ္စတာ Robinson အနေနဲ့ ဆိုးလ်မြို့တော်မှာ ဇွန်လ ၂၀ - ၂၁ ရက်နေ့တွေမှာ ကျင်းပမယ့် အဓိကအချက်များ အကာကွယ်ပေးရေး တာဝန်ခံယှု ဆိုင်ရာ နိုင်ငံတကာကွန်ယက် Global Network of Responsibility to Protect Focal Pointsရဲ့ ဆဌမ အကြိမ် နှစ်လည်ညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီးအပြန်မှာတော့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robinson ဟာ အမေရိန်ကန် အနောက်ပိုင်း ကယ်လီဖိုးနီးယား ပြည်နယ်က San Francisco Bay ဒေသကို သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ ဇွန်လ ၂၇ ရက်ကျင်းပမယ့် ဆွေးနွေးပွဲမှာ အာရှဖေါင်ဒေးရှင်းအဖွဲ့နဲ့ အရှေ့အာရှဒေသတွင်း CSO လူမှုလူ့အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို ဆွေးနွေမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG