(Zawgyi/Unicode)
Belarus နိုင်ငံမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုတွေ တိုးမြှင့်လုပ်ဆောင်လာတာကြောင့် သမ္မတ Alexander Lukashenko ကို ထောက်ခံသူတွေအပေါ် စီးပွားရေးအရ ပစ်မှတ်ထား အရေးယူဖို့ ဥရောပ ခေါင်းဆောင်တွေကို Belarus အတိုက်အခံခေါင်းဆောင် Sviatlana Tsikhanouskaya က အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။
Lukashenko ရဲ့ခါးပိုက်ဆောင်အိတ်ထဲ ထည့်ထားတဲ့ လူတွေနဲ့ ပုဂ္ဂိုလ် တဦးချင်းစီကို ဘဏ္ဍာရေးအရ ပစ်မှတ်ထား အရေးယူဖို့ Lithuania နိုင်ငံကို ထွက်ပြေးခိုလှုံသွားတဲ့ အတိုက်အခံခေါင်းဆောင် Tsikhanouskaya က သူရဲ့ ဆွီဒင်နိုင်ငံ ခရီးစဉ်အတွင်း ဥရောပသမဂ္ဂကို အခုလို တိုက်တွန်းသွားပါတယ်။
” စီးပွားရေးအရ ဖိအားပေးမှုကသာ ဒီအာဏာရှင်အစိုးရကို ဖယ်ရှားပစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ အဓိကရုန်းနှိမ်နင်းရေး ရဲတွေနဲ့ သူတို့ရဲ့ ပြစ်မှုတွေအတွက် ပေးဖို့ ပိုက်ဆံ မရှိတော့ တာကြောင့်ဖြစ်တယ်။”
Tsikhanouskaya ကိုယ်တိုင်လည်း ရွေးကောက်ပွဲမှာ သူအနိုင်ရကြောင်း ကြေညာထားတာဖြစ်ပါတယ်။ အကြမ်းဖက်ဖြိုခွဲမှုကိုရင်ဆိုင်နေရတဲ့ Belarus ပြည်သူတွေအနေနဲ့ စိတ်ပျက်အားငယ်နေတယ်လို့လည်း အတိုက်အခံခေါင်းဆောင်က ပြောပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုဟာ အခြေခံမူအားဖြင့် ငြိမ်းချမ်းပြီး အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ တုန့်ပြန်တာမျိုး မလိုလားဘူးလို့လည်း Tsikhanouskaya က ပြောပါတယ်။
မြို့တော် Minsk မှာ နိုဝင်ဘာလ (၁၅)ရက်နေ့ တနင်္ဂနွေနေ့က သောင်းနဲ့ချီ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေ သုံးပြီး အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ သြဂုတ်လ (၉ )ရက် သမ္မတ ရွေးကောက်ပွဲမှာ သူအနိုင်ရကြောင်း Lukashenko က ကြေညာပြီးကတည်းက Belarusပြည်သူတွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြလာကြတာ ၁၄ ပတ်ကြာမြင့် လာပြီဖြစ်ပါတယ်။
.............
သမ်မတ Lukashenko ထောကျခံသူတှကေို EU ဒဏျခတျဖို့ Belarus အတိုကျအခံ တိုကျတှနျး
(Unicode)