သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး မြန်မာနစ်နာနေ


(Zawgyi/Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် အထိနာခဲ့တဲ့ မူဆယ်နယ်စပ် ကုန်သွယ်ရေးဟာ ပုံမှန်ပြန်ဖြစ်လာပေမဲ့ တရုတ်နိုင်ငံက မြန်မာသွင်းကုန်တွေကို ကန့်သတ်လာတာ ဈေးကစားတာတွေကြောင့် ကုန်သွယ်ရေး မညီမျှမှုတွေဖြစ်နေကြောင်း မူဆယ်ကုန်သည်တွေက ပြောပါတယ်။

ဆန်အပါအဝင် အရင်က တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကို တရားဝင်ပြန်ပြီး တင်ပို့နိုင်အောင် မြန်မာဘက်က အစိုးရချင်း ညှိနှိုင်းတာတွေ အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့ ကုန်သည်တွေက မျှော်လင့် နေပါတယ်။ မူဆယ်ကုန်သွယ်ရေး အခြေအနေကို မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

မြန်မာပြည်တွင်း အဓိက ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေ သိပ်မရှိတော့တဲ့နောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး ပြန်ကောင်းလာမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ တရုတ်နိုင်ငံဘက်က ဆန်အပါအဝင် မြန်မာဘက်က တခြားစိုက်ပျိုးရေးထွက်ကုန် အများအပြားကို ကန့်သတ် ပိတ်ဆို့မှုတွေ တိုးလုပ်လာတာကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာဘက်က ထိခိုက်၊ နစ်နာမှုတွေ ရှိပါတယ်။

တရုတ်က မြန်မာနိုင်ငံထဲ တင်ပို့တဲ့ ကုန်စည်ပမာဏက အရင်ကထက် ပိုများလာပေမဲ့ မြန်မာကတော့ စိုက်ပျိုးရေးထွက်ကုန်ပဲ တရုတ်ကို အားထား တင်ပို့နေရတာပါ။ တရုတ်ဘက်က ကန့်သတ်ထားတဲ့ ပြည်တွင်းကုန်ပစ္စည်းတွေဟာ တရားမဝင် လမ်းကြောင်းက သွားနေတဲ့အတွက် ဒါတွေကိုလည်း တရားဝင်လမ်းကြောင်းက တင်ပို့နိုင်အောင် ဆောင်ရွက်သင့်ကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးအသင်းရဲ့ တာဝန်ရှိသူ တဦးဖြစ်သူ ဦးစိုင်းခင်မောင်က ပြောပါတယ်။

“ကုန်သွယ်ရေး အနေအထားကလေ balance မဖြစ်ဘူးပေါ့။ တဘက်စောင်းနင်း ဆန်တယ်။ ကုန်သွယ်မှုမှာ ကျနော်တို့က အနုတ်လက္ခဏာ ပြတာပေါ့။ အဲဒီလိုဖြစ်တာကလည်း ကျနော်တို့ဘက်က ပို့ကုန်တွေ နဂိုကတည်းက ရှိတာက စိုက်ပျိုးရေး ပို့ကုန်တွေ လယ်ယာထွက်ကုန် ပို့ကုန်တွေ။ ဆိုတော့ သူတို့ (တရုတ်) က အကြောင်းအမျိုးမျိုးနဲ့ ထိန်းချုပ်ပစ်လိုက်တယ်။ အဲဒီအနေအထားတွေကြောင့်ပါ။ အမှန်အတိုင်း ပြောရရင် ကျနော်တို့ဘက်က တရားဝင်ပို့ကုန် အမယ်တွေ တိုးချဲ့နိုင်တယ်ဆိုရင် ဥပမာ- ကျောက်သံ ပတ္တမြား၊ နောက် တခြား ကန့်သတ်ကုန်တွေ။ အခုလည်း ခိုးထုတ်နေတာပဲ။ အဲဒါကို အခွန်ရအောင် တရားဝင်ဖြစ်အောင် နည်းလမ်း ရှာကြံ ကြည့်နိုင်ရင်တော့ မဆိုးဘူးပေါ့။ ပြည်သူအတွက်၊ နိုင်ငံအတွက် အကျိုးမဖြစ်ဘူး ဖြစ်နေတယ်။”

အခုရက်ပိုင်းအတွင်း မူဆယ်ဘက်ကို တက်သွားတဲ့ ပြည်တွင်းက ဖရဲသီးတင်ကားတွေ အရောင်းမထွက်လို့ သောင်တင်နေပါတယ်။ ဒါကလည်း ပြည်တွင်းဖရဲသီးရဲ့ အရည်အသွေးကြောင့်လို့ တရုတ်ကုန်သည်တွေက ပြောသလို တရုတ်ပြည်တွင်းမှာလည်း ဖရဲသီးက အထွက်ကောင်းနေတဲ့ အခြေအနေ ဖြစ်နေပါတယ်။ လက်တလော ဖရဲသီးဈေးကွက်အခြေအနေကို မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးစခန်းက မိန်မိန်းသစ်သီးပွဲရုံ ပိုင်ရှင် ဒေါ်အေးအေးဝင်းက အခုလို ရှင်းပြပါတယ်။

“တရုတ်ဘက်က အခုရောင်းအားလည်း မကောင်းဘူး။ ပြီးတော့ တရုတ်ပြည်တွင်းကလည်း ပေါ်နေတာလေ။ အဲဒီတော့ တချို့ဝယ်လက်တွေကျတော့ တရုတ်ပြည်မှာပဲ ဝယ်နေတာ၊ တင်နေတာ။ ကျမတို့ မြန်မာပြည် မဆင်းသေးဘူး။ အခုလောလောဆယ် ကျမတို့ မြန်မာပြည်မှာ ကျမတို့ ၁၀၅ မိုင်မှာ ရောင်းနေရတာလည်း ရောင်းအားလည်း တအားများတာလေ။ အဝင်အားလည်း တအားများတာ၊ တရက်တရက်ကို အခုအစီး ၁၅၀နဲ့ ၂၀၀ ကြားမှာ ဝင်တယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတဲ့ သဘောလည်း ရှိတယ်ပေါ့နော်။ ကျမတို့ အရည်အသွေးက ရေဓာတ် တအားများတော့ တရုတ်ပြည်ထဲ ရောက်တော့ အထားမခံဘူး၊ တအားပုပ်တာ။ အဲဒါတွေကြောင့်ဖို့ပေါ့ ဈေးကွက်တွေလည်း မကောင်းတာ။”

အရင်ကရတဲ့ ဖရဲသီးဈေးနှုန်းထက် တဝက်လောက် အကျိုးအမြတ် နည်းသွားတယ်လို့ ဖရဲသီးကုန်သည်တွေက ပြောပါတယ်။

မြန်မာက ပို့ကုန်အနေနဲ့ ဖရဲ၊ သခွားနဲ့ ပဲမျိုးစုံ၊ ရေထွက်ကုန်နဲ့ ကျွဲနွား စတဲ့ကုန်တွေ ကုန်ကားအစီးရေ ၃၀၀ ဝန်းကျင်လောက် တင်ပို့နေပြီး တရုတ်ဘက်ကတော့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ၊ အိမ်ဆောက် ပစ္စည်းတွေနဲ့ ကလေး ကစားစရာတွေ အပါအဝင် စားသောက်ကုန် မျိုးစုံကို တရက် ကုန်ကားအစီး ၁၀၀၀ ကျော်လောက် မြန်မာပြည်ထဲကို နေ့တိုင်း တင်သွင်းနေတာလည်း ဖြစ်ပါတယ်။ ဒါဟာ တရုတ်ဘက်က သွင်းကုန်နဲ့ မြန်မာဘက်ကပို့ကုန် အချိုးအစား ၃ ဆ၊ ၁ ဆမက ကွာဟနေတာလည်း ဖြစ်ပါတယ်။

တရုတ်ဘက်က မြန်မာ့ကုန်ပစ္စည်းတွေကို ကန့်သတ်ချက်တွေ လုပ်လာရတာက တရုတ်အစိုးရရဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲနည်းလည်း အဓိက သက်ဆိုင်နေပါတယ်။ AQSIQ လို့ခေါ်တဲ့ တရုတ် အကောက်ခွန်ဌာနရဲ့ ကုန်ပစ္စည်းအရည်အသွေး စောင့်ကြည့် စစ်ဆေးရေးဌာနက သူ့နိုင်ငံအတွင်းဝင်လာတဲ့ ဘယ်ကုန်ပစ္စည်းမဆို တိုက်ရိုက် ကျပ်မတ် စစ်ဆေးနေတာကြောင့် တရုတ်ဘက်က သတ်မှတ်ထားတဲ့ စံချိန် စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိအောင် မြန်မာဘက်က လက်ရှိမှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်နေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အရာရှိ တဦးက ဗွီအိုအေကို ပြောပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ အချက်အလက်တွေမှာတော့ မူဆယ်နယ်စပ် ကုန်သွယ်ရေးကနေ မြန်မာဘက်က ပို့ကုန်ပမာဏဟာ အခုနှစ် သြဂုတ်လအထိ အမေရိကန်ဒေါ်လာ ၂၉၂၄ သန်း ရှိပြီး တရုတ်ဘက်က သွင်းကုန်ပမာဏကတော့ သန်းပေါင်း ၁၆၁၇ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာအစိုးရဘက်က ထုတ်ပြန်ထားတဲ့ တရားဝင် စာရင်းဇယားဖြစ်ပြီး ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာဘက်က ပို့ကုန်ဟာ တရုတ်ဘက်ကသွင်းကုန်ထက် ၂ ဆနီးပါး များနေတာပါ။ ဒါပေမဲ့ နယ်စပ်ကတဆင့် တရုတ်ကုန် ပစ္စည်းတွေ မြန်မာနိုင်ငံထဲကို တရားမဝင် ဘယ်လောက် ဝင်ရောက်နေတယ် ဆိုတာကတော့ အတိအကျ မသိနိုင်ပါဘူး။ နယ်စပ်ကုန်သွယ်ရေးတွေမှာ အထူးသဖြင့် တရုတ်နဲ့ ကုန်သွယ်ရေးမှာ ယေဘုယျအားဖြင့် လက်ခံထားကြတဲ့အချက်ကတော့ မြန်မာဘက်က နစ်နာမှုတွေ အများကြီးရှိတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

မူဆယ်နယ်စပ်တခုထဲရဲ့ တနှစ်တာ ကုန်စည် စီးဆင်းမှုဟာ တနိုင်ငံလုံး ကုန်သွယ်ရေး ပမာဏရဲ့ ၂၀ ရာခိုင်နှုန်း ရှိတယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

အရင်က မြန်မာဘက်က ကုန်းတွင်းပိတ် တရုတ်ယူနန်ပြည်နယ်ထဲကို ဆန်အပါအဝင် ပြောင်း၊ ပဲတီစိမ်း၊ ကြက်သွန်၊ ဒီဇယ်၊ ရော်ဘာ၊ သကြား၊ သရက်သီး၊ ငါးရှဉ့်၊ ကဏန်းနဲ့ ကျောက်မျက်ရတနာ အချောထည်တွေ တင်ပို့ပါတယ်။ ဒီနှစ်အတွင်းမှာ တရုတ်ရဲ့ ကန့်သတ်မှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေး သိသိသာသာ ကျသွားနိုင်ကြောင်း မူဆည်ကုန်သည် အသိုင်းအဝန်းက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

.......................


(Unicode)














ဆက်စပ်သတင်းများ ...

XS
SM
MD
LG