သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာဆက်ဆံရေး ကျဆင်းလာခြင်းက ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေ ထိခိုက်မလား


မှတ်တမ်းဓါတ်ပုံ- နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ Xi Jinping တို့ ၂၀၁၉ ဧပြီလတုန်းက တွေ့ဆုံစဉ်
မှတ်တမ်းဓါတ်ပုံ- နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ Xi Jinping တို့ ၂၀၁၉ ဧပြီလတုန်းက တွေ့ဆုံစဉ်

(Zawgyi/Unicode)

တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကျဆင်းလာနေတာက မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကိစ္စမှာ စိန်ခေါ်မှုတွေ ပိုကြီးထွားလာနိုင်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသူတချို့က သုံးသပ်ကြပါတယ်။ ၂၁ ရာစု ပင်လုံအစည်းအဝေး ကျင်းပနေချိန်မှာ အကဲခတ်တွေက အဲဒီလို သုံးသပ်တဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်အစည်းအဝေးကို NCA မှာ လက်မှတ်မထိုးရသေးတဲ့ UWSA ဝတပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းအဖွဲ့တွေ မတက်ရောက်ကြပါဘူး။ AA ရခိုင် ၊ TNLA တအာင်းပလောင် ၊ MNDAA ကိုးကန့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာကြောင့်ရော ၊ ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့်ပါ မတက်နိုင်ဘူးလို့ အကြောင်းပြန်ထားပါတယ်။

အရင်တုန်းကလည်း ဒီလို ၂၁ ရာစု ပင်လုံညီလာခံတွေ ကျင်းပတိုင်း အိမ်နီးချင်း တရုတ်အစိုးရ တာဝန်ရှိသူတွေရဲ့ တိုက်တွန်းမှုတွေကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ညီလာခံကို တက်ရောက်လေ့ ရှိတာပါ။ အခုဒီညီလာခံကိစ္စမှာ တရုတ်ရဲ့အခန်းကဏ္ဍက ဘယ်လိုရှိပါသလဲ။ အရင် ငြိမ်းချမ်းရေးညီလာခံတွေမှာ တက်ရောက်လေ့ရှိတဲ့ တရုတ်နိုင်ငံခြားရေးဌာန မြန်မာပြည်ဆိုင်ရာ အထူးသံကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်ကလည်း ဒီတကြိမ်မှာ တက်ရောက်ခြင်း မရှိသလို၊ တိုက်တွန်းမှုတွေ မရှိတာကြောင့် မြောက်ပိုင်းတပ်ဖွဲ့တွေလည်း မတက်ရောက်တာ ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးအကဲခတ် ဦးသန်းစိုးနိုင်က မြင်ပါတယ်။

" AA ကို အကြမ်းဖက် သောင်းကျန်းသူ အင်အားစုအဖြစ် သတ်မှတ်ပြီးတော့ မဖိတ်ကြားတဲ့ကိစ္စက အဓိက အကြောင်းဖြစ်ပါတယ်။ သို့သော် ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မစ္စတာ ဆွန်ကော့ရှန်တို့ကို အကြောင်းကြားပြီး သူတို့ရဲ့ အသိအမှတ်ပြုမှုတော့ ခံယူမယ်လို့ ကျနော်ယူဆပါတယ်။ တရုတ်ကလည်း အဲဒီကိစ္စနဲ့ပတ်သက်လို့ သိပ်ပြီးတော့ ကန့်ကွက်မယ်တို့ .. ပြောမယ်လို့ ကျနော်မထင်ပါဘူး။ "

တရုတ်အစိုးရ တာဝန်သူတွေဘက်က မြန်မာ့ငြိမ်းချမ်းရေးကိစ္စမှာ တက်ကြွမှု နည်းသွားရတာဟာ တရုတ်-မြန်မာ ဆက်ဆံရေး ကျဆင်းလာတဲ့အပေါ် အခြေခံတယ်လို့ ရှမ်းပြည်နယ် သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကလည်း သုံးသပ်ပါတယ်။

" ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားကိုသွားတဲ့အချိန်မှာ ဒီအကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်မှာ အင်အားကြီးနိုင်ငံတွေက ထောက်ပံ့ကူညီနေတာ ရှိတယ်ဆိုပြီး သူက အဲလိုပြောလိုက်တယ်။ ဒါကတခု ပြီးတော့ နေပြည်တော်မှာ တရုတ်သမ္မတ ရှီကျင့်ပင် လာတဲ့အချိန်မှာလည်း ရှီကျင့်ပင်ကို တည့်တည့် ပြောလိုက်တာလည်း ရှိတာပေါ့နော်။ ဆိုတော့ တရုတ်ကို ကျနော်တို့ဘက်က တပ်မတော်ရော အစိုးရရော နှစ်ရပ်စလုံးက ငြိမ်းချမ်းရေးအတွက်ကို စိတ်ချယုံကြည်ရတဲ့ အားပေးမယ့် ထောက်ခံမယ့်သူလို့ မယူဆဘူးဆိုတာ ပေါ်လွင်လာတာပေါ့ ။ ဆိုတော့ အဲဒီဟာက ဒီလိုအစည်းအဝေး လာမတက်တဲ့ကိစ္စရဲ့ နောက်ကွယ်မှာ တရုတ်တို့ရဲ့ ကန့်ကွက်မှု တားဆီးမှု ရှိသလားလို့ မေးရင် တားဆီးကန့်ကွက်တာ မဟုတ်ရင်တောင်မှ တက်တက်ကြွကြွတော့ အားမပေးဘူးလို့ပဲ သုံးသပ်ပါတယ်။ "

တရုတ်အစိုးရဟာ မြန်မာနိုင်ငံတွင်းက သူလိုချင်တဲ့ အကျိုးစီးပွားတွေ မရနိုင်ဘူးဆိုရင် တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တေ ွကို နောက်က ပံ့ပိုးမှုတွေ ပိုကြီးထွားလာနိုင်တယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

" အဲဒီတော့ တရုတ်ရဲ့ ပေါ်လစီကတော့ မီးစတဖက် ရေမှုတ်တဖက် ပေါ်လစီပဲ။ တခုကတော့ သူနဲ့ မြန်မာနိုင်ငံနဲ့ လုပ်နေတဲ့ အကျိုးစီးပွားတွေ မထိခိုက်တဲ့ ဘောင်အတွင်းမှာ နယ်စပ်က ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေ ဆက်လက်တည်ရှိရေးကို သူကတော့ အခြားတဖက်ကနေ ပံ့ပိုးနေပုံရပါတယ်။ အခုလာမယ့် ကာလတွေမှာ တရုတ်က အဲဒီပေါ်လစီကို ပိုပြီးတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိမ့်မယ်လို့ ယူဆပါတယ်။ အဲဒါ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကန်ကန်က မြန်မာအစိုးရနဲ့ တရုတ်ကြားမှာရှိနေတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တတ်နိုင်သလောက် ဖြိုခွဲမယ့် အလားအလာတွေ မြင်တွေ့နေရလို့ပါ။ အဲဒီလို လုပ်လာခဲ့ရင် တရုတ်က သူ့အနေနဲ့ ဒီနယ်စပ်အဖွဲ့အစည်းတွေကို ဖိအားပေးတာ ငြိမ်းချမ်းရေးဘောင်ထဲ သွပ်သွင်းတာ ဘာညာ လုပ်မှာမဟုတ်ပါဘူး။ သူက အဲဒီအင်အားစုတွေကို ပြန်သုံးလာနိုင်တဲ့ အနေအထား ရှိပါတယ်။"

ဒီလိုဆိုရင် မြန်မာအစိုးရ ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဆက်လက်ညှိနှိုင်းရမယ့် ငြိမ်းချမ်းရေးကိစ္စတွေဟာ ရှေ့ဆက် မတိုးနိုင်ပဲ ဖြစ်လာနိုင်တဲ့အပေါ် စိုးရိမ်မိတယ်လို့ ဦးရဲထွန်းက ရှုမြင်ပါတယ်။

" တရုတ်က အခုထက်ထိတော့ အဲဒီအဖွဲ့အစည်းတွေနောက်မှာ သူ မရှိပါဘူး မကူပါဘူးဆိုပြီး ဗြောင် ငြင်းနေပေမယ်လို့ မြန်မာနဲ့ တကယ် အဆင်မပြေတော့ဘူးဆိုပြီး ဖြစ်လာရင် သူကလည်း ဟိုအဖွဲ့တွေဘက်က ဗြောင်ရပ်လာမယ့် အနေအထားမျိုးကို ကျနော်ကတော့ စိုးရိမ်တယ် ။ နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေ မကောင်းတော့ပဲ တဘက်နဲ့တဘက် အပြန်အလှန်ယုံကြည်မှု ကင်းမဲ့နေတဲ့ အောက်မှာ ဒီ လက်နက်ကိုင်အဖွဲ့အစည်းတွေကို သူတို့ ထောက်ပံ့ နေတာကတော့ ပေါ်ပေါ်ထင်ထင် မရှိတဲ့ ထောက်ပံ့မှုတွေကတော့ ဆက်ရှိနေမှာပါပဲ။"

ဒါပေမဲ့လည်း တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ ပါဝင်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးဖို့ အဆင့် ၃ ဆင့် ကမ်းလှမ်းချက်ကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပါဝင်တဲ့ ညီနောင်မဟာမိတ် အဖွဲ့တွေက လက်ခံကြောင်း တရားဝင် အကြောင်းပြန်ကြားထားတယ်လို့အစိုးရက သြဂုတ်လ ၁၇ ရက်နေ့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်


................

(Unicode)












ဆက်စပ်သတင်းများ ...

XS
SM
MD
LG