သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ အမေရိကန်တို့ရဲ့ ရေကြောင်းအင်အား ပြိုင်ဆိုင်မှု


တောင်တရုတ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်နေတဲ့ တရုတ်ရေတပ်သေင်္ဘာများ။ (ဇန်နဝါရီ ၂၊ ၂၀၁၇)
တောင်တရုတ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်နေတဲ့ တရုတ်ရေတပ်သေင်္ဘာများ။ (ဇန်နဝါရီ ၂၊ ၂၀၁၇)

(Zawgyi / Unicode)

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာဆိုရင် အမေရိကန်သမ္မတ Joe Biden အစိုးရရဲ့ တရုတ်ရေးရာ မူဝါဒကို စမ်းသပ်ဖို့ ရည်ရွယ်တာလို့ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို ကျင့်သုံးဆောင်ရွက်တဲ့ အနေနဲ့ အမေရိကန်ဘက်က အငြင်းပွား ပင်လယ်ပြင်အတွင်း လေယာဉ်တင်သင်္ဘောအုပ်စု စေလွှတ်ခဲ့ပြီး ၃ ရက်အကြာ ဇန်နဝါရီလ ၂၇ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တရုတ်က ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တာလို့ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် ကွပ်ကဲရေးဌာန ကြေညာချက်က ဖော်ပြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ အမေရိကန်သမ္မတ Joe Biden အစိုးရကို တရုတ်အစိုးရဘက်က ကနဦး သတင်းစကားပါးလိုက်တာ ဖြစ်တယ်လို့ ပညာရှင်အဖွဲ့တခုဖြစ်တဲ့ Rand Corporation ရဲ့ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ Timothy Heath က ဗွီအိုအေ မန်ဒရင်းဘာသာဌာနကို ပြောပါတယ်။

Biden ဘက်ကသာ လိုလားတယ်ဆိုရင် တရုတ်ဘက်က ထိပ်တိုက်တွေ့ရေး မူဝါဒတွေကို တိုးမြှင့်ကိုင်စွဲဖို့ ပိုင်းဖြတ်ချက်ကို ပြသတဲ့ ဆောင်ရွက်ချက် တစိတ်တပိုင်း ဖြစ်တယ်လို့ ရှုမြင်တဲ့အကြောင်း သူက ပြောခဲ့ပါတယ်။

အင်အားကြီးလာတဲ့ တရုတ်ရေတပ်

ဒီနှစ်ပိုင်းတွေအတွင်း တရုတ်ရေတပ်ဟာ မြန်မြန်ဆန်ဆန် အင်အားကြီးလာပြီး ပစိဖိတ် အနောက်ပိုင်းဒေသတွင်း စစ်အင်အားချိန်ညှိမှုကို ပြောင်းလဲလာစေပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရုတ်စစ်အင်အားအပေါ် နှစ်ပတ်လည် သုံးသပ်ချက်မှာတော့ ခေတ်မီ စစ်ဘက်ဆိုင်ရာ နယ်ပယ်အတော်များများမှာ တရုတ်က အမေရိကန်ကို အမီလိုက်လာတယ်၊ ဒါမှမဟုတ်လည်း ကျော်လွန်လာတယ်လို့ ဖော်ပြထားပါတယ်။

အခုဆိုရင် တရုတ်ဟာ ကမ္ဘာ့အကြီးဆုံးရေတပ် ရှိနေပါတယ်။ အမေရိကန်ထက် ကြီးပါတယ်။ နည်းပညာသစ်တွေနဲ့ ရေငုပ်သဘောၤတွေ၊ ဖျက်သဘောၤတွေ၊ ကုန်း-ရေ နှစ်သွယ်သွား သင်္ဘောတွေနဲ့လည်း တပ်ဖြည့်ထားတယ်လို့ Foundation for Defense of Democracies က ပညာရှင် Craig Singleton က ဗွီအိုအေကို ပြောပါတယ်။ တရုတ်နဲ့ အင်အားသာလွန်မှု ယှဉ်ပြိုင်မှုကို သူက အဓိကထားပြီး ပြောပါတယ်။

ယှဉ်ကြည့်မယ်ဆိုရင် အမေရိကန်ရေတပ်အင်အားက ပိုပြီး နည်းပါတယ်။ သင်္ဘောတွေက ဟောင်းနေပါပြီ။ သင်္ဘောအသစ်တွေ ဆောက်ဖို့ကလည်း ငွေပုံအောသုံးရမှာပါလို့ သူက ပြောသွားတာပါ။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ဖော်ပြချက်အရ ၂၀၂၀ ပြည့်နှစ်အတွင်း သင်္ဘောထုတ်လုပ်မှုမှာ အရေအတွက်အားဖြင့် တရုတ်က ထိပ်တန်းဖြစ်ခဲ့ပါတယ်။ တရုတ်ရေတပ်မှာ သင်္ဘောနဲ့ ရေငုပ်သင်္ဘော ၃၅၀ လောက်နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ရှိနေပါပြီ။ ယှဉ်ကြည့်မယ်ဆိုရင်တော့ ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ အမေရိကန် ရေတပ် တိုက်ခိုက်ရေးတပ်က သင်္ဘောအစီးရေ ၂၉၃ စီး ရှိတယ်လို့ နှစ်ပတ်လည် သုံးသပ်ချက်က ဖော်ပြပါတယ်။

တရုတ်ရေတပ် ကြီးထွားလာမှုက အမေရိကန်အတွက် စိန်ခေါ်ချက်ကြီးတခု ဖြစ်တယ်လို့ Hudson Institute က ရေတပ်စစ်ဆင်ရေးတွေနဲ့ စစ်တပ် ယှဉ်ပြိုင်မှုများဆိုင်ရာ ကျွမ်းကျင်သူ Bryan Clark က ဗွီအိုအေ မန်ဒရင်းဘာသာဌာနကို ပြောပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) က သင်္ဘောအများအပြားနဲ့ ထိုင်ဝမ်၊ နောက် Senkaku ကျွန်းစုတွေ အနီးတဝိုက်က ပင်လယ်ပြင်မှာ ပိုပြီး ထိန်းချုပ်လာနိုင်တာကြောင့် အမေရိကန်ရေတပ်အနေနဲ့ မိတ်ဘက်တွေ၊ မဟာမိတ်တွေကို ကာကွယ်ရေး ပိုပြီး ခက်ခဲလာမယ်လို့ သူက ပြောခဲ့ပါတယ်။ ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ ကွဲကွာနေတဲ့ ဒေသတခုအဖြစ် တရုတ်က ရှုမြင်တာပါ။ နောက် ဂျပန်က လက်ရှိထိန်းချုပ်ထားတဲ့ Senkaku ကျွန်းစုကိုလည်း သမိုင်းကို ထောက်ပြပြီး တရုတ်က ပိုင်ဆိုင်ကြောင်း ပြောနေတာပါ။ တချိန်တည်းမှာပဲ Senkaku ကျွန်းစုကို ထိုင်ဝမ်ကလည်း သူပိုင်ကြောင်း ပြောနေပါတယ်။

အရင်သမ္မတ Donald Trump အစိုးရကတော့ ဒေသတွင်း ပင်လယ်ပြင်မှာ တရုတ်ဘက်က ပိုင်ဆိုင်တယ်လို့ ပြောဆိုထားချက် အားလုံးကို ဇူလိုင်လအတွင်းက ပယ်ချခဲ့ပါတယ်။ ဒါဟာဆိုရင် အရင် အမေရိကန် မူဝါဒကနေ ပြောင်းလဲလာတာပါ။ တရုတ်နဲ့ အိမ်နီးချင်းတွေကြား အငြင်းပွားမှုတွေကို ကုလသမဂ္ဂ အငြင်းပွားမှုဆိုင်ရာ ခုံသမာဓိရဲ့ အဆုံးအဖြတ်ကို ခံယူဖို့ အရင်က အခိုင်အမာ ရပ်တည်ခဲ့တာပါ။ တောင်တရုတ်ပင်လယ်ပြင်ကို တရုတ်ရဲ့ ရေပြင်ပိုင်နက် အင်ပါယာအဖြစ် တရုတ်အစိုးရဘက်က ပြုမူလာမှာကို ကမ္ဘာက ခွင့်ပြုမှာမဟုတ်ဘူးလို့ အရင် နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo ကလည်း ပြောဆိုခဲ့တာပါ။

တရုတ်ရေတပ်ရဲ့ ရည်မှန်းချက်က ပစိဖိတ်သမုဒ္ဒရာတင် မဟုတ်ပါဘူး။ တရုတ်ရေတပ်ဟာ အိန္ဒိယသမုဒ္ဒရာ၊ မြေထဲပင်လယ်နဲ့ Baltic ပင်လယ်ပြင်တွေထိ လှုပ်ရှားနေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ခဲ့တဲ့ အစီရင်ခံစာ တစောင်ထဲမှာတော့ ပြီးခဲ့တဲ့ လပေါင်း ၃၀ အတွင်း ကမ္ဘာတလွှား တရုတ်ရေတပ် တပ်ချမှုဟာ နှစ်ပေါင်း ၃၀ အတွင်း တပ်ချမှုထက် ပိုပြီးများတယ်လို့ ဖော်ပြခဲ့တာပါ။

Toshi Yoshihara ဟာ အမေရိကန် ကာကွယ်ရေး မူဝါဒတွေကို အဓိက သုံးသပ်တဲ့ CSBA - Center for Strategic and Budgetary Assessments က ဖြစ်ပါတယ်။ CSBA က ဒီလအစောပိုင်း ထုတ်ခဲ့တဲ့ အစီရင်ခံစာကို ပူးတွဲပြုစုသူလည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ့အကြီးဆုံး ရေတပ်ကို အောင်အောင်မြင်မြင် တည်ဆောက်ရေးနဲ့ တပ်ချရေး မျှော်မှန်းတဲ့ တရုတ်ဟာ အမေရိကန် လုံခြုံရေးအစီအစဉ် ချမှတ်သူတွေကို သာလွန်ခဲ့တယ်လို့ သူက ပြောပါတယ်။

ယှဉ်ပြိုင်နိုင်စွမ်း ထိန်းထားနိုင်ရေး

အမေရိကန်ရေတပ်ရဲ့ ဆောင်ရွက်နိုင်စွမ်းကို ထိန်းထားနိုင်ရေး ရည်ရွယ်ပြီး နှစ်ပေါင်း ၃၀ သင်္ဘောတည်ဆောက်ရေး အစီအစဉ်သစ်ကို ဒီဇင်ဘာလ အတွင်းမှာပဲ သမ္မတ Trump အစိုးရက တင်ပြခဲ့ပါတယ်။ ဒီအစီအစဉ်ထဲမှာဆိုရင် ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ် စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘော ထုတ်လုပ်မှု တိုးမြှင့်ဖို့ ဖော်ပြထားပါတယ်။ နှစ်ပေါင်း ၃၀ အပြီးမှာ ရေတပ်မှာ သင်္ဘော ၄၀၅ စင်းထိ ရှိလာမယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်ကိုတင်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါပေမယ့်လည်း တိုးချဲ့ရေးအတွက် အစိုးရဘက်က ဆောင်ရွက်လာခြေ အပေါ်မှာတော့ သုံးသပ်သူတွေက သံသယ ရှိနေကြပါတယ်။ ကာကွယ်ရေးဝန်ကြီး Lloyd Austin ကို လွှတ်တော် အတည်ပြုရေး ကြားနာပွဲမှာ သင်္ဘောတည်ဆောက်ရေး အစီအစဉ်ကို ထောက်ခံသလားလို့ မေးခဲ့တာမှာတော့ ဆွေးနွေးဖု့ိ လမ်းဖွင့်ထားကြောင်းသာ ဖြေကြားခဲ့ပါတယ်။

ဒီကနေ့အတွက်တင် မဟုတ်ဘဲ မနက်ဖြန်အတွက်ပါ ဆီလျော်သင့်မြတ်မယ့် လိုအပ်တဲ့စွမ်းရည်မျိုးကို ထိန်းထားနိုင်ဖို့က အရေးကြီးတယ်လို့ ယူဆကြောင်း သူက ဖြေကြားခဲ့ပါတယ်။ တကယ်လို့ အတည်ပြုခံရရင်တော့ လိုအပ်ချက်တွေကို ဖြည့်ဆည်းထောက်ပံ့နိုင်ရေး ပိုပြီး နားလည် သိရှိနိုင်ဖို့အတွက် ရေတပ်ခေါင်းဆောင်ပိုင်းနဲ့အတူ ပူးတွဲ ဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီလအစောပိုင်းက အမေရိကန်ရေတပ်အတွက် ၁၀ နှစ်တာ အစီအစဉ်ကို ကြေညာတာမှာတော့ အမေရိကန် ရေတပ်အကြီးအကဲ Mike Gilday က အရေးပေါ်ဖြစ်နေတဲ့ ဒီကိစ္စကို အစိုးရက နားလည်ဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိ တရုတ်ဘက်က ဆောင်ရွက်နေတာတွေ အပေါ်မှာ အခြေခံပြီး အဆင်သင့်ရှိမှု၊ ဆောင်ရွက်နိုင်စွမ်းနဲ့ စွမ်းရည်၊ သင်္ဘောသားတွေနဲ့ ပတ်သက်ပြီး အလေးထား ဆောင်ရွက်ဖို့ လိုအပ်နေတာတွေကို မျက်ကွယ်ပြုထားမယ်ဆိုရင် ဒီရာစုနှစ်အတွင်း ပြန်လည်ထူထောင်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ ယူဆတဲ့အကြောင်း အမေရိကန် ရေတပ်အကြီးအကဲက ပြောဆိုခဲ့ပါတယ်။

------------------------

(Unicode)





















XS
SM
MD
LG