သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်အတားအဆီးကြောင့် ရန်ကုန်အခြေခံလူတန်းစား အခက်ကြုံ


COVID-19 ကူးစက်ပျံ့နှံ့မှု ဆိုးနေတဲ့ ရန်ကုန်မြို့က လမ်းတလမ်းမှာ အတားအဆီး ပြုလုပ်ထားတဲ့မြင်ကွင်း။ (အောက်တိုဘာ ၁၊ ၂၀၂၀)
COVID-19 ကူးစက်ပျံ့နှံ့မှု ဆိုးနေတဲ့ ရန်ကုန်မြို့က လမ်းတလမ်းမှာ အတားအဆီး ပြုလုပ်ထားတဲ့မြင်ကွင်း။ (အောက်တိုဘာ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုဗစ်ကူးစက်မှု အများဆုံး ရင်ဆိုင်နေရတဲ့ ရန်ကုန်တိုင်းအတွင်း နေအိမ်မှာပဲ နေကြဖို့အမိန့် ထုတ်ပြီးနောက်ပိုင်း လုပ်ငန်းအတော်များများ ရပ်ထားရတာကြောင့် အခြေခံလူတန်းစားတွေ နေ့စဉ်စားသောက်ရေး အခက်ကြုံလာပေမယ့် သိသာမြင်သာတဲ့ ကူညီထောက်ပံ့မှု မရဘူးလို့ ပြောဆိုနေကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်းထဲက ပြည်သူတွေ နေအိမ်မှာပဲ နေကြဖို့ဆိုတဲ့ Stay at Home အမိန့်ကို ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့တာ အခုဆို ၃ ပတ်ကြာလာပြီ ဖြစ်ပါတယ်။

ဒီကာလအတွင်းမှာ ရောဂါကူးစက်မှာကို စိုးရိမ်တာကြောင့်ရော နယ်မြေကျော်ပြီး သွားလာခွင့် ပိတ်ထားတာကြောင့်ပါ အငှားယာဉ်မောင်းသမားတွေ အခက်ကြုံနေရပုံကို မြောက်ဒဂုံမြို့နယ်က ကိုယ်ပိုင်ယာဉ် ပြေးဆွဲသူ ဦးသန့်ဇင်ဦးက ပြောပါတယ်။

“ကားကတော့ ဆွဲတာ ရပ်တဲ့ပုံစံ ဖြစ်သွားတာပေါ့နော်။ Owner ကြေးနဲ့ မဖြစ်မနေ မောင်းရမယ့် လူတွေကျတော့ ကားတွေ ပြန်အပ်ကုန်တာပေါ့။ Owner အတော်များများဆီမှာ ကားတွေပုံနေတာကို တွေ့ရတယ်။ မြောက်ဒဂုံဆိုရင် အစိုးရက အဲလို ဝေခြမ်းရေးအစီအစဉ် လုံးဝမရှိဘူး။ မရှိတော့ လွှတ်တော်ကိုယ်စားလှယ်တဦးက သူ့ Facebook Page ကနေပြီး သူ့ဆီကို Comment နဲ့ လှမ်းတောင်းရင် သူက သွားကူပေးတယ်။ တော်ရုံ မရှိရုံနဲ့တော့ တယ်လီဖုန်းနံပါတ်ပေးပြီး တောင်းကြမှာ မဟုတ်ဘူးလေ။ တော်တော်ကြီးကို ခက်လို့ တောင်းကြတာ၊ အဲဒါ သူသွားသွားပေးတယ်။ ဆန်တို့ ဆီတို့ ကြက်ဥတို့ ခေါက်ဆွဲခြောက်တို့ပေါ့။”

Stay at Home အမိန့် စတင်ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းထဲက ပြည်သူတွေ စားသောက်ရေး ပြေလည်စေဖို့ စားနပ်ရိက္ခာကို ခွဲတမ်းနဲ့ဖြန့်ဝေဖို့ စီမံဘဏ္ဍာဝန်ကြီးဌာနက အစည်းဝေးကျင်းပပြီး ပြင်ဆင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဒါပေမယ့် ခုချိန်ထိ ဘယ်လို အခြေခံစားသောက်ကုန်မျိုးမှ လာရောက်ကူညီတာ မရှိသေးဘူးလို့ မင်္ဂလာဒုံမြို့နယ် ဆံပင်တုစက်ရုံတခုမှာ လုပ်နေတဲ့ မခိုင်ခိုင်က ပြောပါတယ်။

“အခု နောက်ထပ် ၁၄ ရက် တရားဝင် ထပ်ပိတ်လိုက်ပြီ။ ပိတ်ထားတဲ့အတွက် အခြေခံလစာ မပေးနိုင်ဘူးလို့ စက်ရုံက ပြောတယ်။ အခုလိုကာလအတွင်းမှာ ကျတော့ ဒီလိုမျိုး ဆန်တို့ဘာတို့ ဘာညာ ဘယ်သူ့ဆီကမှ ရတာလည်းမရှိဘူး။ အရမ်း အခက်အခဲတွေရှိနေတော့ ဘယ်လို စားသောက်ရမှန်းတောင်မှ မသိဘူးလို့၊ ကြုံတွေ့နေရတဲ့သူတွေ ဒီ မင်္ဂလာဒုံ တမြို့နယ်လုံးမှာ ၃ ပုံ ၂ ပုံလောက်တော့ ရှိတယ်ရှင့်။”

ရန်ကုန် ယုဇနပလာဇာမှာ အဝတ်ထည်တွေရောင်းတဲ့ ကိုဂျက်ကတော့ သူတို့ဈေးတွေ ပိတ်ထားရပြီး ဆိုင်အလုပ်သမားတွေလည်း နေ့စဉ်စားသောက်ရေး ပြဿနာကို လုံးပမ်းနေရတယ်လို့ ဆိုပါတယ်။

“ဈေးလည်းပိတ်တယ်၊ ဆိုင်လည်း ပိတ်ထားရတာပေါ့။ စီးပွားရေးလည်းမရှိတော့ ဒီဝန်ထမ်းတွေအတွက်က ထိခိုက်ကြတယ်ပေါ့နော်။ နောက်တော့ဗျာ ဆိုင်ခန်းငှားပြီး လုပ်စားနေရတဲ့ လူတွေဆိုရင် လုပ်ငန်းကလည်း မဖြစ်ဘူး၊ ဆိုင်စရိတ်လည်း တက်နေတယ်။ ကျနော့်အလုပ်သမားတွေဆို ငွေချေးနေကြပြီ၊ ပေါင်နေကြပြီ၊ သူတို့အတွက်က မနက်ဖြန်အတွက်ဆိုတာ မရှိဘူးဗျ။ အဲဒီတော့ အစိုးရကတော့ ဆန် အရန်တွေ အများကြီးရှိတယ်လို့ ပြောတာပဲ။ အခြေခံလူတန်းစားတွေ ပေးတာ ကျနော်တော့ မကြားမိဘူး။”

ကိုဗစ်ကြောင့် လူမှုဖူလုံရေးခံစားခွင့် မရှိတဲ့ အလုပ်သမားတွေအတွက် စားဝတ်နေရေး အခက်အခဲကို ကူညီဖို့ အစိုးရက ကျပ်ငွေဘီလီယံ ၂၀ သုံးစွဲဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ဒီရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့ပါတယ်။

ရောဂါကူးစက်မှုတွေ ခုထက်ပိုပြီး ဆက်တိုးဖြစ်နေဦးမယ်ဆိုရင် နေ့စဉ်ဘဝ အခြေအနေကို မတွေးဝံ့ဘူးလို့ စက်ရုံအလုပ်သမ မခိုင်ခိုင်က ညည်းတွားပါတယ်။

“ဒီလို အခက်အခဲဖြစ်နေတဲ့ အချိန်မှာပေါ့နော်၊ စက်ရုံဘက်က အပြည့်အစုံ မပေးနိုင်ရင်တောင်မှ ဖူလုံရေးကပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် အခြေခံလစာကို ရာခိုင်နှုန်း သင့်တော်သလောက်လေး ထည့်ပေးစေချင်တယ်။ လက်ရှိ စားရေး သောက်ရေး နေလို့ရ ခိုလှုံလို့ ရဖို့လေးအတွက်လောက်ပဲ တောင်းဆိုချင်တာပါရှင့်။”

ရန်ကုန်တိုင်းအတွင်း မင်္ဂလာဒုံမြို့နယ်ဟာ စက်ရုံအလုပ်ရုံ အများစုရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။

ဒီအတောတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေက အလုပ်ရှင်၊ အလုပ်သမားတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ သတ်မှတ်လမ်းညွှန်ချက်တွေနဲ့ အညီ လိုက်နာဆောင်ရွက်ထားတာ ရှိမရှိကို တိုင်းအစိုးရက စိစစ်ပြီး အဆင့် A ရှိတယ်ဆိုရင် ကုန်ကြမ်းယူ၊ ကုန်ချောပေး လုပ်နေတဲ့ လက်ခစားလုပ်ငန်း (CMP) စက်ရုံ အလုပ်ရုံတွေ၊ အသေးစား၊ အလတ်စား လုပ်ငန်းတွေကို အောက်တိုဘာ ၁၂ ရက် တနင်္လာနေ့ကစလို့ ပြန်လည်လုပ်ကိုင်ခွင့် ပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးက စနေနေ့မှာ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)
















XS
SM
MD
LG