သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဆေးရုံတချို့ ကိုဗစ်အထူးကုသဌာနအဖြစ် ပြောင်းလဲ


ရန်ကုန်မြို့ ကွာရမ်တင်းစင်တာတခုမှာ COVID-19 သံသယလူနာ ရှာဖွေရေး လုပ်ဆောင်နေတဲ့ PPE ဝတ်စုံပြည့်ဝတ် စေတနာ့ဝန်ထမ်းများ။ (အောက်တိုဘာ ၁၊ ၂၀၂၀)
ရန်ကုန်မြို့ ကွာရမ်တင်းစင်တာတခုမှာ COVID-19 သံသယလူနာ ရှာဖွေရေး လုပ်ဆောင်နေတဲ့ PPE ဝတ်စုံပြည့်ဝတ် စေတနာ့ဝန်ထမ်းများ။ (အောက်တိုဘာ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ တနေ့ကို သံသယရှိသူ လူတသောင်းခွဲဝန်းကျင်အထိ ဓာတ်ခွဲနမူနာယူ စမ်းသပ်နေပြီး COVID-19 ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူက တနေ့ကို တထောင်ကျော်အထိ တိုးလာနေပါတယ်။ ဒီအတွက်လည်း ရန်ကုန်မြို့က ဆေးရုံတချို့ကို ကိုဗစ်ကုသရေးဌာနတွေအဖြစ် ပြောင်းလဲ ဖွင့်လှစ်နေပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါပိုးကို အချိန်တိုတိုနဲ့ အဖြေမြန်မြန် သိရှိနိုင်အောင် ဓာတ်ခွဲစမ်းသပ်မှုတွေကို တိုးပြီး လုပ်ဆောင်နေသလို ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် သံသယလူနာတွေကို သတ်မှတ်အုပ်စုတွေ ခွဲပြီး စီမံချက်နဲ့ စစ်ဆေးနေတာပါ။ အောက်တိုဘာလ ၈ ရက်နေ့က လူ ၁၂,၀၀၀ ကျော် စစ်ခဲ့တာမှာတော့ လူ၁,၀၀၀ ဝန်းကျင် တွေ့ခဲ့ပါတယ်။ မနေ့တုန်းကတော့ စံချိန်တင် လူပေါင်း ၁၅,၃၀၀ ကျော် ဓာတ်ခွဲစစ်ခဲ့တာမှာတော့ ရောဂါပိုးရှိသူ လူပေါင်း ၁,၄၆၁ ဦးအထိ ဓာတ်ခွဲအတည်ပြုနိုင်ခဲ့ပါတယ်။

ဒါကြောင့် ရောဂါလက္ခဏာပြင်းထန်ပြီး နောက်ခံရောဂါဝေဒနာတွေပါ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ ကိုဗစ်လူနာတွေအတွက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်ပေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“လက်ရှိမှာတော့ ပိုးစစ်ဆေးနိုင်မှုနှုန်းက အရင်ကထက်စာရင် သုံးဆလောက် များလာတယ်လို့ ပြောလို့ရပါတယ်။ မနေ့ကတော့ ပိုးစစ်ဆေးနိုင်မှုက အများဆုံးပဲ။ ၁၅,၀၀၀ ကျော်သွားပြီးတော့ ၁,၄၀၀ လောက် ပိုးတွေ့တယ်ဆိုတော့ ပိုးတွေ့နှုန်းအနေနဲ့လည်း ၉.၅ ရာခိုင်နှုန်းလောက်ရှိတယ်။ များများစစ်တော့ ပိုးတွေ များများတွေ့နေပါတယ်။ သို့သော် ရောဂါလက္ခဏာ ပြင်းထန်တယ်၊ အသက်ကြီးတယ်၊ နောက်ခံရောဂါတွေ ရှိနေတဲ့သူတွေကို တလက်စတည်း နောက်ခံရောဂါတွေပါ သေချာစိတ်ချရအောင် ကုသပေးနေတာ ဖြစ်တဲ့အတွက် အနည်းဆုံး ဆေးရုံမှာ ၂၁ ရက် နေရပါမယ်။ ဒါကြောင့် ဆေးရုံဆင်းတဲ့သူနဲ့ ပိုးတွေ့ရှိလို့ ဆေးရုံအသစ်တက်ရတဲ့သူနဲ့မှာ အခုထက်ထိ Demand and Supply ကတော့ ကွာခြားနေတုန်း ဖြစ်ပါတယ်။

“ဒါပေမယ့်လို့ ပိုးတွေ့ရှိသူတိုင်းကို ဆေးရုံမှာတင်ထားတာ မဟုတ်ဘဲနဲ့ သုဝဏ္ဏလို ကျိုက္ကဆံ၊ မြောက်ဥက္ကလာ စတဲ့ ရန်ကုန်တိုင်းမှာ နေရာ ၄၀ ကျော် ရှိပါတယ်။ နောက်ခံရောဂါရှိတယ်၊ အသက်ကြီးတယ်၊ အခုလက်ရှိမှာလည်း ဝေဒနာခံစားနေရတဲ့ သူတွေအတွက် ကိုဗစ်ကုသရေးဌာန ကိုဗစ်ကုသတဲ့ဆေးရုံ အတွက် နောက်ထပ် ၄ ရုံ ထပ်တိုးချဲ့ထားပါတယ်။ ဒါတွေဆီပို့ပြီး ကုသမှုပေးဖို့ ဆောင်ရွက်နေတယ်။ ဖောင်ကြီးရယ် ဝေဘာဂီရယ် တောင်ဥက္ကလာရယ်၊ အခု ရန်ကုန်ဆေးရုံကြီးရယ် သင်္ဃန်းကျွန်းဆေးရုံကြီးရယ် အင်းစိန်ရယ် မြောက်ဥက္ကလာဆေးရုံကြီးရယ်ပေါ့နော်။ ဒီဆေးရုံ ၄ ရုံ ထပ်တိုးချဲ့တယ်။ ဒီနေ့ဆိုရင်လည်း ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေစထားတယ်။ မနေ့ကလည်း ထားတယ်။ အင်းလျားစင်တာကိုလည်း ဒီနေ့ညနေ ၆ နာရီကစပြီး စလက်ခံပါမယ်။ ဒါဆိုရင်တော့ အထူးကုသမှုပေးဖို့ လိုအပ်တဲ့ လူနာတွေအတွက် ကုသပေးနိုင်ဖို့အတွက်က အတော်လေးကို အနေအထားအရဆိုရင်တော့ အားကောင်းလာပြီလို့ ပြောလို့ရပါတယ်။”

အခုဆိုရင် ကိုဗစ်ကြောင့် သေဆုံးမှုက ၆၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ မိမိမှာ ကိုဗစ်ရောဂါလက္ခဏာ သံသယရှိတယ်ဆိုရင် အသက်ဆုံးရှုံးမှုမဖြစ်ဘဲ အရေးပေါ်ဆေးကုသမှု ခံယူနိုင်အောင် ချက်ချင်း နီးစပ်တဲ့ ကျန်းမာရေးဌာနကို အကြောင်းကြား ကုသဖို့ကိုလည်း ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းပါတယ်။

“ကျမတို့ နောက်ထပ် စီစဉ်နေတာတခု ရှိပါတယ်။ ဒါကတော့ Self Reporting ပါ။ Self Reporting ဆိုတာ လူနာက ကိုယ်တိုင် ဝေဒနာခံစားနေရတယ်ဆိုရင် ကိုယ်တိုင်သတင်းပို့တဲ့ စနစ်ပေါ့။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် Contact Tracing လို့ခေါ်တဲ့ ရောဂါရှိသူတွေကို ရှာဖွေထောက်လှမ်းတဲ့အခါမှာ ဒါက အများကြီး အထောက်အကူပြုပါမယ်။ ဒီစနစ်ကိုလည်း မကြာခင် ဆောင်ရွက်ဖို့ ရှိပါတယ်။ ရောဂါဖြစ်ပွားမှု နည်းနိုင်သမျှ နည်းစေဖို့ သေဆုံးမှုလည်း နည်းစေဖို့ ကုသပေးနေသလို လိုအပ်တဲ့ အောက်ဆီဂျင်ဘူးကအစ ဖြည့်ဆည်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။

“ဒါကြောင့် ရောဂါဆိုးမှ ဆေးရုံကို လာတာမျိုးတွေ မလုပ်သင့်ပါဘူး။ လက်ရှိအနေအထားအရ ဒါတွေဟာ ပေါ့ဆလို့မရပါဘူး။ ရောက်ပြီး ၁ နာရီ၊ ၂၄ နာရီအတွင်း သေဆုံးမှုတွေလည်း အများကြီးရှိနေပါတယ်။ ဘယ်လိုမှ ကျန်းမာရေးဝန်ထမ်းတွေဘက်က ကယ်ဆယ်လို့ မရခဲ့ပါဘူး။ မကယ်ဆယ်နိုင်တဲ့အတွက် ဆေးရုံကို စောစောရောက်လာကြဖို့ဆိုတာ အလွန်ကို အရေးကြီးပါတယ်။ ပြည်သူလူထု တယောက်ချင်းစီကလည်း လိုက်နာရမယ့် စည်းကမ်းချက်တွေကို လိုက်နာပြီး မိမိအသက်ကို တတ်ကျွမ်းတဲ့ ဆေးပညာရှင်တွေလက်ထဲ အပ်နှံရမှာဖြစ်ပါတယ်။ ဒါလေးကို သတင်းစကား ပါးချင်ပါတယ်။”

ရောဂါကူးစက်မှုတွေ မပျံ့နံှ့ရအောင်လည်း ပြည်တွင်းကူးစက်မှု များပြားနေတဲ့ ပြည်နယ်နဲ့ တိုင်းတွေရဲ့ နယ်စပ်ချင်း ကူးလူးဆက်ဆံမှုတွေမှာ အထူးဂရုစိုက် စစ်ဆေးနေသလို ပြည်သူလူထုကြားမှာလည်း ရောဂါမပြန့်ပွားရအောင် COVID-19 ကူးစက်မှုကာကွယ်ရေး အထူးကြပ်မတ် ဆောင်ရွက်နေပါတယ်လို့ ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အောင်က ပြောပြပါတယ်။

“ကျနော်တို့ဆီမှာက နယ်စပ်ဝင်ပေါက် ၆ ပေါက်ရှိတယ်။ အဓိကကတော့ ကားတွေကို အကုန်စစ်နေပါတယ်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်ရော စစ်နေတယ်။ ကျနော်တို့ဘက်က ပင်လယ်ဘက် ရေလမ်းဘက်တွေလည်းရှိတော့ ဒါတွေလည်း အဝင်အထွက်အကုန်လုံး ကြပ်ကြပ်မတ်မတ် လုပ်နေပါတယ်။ ကူးစက်မှုအနည်းဆုံးနဲ့ သေဆုံးမှု အနည်းဆုံးဖြစ်အောင် လုပ်ဖို့ပဲ ကြိုးစားလုပ်ကြဖို့ ရှိပါတယ်။ အဓိကကတော့ လူစုလူဝေး လုံးဝရှောင်ရမယ်။ လုပ်စရာရှိတာ မြန်မြန်လုပ် မြန်မြန်သွား မြန်မြန်ပြန် နောက် လက်ကို အမြဲဆေးနေရမယ်။ အိမ်ပြန်ရောက်လည်း အဝတ်စား ချက်ချင်းလဲပစ်လိုက်ပါ။ ကျနော်တို့ဆီမှာ အခုလောလောဆယ်တော့ အများပြည်သူသုံးတဲ့ ယာဉ်တွေတော့ ပိတ်ထားတယ်။”

အောက်တိုဘာလ ၁၀ ရက်နေ့ ည ၈ နာရီ နောက်ဆုံးစာရင်းအရ တနေ့တည်း ကိုဗစ်တွေ့ရှိသူပေါင်း ၂,၁၅၈ ဦး ထပ်မံတွေ့ရှိတာကြောင့် နိုင်ငံတဝန်း COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြု ၂၆,၀၆၄ အထိရှိလာနေပြီး နောက်ထပ် ၃၂ ဦး သေဆုံးတာကြောင့် အခုဆိုရင် ကိုဗစ်ကြောင့် သေဆုံးမှုပေါင်း ၅၉၈ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)













XS
SM
MD
LG