သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကမ္ဘာ့ဆင်ဆာဖြတ်တောက်မှု အဆိုးဆုံးထိပ်တန်း ၁၀ နိုင်ငံ CPJ ထုတ်ပြန်


Eritrea နိုင်ငံဟာဆိုရင် ကမ္ဘာပေါ်မှာ မီဒီယာ အပေါ် ဆင်ဆာ တည်းဖြတ်မှု အများဆုံး နိုင်ငံ ဖြစ်တယ်လို့ သတင်းသမား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ CPJ က ပြောဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က အင်္ဂါနေ့က ထုတ်တဲ့ အစီရင်ခံစာ ထဲမှာ Eritrea ကို ကမ္ဘာပေါ်မှာ ဆင်ဆာတည်းဖြတ်မှု အများဆုံး ထိပ်တန်း ၁၀ နိုင်ငံ စာရင်းရဲ့ ထိပ်ဆုံးမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အီရီတြီးယားရဲ့ ရုပ်သံလွှင့် မီဒီယာ အပေါ် တရားဝင် ဆက်ပြီး ချုပ်ကိုင်ထားပြီး နိုင်ငံပိုင် မီဒီယာက သတင်းထောက်တွေကိုလည်း ထိန်းချုပ်ထားတဲ့ အပြင် သတင်းအချက်အလက်တွေ ရရှိရာ တခြား ရင်းမြစ်တွေ ဖြစ်တဲ့ အစိုးရ ထိန်းချုပ်တဲ့ အင်တာနက်၊ နောက် ပြည်ပ ရေဒီယို အသံလွှင့် ဌာနေတွေကိုလည်း တားမြစ်ထားတယ်လို့ စောင့်ကြည့် အဖွဲ့ CPJ က ပြောဆိုထားပါတယ်။ ဆာဟာရ သဲကန္တာရ တောင်ပိုင်း အာဖရိက ဒေသတွင်းမှာ အီရီတြီးယား နိုင်ငံက သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချမှုမှာ အဆိုးရွားဆုံး နိုင်ငံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း အနည်းဆုံး သတင်းထောက် ၁၆ ယောက်ကို ထောင်ချခဲ့တယ်လို့လည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

အီရီတြီးယား နိုင်ငံသားတွေက တခြား သတင်းအချက်အလက် ရရှိရာ အရင်းအမြစ်တွေ သုံးစွဲခွင့် မရှိဘူးဆိုတာကို အစိုးရက ငြင်းဆိုပါတယ်။ မီဒီယာ အပေါ် ဆင်ဆာ တည်းဖြတ်မှု အများဆုံး ထိပ်တန်း သုံးနိုင်ငံထဲမှာတော့ အီရီတြီးယား ပြီးရင် မြောက်ကိုရီးယားနဲ့ တာ့ခ်မင်နစ္စတန် နိုင်ငံတို့က နောက်က လိုက်ပါတယ်။ ဒီနိုင်ငံတွေမှာ မီဒီယာကို အစိုးရ အာဘော် ဖော်ပြဖို့ အတွက် အသုံးပြုနေပြီး လွတ်လပ်တဲ့ သတင်းတွေကို ပြည်ပကနေဘဲ ဆောင်ရွက်ကြရတယ်လို့လည်း CPJ က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG