သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာသတင်းလွတ်လပ်ခွင့် အခြေအနေ မြန်မာသတင်းသမားတွေ ရှင်းပြ


မြန်မာသတင်းလွတ်လပ်ခွင့် အခြေအနေ မြန်မာသတင်းသမားတွေ ရှင်းပြ (VOA-Aung Sway)

မြန်မာနိုင်ငံမှာ သတင်းထောက်တွေ၊ သတင်းမီဒီယာတွေဟာအစိုးရရဲ့ မျက်ခြေမပြတ်စောင့်ကြည့်မှုကို ခံနေရပြီး သတင်းလွတ်လပ်ခွင့်အခြေအနေဟာလည်း ပိုဆိုးရွားလာနေတယ်လို့ မြန်မာသတင်းထောက်တွေကပြောပါတယ်။ အမေရိကန် အထက်လွှတ်တော် အဆောက်အဦးမှာကျင်းပတဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဆိုင်ရာ ရှင်းလင်းပွဲအတွင်း အခုလို ပြောလိုက်တာပါ။ ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့မြန်မာနိုင်ငံအနှံ့အပြားက လူ့အခွင့်အရေးချိုးဖေါက်မှုအခြေအနေတွေကိုလည်း မျက်ချည်မပြတ်စောင့်ကြည့်ပြီး ထုတ်ဖေါ်ပြောကြားဖို့ တိုက်တွန်းပါတယ်။ ဒီအကြောင်း ကိုယ်တိုင်သတင်းသွားရောက်ယူခဲ့တဲ့ ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။

Russell အမေရိကန်အထက်လွှတ်တော်အဆောက်အဦးမှာ ကျင်းပတဲ့ အန္တရယ်ကျရောက်နေတဲ့ သတင်းလွတ်လပ်ခွင့်ဆိုတဲ့ခေါင်းစဉ်နဲ့ ရှင်းလင်းပွဲအတွင်း ဆုတ်ယုတ်လာနေတဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေကိုမြန်မာသတင်းထောက်တွေက ရှင်းလင်းပြောကြားခဲ့ပါတယ်။ မေလ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ဒီရှင်းလင်းပွဲအတွင်း အရပ်သားအစိုးရလက်ထက် လွန်ခဲ့တဲ့ ၂ နှစ်တာကာလမှာ အစိုးရက သတင်းသမားတွေအပေါ် ပိုတင်းတင်းကြပ်ကြပ် ကိုင်တွယ်လာတယ်လို့ ဧရာဝတီသတင်းဌာန သတင်းထောက် ကိုလ၀ီဝမ်က ပြောကြားပါတယ်။

"ကျနော်က တကယ့်တကယ်က Conflict Reporter ပေါ့ ပဋိပက္ခဖြစ်တဲ့နေရာကို လိုက်ပြီးတော့ ရေးတဲ့သတင်းထောက်ဆိုတော့ အစုံသွားတယ်ပေါ့။ ကချင်တို့ရှမ်းတို့ ပလောင်တို့ ရခိုင်လည်းသွားဖူးတယ်ပေါ့။ အဲဒီအချိန်တုန်းက ကျနော်အစကသွားတုန်းကဆိုရင် အဲဒီခေတ်တုန်းက ဘာမှဖြစ်ခဲ့တာမရှိဘူးပေါ့နော်။ ဒါပေမယ့် ၂၀၁၇တုန်းက အဖမ်းခံရတော့ ပထမထင်တာပေါနော့်၊ ဒီမိုကရေစီဆိုတော့ သတင်းထောက်ကို မဖမ်းဘူးလို့ထင်တယ်ပေါနော့်။ ဒီမိုကရေစီဆိုတော့ သတင်းထောက်က ပြည်သူနဲ့ အလုပ်အကျွေးပြုမယ် နောက်ပြီးတော့ စတုတ္ထ မဏ္ဍိုင်လို့သူတို့ပြောထားတော့ အဲဒီမှာသွားယုံနေတယ်။ တကယ်အဖမ်းခံရတော့မှ ပြန်စဉ်းစားတော့ မဟုတ်သေးဘူးခင်ဗျ။ သတင်းလွတ်လပ်မှုရှိပြီလားဆိုတော့ မရှိသေးဘူးခင်ဗျ"

၂၀၁၇ ခုနှစ် ဇွန်လကုန်ပိုင်းက ကိုလ၀ီဝမ်အပါအ၀င် တခြား သတင်းထောက် ၂ဦးဟာTNLA ခေါ် တအာင်း ပလောင် တပ်ဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အခမ်းအနားကို သွားရောက် သတင်းယူခဲ့တာကြောင့် အဖမ်းခံခဲ့ရပါသေးတယ်။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ နိုင်ငံတ၀ှမ်းက လူ့အခွင့်အရေးအခြေအတွေကိုလည်း စောင့်ကြည့်ပြီး ထောက်ပြပြောဆိုဖို့ ကိုလ၀ီက အကြံပြုပြောဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် စတဲ့နေရာတွေမှာလည်း စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ပဋိပက္ခတွေအတွင်း အရပ်သားသိန်းနဲ့ချီဟာ အိုးအိမ်စွန့်ခွါထွက်ပြေးနေရတဲ့ အခြေအနေကိုလည်း သူကထောက်ပြခဲ့ပါတယ်။သတင်းလွတ်လပ်ခွင့် အခြေအနေ ရှင်းလင်းတင်ပြတဲ့ပွဲမှာတော့ ကိုလ၀ီဝမ်အပါအ၀င်၊ ပူလစ်ဇာဆုရှင် သတင်းထောက် မအက်စသာထူးစံ၊ လူ့အခွင့်အရေးအခြေအနေ စောင့်ကြည်အကဲခတ်လေ့လာနေတဲ့ မအိမ့်သီရိသူတို့လည်း တက်ရောက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက Emily Walsh ကလည်း ရခိုင်ပြည်နယ်က ပဋိပက္ခတွေအကြောင်း စုံစမ်းဖေါ်ထုတ်ရင်း အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရတဲ့ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အပါအ၀င် မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်အခြေအနေကို မီးမောင်းထိုးပြချင်တာကြောင့် အခုလို ရှင်းလင်းပွဲကျင်းပတာဖြစ်ကြောင်း ပြောပါတယ်။

"သတင်းသမားတဦးဖမ်းဆီးထောင်ချခံရပြီဆိုရင် သူနဲ့ဆက်စပ်ပတ်သက်နေတဲ့ပတ်ဝန်းကျင်တခုလုံးကိုထိခိုက်စေတာပါ။ သတင်းသမားရဲ့လုပ်ဖေါ်ကိုင်ဖက်တွေ၊ သူ့ရဲ့မိသားစုဝင်တွေ၊ သူ့ရဲ့ လူမှုမိတ်ဆွေအသိုင်းအ၀ိုင်း၊ အားလုံးကို ထိခိုက်တာပါ။ ဘာတွေဖြစ်နေသလဲ ဆိုတာကို နိုင်ငံတကာအသိုင်းအ၀ိုင်းက သိနိုင်ဖို့ သတင်းက သိပ်ပြီးအရေးကြီးပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေကိုဖေါ်ထုတ်အရေးယူနိုင်ဖို့ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်လို အဖွဲ့အစည်းတွေကို သတင်းတွေ တင်ပြနိုင်ဖို့လိုပါတယ်။ သတင်းလုပ်ငန်းလုပ်တာဟာ ပြစ်မှုမဟုတ်ပါဘူး။ ဒါကို ထင်ထင် ရှားရှား သိစေနိုင်ဖို့ကျမတို့ဒီကနေ့ ဒီကိုရောက်နေတာပါ။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချက်ချင်းလွှတ်ပေးသင့်ပါတယ်။"

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို ဆုချီးမြှင့်ပေးအပ်ခဲ့တဲ့ Pen America အဖွဲ့ရဲ့ ၀ါရှင်တန်ဆိုင်ရာ ညွှန်ကြားရေးမှူး Thomas Melia ကလည်း မြန်မာ့ သတင်းလွတ်လပ်ခွင့်အခြေအနေကို အခုလို ထောက်ပြခဲ့ပါတယ်။

"မြန်မာပြည်မှာ တလွဲတချော်တွေဖြစ်ပျက်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ၀မ်းနည်းဖို့လည်းကောင်းပါတယ်။ လွတ်လပ် စွာ ရေးသားဖေါ်ထုတ်ခွင့်နဲ့ပတ်သက်ပြီး သတင်းလုပ်ငန်းဟာ မြန်မာပြည်မှာ ပိုဆိုးဝါးလာနေပါတယ်။ ၂၀၁၅ရွေးကောက် ပွဲကတက်လာတဲ့ NLD အရပ်သားအစိုးရ က လွှတ်တော်မှာဦးဆောင်လာပြီးကတည်းက လွတ်လပ်စွာရေးသားပြောဆို ဖေါ်ထုတ်ခွင့်တွေအပေါ် စစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့တွေက နှိပ်ကွပ်မှုတွေပိုပြီးတိုးလာခဲ့တာပါ။ အခြေအနေတွေက စိတ်ဝင် စားဖို့လည်းကောင်းတယ်။ စိုးရိမ်ဖို့လည်းကောင်းပါတယ်။"

လွန်ခဲ့တဲ့ မေလ ၂ ၂ ရက်နေ့တုန်းကလည်း Pen American အဖွဲ့ဟာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို Barbey Freedom to Write ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ နယူးယောက်မြို့က ဒီဆုပေးပွဲအခမ်းအနားကိုတော့ မိသားစုဝင်တွေက ကိုယ်စား ဆုလက်ခံရယူခဲ့ပါတယ်။ ဒီကနေ့ကျင်းပတဲ့ မြန်မာ့သတင်းလွတ်လပ်ခွင့် အခြေအနေရှင်းလင်းပွဲ ဖြစ်မြောက်ရေးအတွက် Amnesty International, သတင်းထောက်များကာကွယ်ရေးအဖွဲ့ CPJ နဲ့ နယ်စည်းမထား သတင်းထောက်များအဖွဲ့တို့ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG