သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Democratic Party ညီလာခံမှာ ပြောကြားသွားတဲ့ အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်


ဒီတပတ် English American-style Idioms ကဏ္ဍမှာ Philadelphia မှာမကြာမီက ကျင်းပခဲ့တဲ့ ဒီမိုကရက်ပါတီ (Democratic Party) ညီလာခံမှာ အထင်ကရ ပုဂ္ဂိုလ်တွေပြောကြားခဲ့တဲ့ မိန့်ခွန်းတွေမှာထည့်သွင်းသုံးနှုန်းခဲ့တဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ To pass the baton, A piece of cake နဲ့ Give me a break တို့ကို တင်ပြထားပါတယ်။

(၁) To pass the baton

To pass (လက်ဆင့်ကမ်းပေးတာ)၊ the baton (တုတ်တို) ဖြစ်ပြီး စကားစုတခုလုံး တိုက်ရိုက်အဓိပ္ပါယ်ကတုတ်တိုကို လက်ဆင့်ကမ်းပေးတာ ဖြစ်ပါတယ်။ ဒီနေရာမှာ the baton က သာမန်တုတ်တို မဟုတ်ပါဘူး။ Relay လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွေမှာ အပြေးသမားတွေ တဦးနဲ့တဦး လက်ဆင့်ကမ်းပေးရာမှာ အသုံးပြုတဲ့ တုတ်တိုကို ဆိုလိုတာ ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ အီဒီယံအသုံးကတော့ ရာထူးတာဝန်ကို လက်ဆင့်ကမ်း လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။ ဒီမိုကရက်ပါတီညီလာခံမှာ ပြောကြားခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းမှာ သမ္မတသက်တမ်း (၂) ကြိမ် ထမ်းဆောင်ခဲ့ပြီးဖြစ်တဲ့ သမ္မတ Obama က သူ့ရဲ့နောက်ဆုံးသမ္မတသက်တမ်း ပြီးဆုံးခါနီးဖြစ်တဲ့အတွက်ကြောင့်၊ နောက်တက်မယ့် သမ္မတအဖြစ် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း Hillary Clinton ကို ထောက်ခံတဲ့အကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သမ္မတ Obama ပြောကြားခဲ့တာက၊

And now I’m ready to pass the baton and do my part as a private citizen.

အခု ကျနော်အနေနဲ့ ရာထူးတာဝန်လွှဲပြောင်းပေးဖို့ နဲ့ သာမန်နိုင်ငံသားတာဝန်ကို ထမ်းဆောင်ဖို့အဆင်သင့် ဖြစ်နေပါပြီ။

(၂) A piece of cake

A piece (အပိုင်းတပိုင်း)၊ of cake (ကိတ်မုန့်ရဲ့) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကိတ်မုန့်ရဲ့ အပိုင်းတပိုင်း ဖြစ်ပါတယ်။ ကိတ်မုန့်ဆိုတာက အရသာရှိလှတဲ့အတွက် လူတိုင်းနှစ်ခြိုက်တာမို့ ၊ ကိတ်မုန့်တပိုင်းစားရသလိုဆိုပြီး တင်စားပြောတဲ့ဒီအသုံးရဲ့အီဒီယံအဓိပ္ပါယ်နေ့စဉ်ဘဝမှာ သိပ်ကိုအခြေအနေကောင်းတာ၊ လုပ်ဖို့က လွယ်ကူတာ၊ စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ပေးနိုင်တာ၊ လျှောလျှောရှုရှု အခက်အခဲမရှိ လုပ်ပေးနိုင်တာမျိုးကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတဟောင်း Bill Clinton က သူ့ဇနီး Hillary Clinton အနေနဲ့ နောက်တက်မယ့် သမ္မတ ဖြစ်ထိုက်ကြောင်း ထောက်ခံပြောကြားတဲ့ မိန့်ခွန်းမှာ Hillary Clinton ရဲ့မိခင်ဖြစ်သူ Dorothy Rodham အနေနဲ့ ငယ်စဉ်ဘဝက ချို့ချို့တဲ့တဲ့ ရုန်းကန်ခဲ့ရတဲ့အကြောင်းကို သူ့ငယ်စဉ်ဘဝနဲ့ နှိုင်းယှဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သမ္မတဟောင်း Bill Clinton ပြောကြားသွားတာကတော့၊

She had a childhood that made mine look like a piece of cake!

သူ့ရဲ့ငယ်စဉ်ဘဝနဲ့စာရင်ကျနော့်ရဲ့ ငယ်စဉ်ဘဝက အများကြီးတော်သေးတာပေါ့။

(၃) Give me a break

“Give me a break” အသုံးကို ဒီမိုကရက်ပါတီညီလာခံမှာ ဒုသမ္မတ Joe Biden က သူ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ Give (ပေးပါ)၊ me (ကျနော်၊ ကျမ) a break (သက်ညှာမှု) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကျနော် (သို့) ကျမကိုသက်ညှာမှုပေးပါ ဖြစ်ပါတယ်။ ဒီနေရာမှာ သက်ညှာမှုဆိုတာကတော့ နားမှာကြားရတာ မဟုတ်မဟတ် လုပ်ဇာတ်တွေ ဖြစ်တာမို့ နားချမ်းသာမှုပေးပါကွာလို့ ပြောတာမျိုး ဖြစ်တဲ့အတွက်ကြောင့် ဒီ အီဒီယံရဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကမြန်မာဘန်းစကားမှာ အနီးစပ်ဆုံးကတော့ ရပ်ပါတော့ ၊ တော်စမ်းပါ ၊ အပိုတွေ ၊ မဟုတ်မဟတ်တွေလာမပြောနှင့် ပေါက်ကရတွေ လာမပြောနဲ့ အဓိပ္ပါယ်မရှိတာတွေ လာမပြောနဲ့ ဖြစ်ပါတယ်။ ဒီအသုံးကိုဒုတိယသမ္မတJoe Biden က ရီပတ်ဘလင်ကန် သမ္မတလောင်း Donald Trump ကိုသူ့ရဲ့မိန့်ခွန်းမှာ ရည်ညွှန်းပြောခဲ့တာကတော့ ၊

He's trying to tell us he cares about the middle class. Give me a break!

သူ့ဟာလူလတ်တန်းစားတွေအရေးအလေးထားပါတယ်လို့ကျနော်တို့ကိုသူကပြောဖို့ကြိုးစားနေတယ်။ အဓိပ္ပါယ်မရှိတာတွေပါဗျာ။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီယံအသုံးတွေက ဒီမိုကရက်ပါတီညီလာခံမှာ ပြောကြားခဲ့တဲ့ To pass the baton, A piece of cake နဲ့ Give me a break တို့ဖြစ်ပါတယ်။

XS
SM
MD
LG