သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းအတွင်း မိုဘိုင်းအင်တာနက်ပြတ်တောက်လို့ သတင်းအချက်အလက်ရရှိမှုခက်ခဲ


[[Zawgyi/Unicode]]

စစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းနေတဲ့ စစ်ကိုင်းတိုင်း နေရာအချို့မှာ မိုဘိုင်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ခံ ထားရတဲ့အတွက် သတင်းအချက်အလက် သိရှိမှုအားနည်းနေပါတယ်။ စစ်ဘေးရှောင်ဒေသခံတွေဟာ သတင်းအချက်အလက်တွေ သိရဖို့ အတွက် ခက်ခက်ခဲခဲ လုပ်ဆောင်နေရပါတယ်။ ဒီလို သတင်းသိရှိမှုအားနည်းလာတဲ့အတွက် နေ့စဉ်လူမှုဘဝတွေ ထိခိုက်လာသလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေတယ်လို့ ပြောကြပါတယ်။ ရန်ကုန်ကနေ ဆက်သွယ် မေးမြန်းသတင်းပေးပို့ထားတာကို ကိုသားညွန့်ဦး ပြောပြမှာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ဖြိုခွင်းတာတွေ ရှိလာပြီးတဲ့နောက်မှာ စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင် ခုခံမှုတွေ အားကောင်းလာသလို၊ စစ်တပ်ကလည်း နယ်မြေရှင်းလင်းတာတွေ အကြီးအကျယ်လုပ်နေပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အဓိက မြို့ကြီး ၄ မြို့ကလွဲပြီး နေရာအတော်များများမှာ အင်တာနက်လိုင်းတွေ လုံး၀ ဖြတ်တောက်လိုက်သလို တချို့နေရာတွေမှာတော့ မြန်နှုန်းနိမ့် 2G အထိ လျော့ချလိုက်ပါတယ်။

ဒီလို မိုဘိုင်းအင်တာနက်တွေမရရှိတဲ့အတွက် သတင်းစီးဆင်းမှုတွေနှေးကွေးသွားပြီး စစ်ဘေးရှောင်တွေမှာ အခက်အခဲတွေရှိနေပါတယ်။ စစ်ဘေးရှောင်တွေမှာ သတင်းအချက်အလက်တွေ သိရဖို့အတွက် PSI လို့ခေါ်တဲ့ ဂြိုလ်တုစလောင်းတွေကနေတဆင့် သတင်းတွေကို နားထောင်နေရပါတယ်။ တောတောင်တွေထဲ တိမ်းရှောင်နေရတာဖြစ်လို့ ဂြိုလ်တုစလောင်းနဲ့ နားထောင်ရတာကလည်း လိုင်းမိဖို့ အခက်အခဲတွေ ရှိနေပါတယ်။ မိုဘိုင်းအင်တာနက် မရရှိတဲ့ တောတောင်တွေထဲ သတင်းအချက်အလက်တွေကြည်ရှုခွင့်ရဖို့ ကြိုးစားရပုံကို မင်းကင်းမြို့နယ်က တောင်သူတဦးဖြစ်တဲ့ ဦးစိုးက အခုလိုပြောပြပါတယ်။

“ခက်ခဲတော့ ကျွန်တော်တို့က ဘယ်လိုလုပ်ရသလဲဆိုရင် အင်တာနက်လည်း ကြည့်လို့မရဖြစ်နေတဲ့အချိန် ဖုန်းအဆက်သွယ်နဲ့လည်း ရရင်ရ မရတာဆိုရင် စလောင်းလေးကိုကိုင်ပြီးမှ တခြားတနေရာမှာ သွားကြည့်ပြီးမှလေ သတင်းအချက်အလက်ကို အဲ့လိုရယူရတာလေ။ ကျွန်တော်တို့က မီးကြတော့ ဆိုလာနဲ့သုံးတာဆိုတော့ ဆိုလာကိုလည်းမရတယ် စလောင်းဗန်းကိုလည်း မရတယ်။ သူ့ရဲ့ PSI စက်ကလေးကောပေါ့ဗျာ၊ အင်ဗာတာကော အဲ့ဒါတွေအားလုံးကို မသွားတာရတာပေါ့။ တီဗီကော အဲ့လို မသွားရတာဗျ လူ ၃ /၄ ယောက်လောက်နဲ့ပေါ့ဗျာ။”

စစ်တပ်က အာဏာသိမ်းပြီး မကြာခင်မှာပဲ စစ်ကောင်စီက တရားမဝင်ထုတ်လွှင့်စက် PSI ဂြိုလ်တုစလောင်းတွေကို တွေ့ရှိရင် ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ကြေငြာခဲ့သလို မြို့ကြီးအချို့မှာဆိုရင်လည်း ဂြိုလ်တုစလောင်းတွေကို ဖြုတ်သိမ်းတာတွေလည်း လုပ်ခဲ့ပါသေးတယ်။ အရေးယူဆောင်ရွက်တာတွေ ရှိတဲ့အတွက် အချို့က သိမ်းဆည်းထားလိုက်ပေမယ့်၊ အချို့ကတော့ အလွယ်တကူ မမြင်နိုင်တဲ့နေရာတွေမှာ ဆက်လက်တပ်ဆင်ပြီး စစ်ကောင်စီက မသိရှိအောင် ဖမ်းယူကြည့်ရှုနေရပါတယ်။

စစ်ကောင်စီက နယ်မြေရှင်းလင်းနေတဲ့ နေရာတွေမှာ အဖြစ်အပျက်တွေကို သတင်းဌာနတွေဆီ မရောက်ရှိအောင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မသိရှိအောင် ဖုံးကွယ်ချင်လို့ အင်တာနက်တွေဖြတ်တောက်လိုက်တာလို့ လေ့လာသူတွေက ဝေဖန်သုံးသပ်ကြပါတယ်။

သတင်းစီးဆင်းမှုကို ကန့်သတ်ချင်လို့ မိုဘိုင်းအင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်ပေမယ့် အခြား လူမှုရေး၊ စီးပွားရေး ၊ ကျန်းမာရေး၊ ပညာရေးတွေမှာပါ သက်ရောက်မှုတွေရှိလာပြီး အခွင့်အရေးတွေ ဆုံးရှုံးရတယ်လို့ သတင်းစာ ဆရာ တဦးက အခုလို သုံးသပ်ပါတယ်။

“အခုဒီပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ အင်တာနက် ဖြတ်တောက်တာတွေက သတင်းစီးဆင်းမှုကို လျော့ကျသွားအောင်လုပ်တာ။ ဒီပဋိပက္ခဧရိယာမှာ ဖြစ်တဲ့အဖြစ်အပျက်တွေ တခြားဒေသကလူတွေဆီ မရောက်အောင် သူတို့ရည်ရွယ်ပြီး လုပ်တာလို့ ကောက်ချက်ချလို့ရတယ်။ ဒါပေမယ့် တဖက်မှာ အဲ့လိုလုပ်တာရဲ့ အကျိုးဆက်က အဲ့ဒီရည်ရွယ်ချက်တွေတင်မကဘူး ဒီဒေသကလူတွေအတွက် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေ ကိုယ့်ဒေသရဲ့ လုံခြုံရေး အခြေအနေတွေ နောက်တခြား ဒေသရဲ့ ဆက်နွယ်နေတဲ့ သတင်းတွေပါ သိဖို့ခက်ခဲသွားတယ်။ ဒါတင်မကဘူး စီးပွားရေးအရ အရောင်းအဝယ် လုပ်တဲ့ဟာမျိုးတွေ၊ နောက်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကူးစက်ရောဂါ ပညာပေးလိုဟာမျိုးတွေ၊ နောက်ရာသီဥတုလို ဟာမျိုးကအစ မိုးလေဝသ ရာသီဥတုလိုဟာမျိုးကအစ ပညာရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းတွေအထိ ဆုံးရှုံးတော့ ဒီအင်တာနက် ဖြတ်တောက်တဲ့ ကိစ္စ ဖုန်းလိုင်းတွေ ဖြတ်တောက်တဲ့ကိစ္စ ဒီဟာတွေရဲ့အကျိုးသက်ရောက်မှုတွေက အကြီးကြီး။ သတင်းစီးဆင်းမှုကို ကန့်သတ်ချင်တဲ့ဟာတခုတည်းနဲ့ ကျန်တဲ့ ဒီဒေသမှာနေတဲ့လူတွေက အခွင့်အရေးတွေ အများကြီးဆုံးရှုံးတယ်။”

ဒီလို သတင်းအချက်အလက်မှန်ရရှိမှုတွေ ပိတ်ဆို့တာကြောင့် ကောလဟလသတင်း ဖြန့်ဝေမှုတွေ အားကောင်းနိုင်ပြီး၊ အချိန်ကြာလာရင် လူမှုဘဝတွေကိုပါ ထိခိုက်လာနိုင်တယ်လို့လည်း သူကပြောပါတယ်။

မိုဘိုင်းအင်တာနက်မရရှိလို့ သတင်းအချက်အလက်တွေမသိရတဲ့အတွက် မျက်စိပိတ်နားပိတ်ဖြစ်နေပြီး စီးပွားရေး လုပ်ကိုင်ရာမှာ အခက်အခဲတွေရှိနေတယ်လို့လည်း ရွှေဘိုဒေသခံတဦးက ပြောပါတယ်။

“သတင်းတွေကြည့်ရှုခွင့်မရတော့ ဘယ်လိုအခက်အခဲတွေ ကြုံလာရလည်းဆိုရင် တော်တော်များများက နားပိတ် မျက်စိပိတ်လို ဖြစ်နေတာပေါ့။ တော်တော်များများက အခက်အခဲတွေကြုံတွေ့နေရတယ်။ ဘယ်လိုမျက်စိပိတ်နားပိတ်ဖြစ်လဲဆိုရင် အဓိက ကျွန်တော်တို့ သတင်းတွေ နားစွင့်နေရတာပေါ့။ သတင်းနားစွင့်နေရတယ် တိုးတက်မှုတွေ မတိုးတက်မှုတွေ ကျရှုံးမှုတွေ မကျရှုံးမှုတွေပေါ့။ အဲ့ဒါမျိုးတွေ မကြားရတဲ့အခါမှာ ဘယ်လိုတွေဖြစ်လာနိုင်လဲဆိုရင် ပြောမယ်ဆိုရင် စီးပွားရေးအနေနဲ့ ပြောမယ်ဆိုရင် သတင်းတွေဘာမှ မသိရရင် ကျွန်တော်တို့ လုပ်ရကိုင်ရတာ အဆင်မပြေဘူးပေါ့။”

မြို့နယ် ၃၇ မြို့နယ်ရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ မတ်လ ၃ ရက်ကစပြီး အဓိက မြို့နယ်ကြီး ၄ ခုဖြစ်တဲ့ မုံရွာ စစ်ကိုင်း ရွှေဘို ကလေး မြို့နယ်တို့ကလွဲလို့ ကျန်မြို့နယ်တွေကို မိုဘိုင်းအင်တာနက် အမြန်နှုန်းလျော့ချတာတွေနဲ့ ဖြတ်တောက်တာတွေကို လုပ်ခဲ့ပါတယ်။ အခုလို အင်တာနက် ဖြတ်တောက်ထားတာ အခုဆိုရင် ၅ လလောက်ရှိနေပြီလည်းဖြစ်ပါတယ်။

အခုလို ဖြတ်တောက်လိုက်တဲ့အတွက် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်တဲ့ စစ်ကိုင်းတိုင်းမှာတော့ မိုးလေဝသ သတင်းတွေကို သိရှိဖို့ ခက်ခဲလာပါတယ်။ အခုလို ခက်ခဲတဲ့အတွက် တောတွင်းရှင်သန်နေတဲ့ ပိုးကောင်တွေရဲ့ လှုပ်ရှားမှုတွေကိုကြည့်ပြီး ရာသီဥတုခန့်မှန်းကာ စိုက်ပျိုးတာတွေ လုပ်ရတယ်လို့ တောင်သူဦးစိုးက ပြောပါတယ်။

“ကျွန်တော်တို့က မိုးလေဝသ သတင်းအချက်အလက် မရတဲ့အခါကျတော့ ကျွန်တော်တို့ ပိုးကောင်မွှားကောင်တွေမှက်ကောင်တွေရဲ့ အနေအထားလေးကိုကြည့်ပြီး ရာသီဥတုကို ခန့်မှန်းပြီး စိုက်ကြ ပျိုးကြ လုပ်ကြရတာ။ ကျွန်တော်တို့ ရှေးထုံးအစဉ်အလာတွေအရက ဘယ်ပိုးကောင်လေးတွေ ဘယ်လိုနေရာရောက်နေတယ် ဆိုရင် မိုးများနိုင်တယ် နည်းနိုင်တယ် ဒါလေးကိုခန့်မှန်းပြီး လေကျနိုင်တယ် စသည်အားဖြင့် ဒါမျိုးလေးတွေ ခန့်မှန်းပြီး လုပ်ကြရတာပေါ့။”

စစ်ကိုင်းတိုင်းအတွင်း အင်တာနက် ဖြတ်တောက်ထားခံရတဲ့ နေရာတချို့မှာတော့ မြန်နှုန်းနိမ့်တဲ့ 2G အင်တာနက်ရရှိတဲ့နေရာကို အတော်ဝေးဝေးသွားရောက်ပြီး သုံးစွဲကြရပါတယ်။ ဖုံးခေါ်ဆိုမှုရရှိတဲ့နေရာတွေမှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာချိန်မှာ ဖုံးလိုင်း ဖြတ်တောက်ခံရတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုဘိုင်းအင်တာနက် ဖြတ်တောက်ထားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်တာမရှိဘဲ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဆက်သွယ်ရေး တာဝါတိုင်တွေကို မိုင်းခွဲဖျက်ဆီးတဲ့အတွက် ဖုန်းလိုင်းတွေ ပြတ်တောက်တာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

[[Unicode]]

















ဆက်စပ်သတင်းများ ...

XS
SM
MD
LG