သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်တိုင်းရင်း ဒုက္ခသည်တွေ တောင်ကိုရီးယားမှာ အခြေချဖို့ ရောက်ရှိ


၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက တောင်ကိုရီးယားနိုင်ငံကို ပထမဆုံးအသုတ်အဖြစ် ရောက်လာကြသည့် ကရင်ဒုက္ခသည်များ။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက တောင်ကိုရီးယားနိုင်ငံကို ပထမဆုံးအသုတ်အဖြစ် ရောက်လာကြသည့် ကရင်ဒုက္ခသည်များ။

ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းက ကရင်တိုင်းသားဒုက္ခသည် ၂၃ ဦး အခုအသံလွင့်ပြီးချိန်မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ သူတို့တွေဟာ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ကြားဝင် ဆောင်ရွက်ပေးမှုနဲ့ တောင်ကိုရီးယားနိုင်ငံမှာ အခြေချ နေထိုင်ဖို့ ရောက်လာ ကြသူတွေဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဆိုးလ်မြို့ကို ဒီကနေ့ ရောက်လာကြမယ့် မြန်မာဒုက္ခသည် မိသားစု ၄ ခုက ၂၃ ယောက်ဟာ အခုနှစ်အတွက် တောင်ကိုရီးယားအစိုးရက လက်ခံဖို့ စီစဉ်ထားတဲ့ ထိုင်း-မြန်မာ နယ်စပ်က မြန်မာဒုက္ခသည် ၃၀ ထဲက ပထမအသုတ်အဖြစ်နဲ့ ရောက်လာကြတာ ဖြစ်ပါတယ်။ ဒုတိယအသုတ် အဖြစ်နဲ့ ရောက်လာကြမယ့် ၇ ယောက်ကတော့ သြဂုတ်လဆန်းပိုင်းမှာ ရောက်လာကြမယ်လို့ ဆိုပါတယ်။

ကျနော်တို့ အခု အသံလွင့်နေတဲ့အချိန်မှာ ရောက်လာကြမယ့် ဒုက္ခသည်တွေရဲ့ အခြေအနေကို ဆိုးလ်မြို့ Incheon လေဆိပ်မှာ သွားကြိုနေတဲ့ UNHCR ရုံးက ပြန်ကြားရေး တာဝန်ခံ Heinn Shin က အခုလို ရှင်းပြပါတယ်။

“အခုရောက်လာကြမယ့် ဒုက္ခသည် ၂၃ ဦးဟာ ထိုင်းနယ်စပ်မှာ ဖွင့်ထားတဲ့ ဒုက္ခသည် စခန်းက ကရင် တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ သူတို့ဟာ တောင်ကိုရီးယား အစိုးရရဲ့ ၃ နှစ်စမ်းသပ် ရွေ့ပြောင်း အခြေချနေထိုင်ရေး စီမံကိန်းအရ ရောက်လာကြတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားအစိုးရဟာ ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက မြန်မာပြည်က ဒုက္ခသည် ၅၀ ကျော်ကို ၂၀၁၅ နဲ့ ၂၀၁၆ တို့မှာလည်း လက်ခံခဲ့ပြီး ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဒီ စမ်းသပ်စီမံကိန်းရဲ့ နောက်ဆုံး အသုတ်ဖြစ်ပါတယ်။”

တောင်ကိုရီးယားအစိုးရက မြန်မာဒုက္ခသည် ၈၆ ယောက်ကို ၃ နှစ်ကြာ အစမ်း စီမံချက်အဖြစ် ချမှတ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုနဲ့ စတင် အကောင်အထည် ဖော်ခဲ့တဲ့ ဒီ အစမ်းစီမံချက်ကို ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့တာမှာ အဲဒီနှစ်က မြန်မာ ဒုက္ခသည် ၂၂ ယောက်ကို လက်ခံခဲ့ပြီး မနှစ် ၂၀၁၆ ခုနှစ်တုန်းကတော့ ဒုက္ခသည် ၃၄ ယောက်ကို လက်ခံခဲ့ပါတယ်။ အခု ရောက်လာကြတဲ့ မယ်လ ဒုက္ခသည်စခန်းကလူတွေကတော့ တတိယအသုတ်အဖြစ်နဲ့ ရောက်လာတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ ရွေ့ပြောင်း အခြေချနေထိုင်နိုင်ရေးအတွက် တောင်ကိုရီးယားအစိုးရက ၂၀၁၃ ခုနှစ်မှာ ဥပဒေ ပြဌာန်းခဲ့ပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်တွေကို စတင် လက်ခံလာခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂက အကြံပြု ထောက်ခံထားတဲ့ မြန်မာဒုက္ခသည်တွေရဲ့ အမည်စာရင်းကို တောင်ကိုရီးယားအစိုးရက စီစစ်ပြီး သူတို့ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်ခြင်း ရှိမရှိ ဆိုတာတွေကို ၅ လကြာလောက် စစ်ဆေးပြီးမှ တောင်ကိုရီးယားနိုင်ငံကို ခေါ်ယူတာ ဖြစ်ပါတယ်။

အခုခေါ်ယူတဲ့ စမ်းသပ်စီမံကိန်း ၃ နှစ် သက်တမ်းပြည့်သွားပေမယ့်လည်း တောင်ကိုရီးယားအစိုးရအနေနဲ့ ဒါကို အမြဲတမ်း အစီအစဉ်တခု အဖြစ် လုပ်ဆောင်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း Heinn Shin က ပြောပါတယ်။

“ဒီအစီအစဉ်ကို အကောင်အထည်ဖော် လုပ်ဆောင်တဲ့အတွက် UNHCR အနေနဲ့ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် နေရပ်စွန့်ခွာထွက်ပြေးသူ အရေအတွက် ကမ္ဘာ့တဝှမ်း နှစ်စဉ် တိုးလာနေတဲ့အချိန်မှာ အခုလို လုပ်ဆောင်တဲ့အတွက် ကျေးဇူးတင်တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အစိုးရအနေနဲ့ ခိုလှုံခွင့် လျှောက်ထားသူ အရေအတွက် တိုးပြီး လက်ခံနေတာကို တွေ့ရပါတယ်။ တောင်ကိုရီးယား အစိုးရအနေနဲ့ ဒီအစီအစဉ်ကို အမြဲတမ်း အစီအစဉ်အဖြစ် လုပ်ဆောင်ပြီး အာရှဒေသက ဒုက္ခသည်တွေသာမကပဲ တခြား ဒေသတွေက ဒုက္ခသည်တွေကိုပါ လက်ခံဖို့ ကျမတို့ မျှော်လင့်ပါတယ်။”

တောင်ကိုရီးယားနိုင်ငံကို ရောက်တဲ့အခါမှာတော့ မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့် ရှိတဲ့ F-2 ဗီဇာ ထုတ်ပေးပါတယ်။ ဒုက္ခသည်တွေ တောင်ကိုရီးယားနိုင်ငံအတွင်းကို ရောက်လာပြီးတဲ့အခါမှာတော့ အစိုးရကဖွင့်ထားတဲ့ နိုင်ငံခြားသားများ ထောက်ပံ့ပေးရေးဌာနမှာ ယာယီ နေထိုင်ပြီး ကိုရီးယားဘာသာစကားနဲ့ လုပ်ငန်းခွင် အထောက်အကူပြု သင်တန်း ၆ လလောက် တက်ကြရမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အစိုးရရဲ့ မေတ္တာရပ်ခံ တောင်းဆိုမှုကြောင့် ရောက်လာကြတဲ့ ဒုက္ခသည်တွေကို သူတို့အနေနဲ့ ဝိုင်းဝန်း ကူညီ လုပ်ဆောင်ပေးကြကြောင်း တောင်ကိုရီးယားနိုင်ငံ ကရင်လူငယ်အစည်းအရုံး ဥက္ကဋ္ဌ စောလှိုင်မျိုးသိန်းက ရှင်းပြပါတယ်။

“အဲဒီ အစီအစဉ် ခေါ်ကတည်းကိုက ကျနော်တို့ကို အကူအညီတောင်းတယ်လေ။ ဘာသာစကားဆိုင်ရာ၊ နောက်ပြီးတော့ ဒီမှာ အရင်ရောက်တဲ့ သူတွေ၊ နှစ်ကြာနေတဲ့ သူတွေရဲ့ အတွေ့အကြုံတွေ၊ အပြန်အလှန် ကူညီဖို့ပေါ့လေ။ အဲဒီလိုမျိုးအတွက် ကျနော်တို့ကို အကူအညီတောင်းတယ်။ ကျနော်တို့လည်း ဒီမှာ နေထိုင်ရင်း မလွဲမသွေ ကြုံတွေ့ရမယ့် အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကူအညီ ပေးခဲ့ပါတယ်။ ကိုရီးယားအစိုးရက အခုချိန်အထိကတော့ တော်တော်ကို ပြည့်ပြည့်စုံစုံ လုပ်ပေးထားပါတယ် ခင်ဗျ။ ဒါပေမယ့် စစရောက်တဲ့လူတွေနဲ့ ထိတွေ့မှုကျတော့ သူတို့က နဲနဲတော့ ကန့်သတ်ထားတယ်။”

၃ နှစ် အစမ်းစီမံချက်အဖြစ် တောင်ကိုရီးယားနိုင်ငံက စတင် လုပ်ဆောင်နေတဲ့ ဒီအစီအစဉ်ကို သက်တမ်း ထပ်တိုးသင့် မသင့်ဆိုတာကို တောင်ကိုရီးယားအစိုးရက ပြန်လည် သုံးသပ်နေတယ်လို့ သိရပါတယ်။

အာရှတိုက်အတွင်း တောင်ကိုရီးယားနိုင်ငံလို ဒုက္ခသည်တွေကို ရွေ့ပြောင်း အခြေချ နေထိုင်ဖို့ ခွင့်ပြုခဲ့တဲ့ တခြားနိုင်ငံကတော့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက ဒုက္ခသည်တွေကို ၂၀၁၀ ခုနှစ်မှာ စတင် လက်ခံခဲ့တာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက မြန်မာ ဒုက္ခသည်တချို့ ဂျပန်နိုင်ငံမှာ ရွေ့ပြောင်း အခြေချ နေထိုင်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG