ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း အကူအညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြား ဒေသခံကျေးရွာတွေ ထိခိုက်ပျက်စီးမှုတွေ ကြုံနေရတယ်လို့လည်း ပြောပါတယ်။ တရုတ်နိုင်ငံက စီမံကိန်းတွေရှိရာ ကျောက်ဖြူက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းက တရုတ်စီမံကိန်းတွေ အများအပြားရှိရာ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတာပါ။
အထူးသဖြင့် ကျောက်ဖြူမြို့ပြင်က စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ်အနီး တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်နက်ကြီးတွေ အပြန်အလှန် ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့်လည်း စိုးရိမ်နေရတယ်လို့ ဒေသခံတယော်ကကပြောပါတယ်။
“ ကြားနေရတာကတော့ လေယာဉ်ကတော့ နေ့တိုင်းလိုလိုလို့ ပြောလို့ရတယ်၊ နေ့ရော ညရော အချိန် မရှိဘူး သူတို့ မထင်ရင်မထင်သလို လာချတာ ဗုံးကြဲတယ်၊ လက်နက်ကြီးတွေနဲ့လည်း ဟိုဖက် ဒီဖက် ပစ်နေကြတာပေါ့ကွာ၊ တိုက်ပွဲတွေ ပြင်းထန်လာတော့ စိုးရိမ်တာကတော့ လေယာဉ်တို့ဒရုန်းတို့ပေါ့၊ လက်နက်ကြီးတို့ဘာတို့က တချက်နှစ်ချက်ပစ်ပြီးရင် ဘယ်နေရာရှောင်ရမယ်ဆိုတာသိတယ်၊ လေယာဉ်တို့ ဒရုန်းတို့ကတော့ ရှောင်လို့မရဘူး အသံပဲကြားလိုက်တယ် ချသွားပြီ။”
လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြား အနီးအနားက ကျေးရွာ အများအပြား ထိခိုက်ပျက်စီးတာ မီးလောင်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ ဘေးလွတ်ရာ တိမ်းရှောင်သူတွေ တိုးလာနေကြောင်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကိုအောင်အောင်က ပြောပါတယ်။
“လောလောဆယ် ကျနော်တို့ ဒီဘက်မှာ စစ်ရှောင်လာတဲ့ ကျေးရွာကတော့ ၉ရွာလောက်ရှိပါ တယ်ခင်မျာ။အဲဒီ ၉ ရွာထဲမှာမှ တချို့ ကျေးရွာတွေကတော့ မီးလောင်သွားတဲ့ ကျေးရွာတွေ လည်းရှိတာပေါ့နော်၊ လက်နက်ကြီးထိမှန်ပြီးတော့ နေအိမ်တွေ ပျက်စီးသွားတဲ့ ကျေးရွာတွေ လည်းရှိပါတယ်၊လူဦးရေကတော့ အနည်းဆုံး ၅၀၀၀ လောက်ရှိတယ်ခင်မျာ။”
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ တချိန်တည်းမှာပဲ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတာကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကိုလည်း ဒေသခံတွေ ရင်ဆိုင်နေရတာပါ။ အထူးသဖြင့် ဒုက္ခသည်တွေအတွက် အခြေခံလိုအပ်ချက်တွေရဖို့ ခက်ခဲနေတယ်လို့လည်း အကူအညီပေးနေတဲ့ ကိုအောင်အောင်က ပြောပါတယ်။
“အခု စစ်ရှောင်လာတဲ့ စစ်ရှောင်တွေရဲ့ အဓိက စိန်ခေါ်မှုကတော့ သူတို့ နေထိုင်စားသောက်ရေးပေါ့ အဲဒီထဲမှာမှ နေစရာနေရာပါမယ် စားစရာပါမယ် ပြီးတော့ ကျန်းမာ ရေးပေါ့၊အဲဒီကိစ္စတွေက တော်တော်အခက်အခဲဖြစ်နေတဲ့ ကိစ္စတွေပါ။”
လက်ရှိမှာတော့ စစ်ဘေးရှောင်တွေအတွက် နေထိုင်စားသောက်ရေးတွေနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် စစ်ဘေးဒုက္ခသည်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ ကူညီပေးနေတာတွေရှိပေမယ့်လည်း လုံလောက်မှုမရှိဘူးလို့လည်း ဆက်ပြောပါတယ်။
“ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ စစ်ရှောင်တွေရဲ့ စားဝတ်နေရေး ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ အတိုင်းအတာတခုအထိ ကူညီဖြေရှင်းပေးနေတာတော့ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ အခုလို အကြပ်အတည်းကာလမျိုးမှာ မိသားစုတစု စားဝတ်နေရေးအတွက်တောင် အရမ်းကို ခက်ခဲတဲ့ အချိန်ဆိုတော့ မိသားစုအများကြီးရဲ့ စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းပေးနေရတဲ့ ကော်မတီတရပ်အနေနဲ့ ကျနော်တို့မှာလည်း အခက်အခဲတွေ အများကြီးရှိပါတယ်။ ”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA ကြား တနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ တနေ့ထက်တနေ့တိုးလာနေပါတယ်။ လောလောဆယ်အထိ ရခိုင်စစ်ဘေးဒုက္ခသည် ခန့်မှန်းခြေ ၆ သိန်းထက် မနည်းရှိနိုင်တယ်လို့လည်း အကူအညီပေးနေသူတွေက ခန့်မှန်းကြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၃- ၂၄ အချက်အလက် ကောက်ယူမှုတွေအရ စစ်ဒဏ်သင့် ရခိုင်ပြည်နယ်မှာ၊ ဒေသခံ ၂ သန်းကျော် အငတ်ဘေးဆိုက်မယ့် အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Stephanie Tremblay က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က နယူးယောက်မြို့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ သတိပေးပြောဆိုခဲ့ဖူးပါတယ်။
Forum