သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာဝိုင်အီကျွန်းစု တောမီး  လူ ၁၀၀၀ ကျော်ထက်မနည်းပျောက်ဆုံးနေ


တောမီးလောင်ကျွမ်းအပြီးတွေ့ရတဲ့ ဟာဝိုင်အီပြည်နယ်ထဲက မော်ဝီကျွန်းက အပန်းဖြေမြို့ Lahaiha (သြဂုတ် ၂၀၂၃)
တောမီးလောင်ကျွမ်းအပြီးတွေ့ရတဲ့ ဟာဝိုင်အီပြည်နယ်ထဲက မော်ဝီကျွန်းက အပန်းဖြေမြို့ Lahaiha (သြဂုတ် ၂၀၂၃)

ဟာဝိုင်အီကျွန်းစုမှာ ပါဝင်တဲ့ မော်ဝီကျွန်းက တောမီးကြောင့်လူပေါင်း ၅၅ ဦးထက်မနည်း သေဆုံးပြီး ၁၀၀၀ ကျော် ပျောက်ဆုံးနေပါတယ်။ ပြည်နယ် သမိုင်းတလျှောက် အကြီးကျယ်ဆုံး မီးလောင်မှုကြောင့် လူတွေ ပိုပြီး ဒုက္ခမရောက်အောင် ရက်အနည်းဆုံး ဒီလကုန်အထိ မရှိမဖြစ် လူသုံးကုန်ဈေးနှုန်းတွေ မတက်ဖို့၊ အရင် ဈေးနှုန်းအတိုင်း ဆက်ရောင်းဖို့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေက အမိန့်ထုတ်ပြန်ထားပါတယ်။ အဲဒီကုန်ပစ္စည်းတွေထဲမှာ အစားအစာ၊ ရေ၊ ဓါတ်ဆီ၊ ဟင်းချက်ဆီ၊ ဘက်ထရီ၊ မီးစက်၊ ဆေးဝါး၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ပါဝင်တယ်လို့ OCP ဝန်ဆောင်မှုရယူသူ ကာကွယ်ရေးဌာနရဲ့ အမိန့်ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

မီးလောင်တာကြောင့် အပျက်အစီးတွေများတဲ့ မော်ဝီကျွန်း ပြန်လည်ထူထောင်ဖို့ နှစ်တွေနဲ့ချီကြာမြင့်နိုင်ပြီး ဒေါ်လာ သန်းထောင်ချီပြီး သုံးစွဲဖို့လိုတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ မော်ဝီကျွန်းက အပန်းဖြေမြို့ Lahaina မှာဆိုရင် ပြာပုံကိုသာ မြင်ရတာကြောင့် ဗုံးပေါက်ကွဲပြီး မီးလောင်ကျွန်းသွားတာမျိုးကို မြင်ရသလို ဖြစ်နေတယ်လို့ ဟာဝိုင်အီပြည်နယ် အုပ်ချုပ်ရေးမှူး Josh Green က မြို့ကို မြင်တွေ့ရအပြီး မှတ်ချက်ပေးပြောဆိုပါတယ်။ ဒါ့အပြင် ဟော်တယ်ပိုင်ရှင်တွေ အိမ်ပိုင်ရှင်တွေအနေနဲ့ မီးလောင်တာကြောင့် ပိုင်ဆိုင်မှု ဘာမှ မကျန်တော့သူတွေကို နေစရာ စားစရာ အကူအညီပေးဖို့လည်း အုပ်ချုပ်ရေးမှူး Green က မေတ္တာရပ်ခံပါတယ်။

ခုအခါ မီးလောင်မှုအတွင်း ကွယ်လွန်သွားသူတွေကို ကယ်ဆယ်ရေးသမားတွေက ဆက်ပြီး ရှာဖွေနေပါတယ်။ ၁၉၆၁ ခုနှစ်က ဆူနာမီကြောင့် လူပေါင်း ၆၁ ဦး သေဆုံးအပြီး မော်ဝီကျွန်းက အခုတောမီးဟာ ပြည်နယ်ရဲ့ အကြီးကျယ်ဆုံး သဘာဝဘေးအန္တရယ် ဖြစ်လာလိမ့်မယ်ဆိုပြီး ပြည်နယ်တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG