သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဘိုခရိုင်အရှေ့ခြမ်း ကျေးရွာ ၄၀ ကျော် စစ်ဘေးရှောင်နေရ 


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း ကျေးရွာတချို့ရှိ မီးရှို့ခံထားရသော နေအိမ်များ (မတ်လ၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း ကျေးရွာတချို့ရှိ မီးရှို့ခံထားရသော နေအိမ်များ (မတ်လ၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် အရှေ့ဖက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အင်အား အများအပြားနဲ့ စစ်ကြောင်း ၄ ကြောင်းခွဲပြီး ဝင်ရောက် နယ်မြေရှင်းနေတာကြောင့် ကျေးရွာ ၄၀ ကျော်က ဒေသခံ ၂ သိန်းကျော်လောက် စစ်ဘေးရှောင်နေကြရပါတယ်။ ဒီစစ်ကြောင်းအတွင်းမှာ ဒေသခံ ၃ ဦး သတ်ခံခဲ့ရသလို၊ ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြပါမယ်။

စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၂ ရက်နေ့ထဲကစပြီး စစ်ကိုင်းတိုင်းထဲက ရွှေဘိုမြို့နယ်ဘက်မှာ စစ်ဆင်ရေးတွေ စတင်လုပ်နေတာမှာ အခုရက်ပိုင်းအတွင်း ရွှေဘိုခရိုင်ထဲက မီးရထားသံလမ်း အရှေ့ဖက်ခြမ်း ကျေးရွာတွေကို စစ်ကြောင်းကြီး ၄ ကြောင်း အင်အား ၄၀၀ ကျော်လောက်နဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းမှုတွေကြောင့် ကျေးရွာပေါင်း ၄၀ ကျော်လောက်က ဒေသခံ ခန့်မှန်း ၂ သိန်း ဝန်းကျင်လောက် စစ်ဘေးရှောင်နေကြရတယ်လို့ Welet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။

“ဝက်လက်မြို့နယ်အတွင်းကို ထိုးနေတာက စစ်ကိုင်းတစ်ကြောင်းရှိမယ်။ မခေါက်က လာတာတစ်ကြောင်းရှိမယ်၊ ရွှေဘိုကလာတာတစ်ကြောင်းရှိမယ်၊ နောက်ထပ်ရွှေဘိုက တစ်ကြောင်းရှိတယ်၊ စုစုပေါင်း ၄ ကြောင်းရှိတယ်။ ရထားသံလမ်းရှေ့ရွာတွေကို အင်အား ၄၀၀ ကျော်လောက်နဲ့ ထိုးတာဗျ။ (စစ်ရှောင်ရတဲ့ရွာက ၄၀ ကျော်တယ်၊ လူဦးရေက ခန့်မှန်းချေ ၂ သိန်းဝန်းကျင်လောက်ပါ။”

စစ်တပ်နယ်မြေရှင်းလင်းမှုအတွင်း ဒေသခံ ၃ ဦးသတ်ဖြတ်ခံခဲ့ရသလို ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ကိုနဂါးလေးက ပြောပါတယ်။

“ဆားတောင်ကြီးရွာ မရောက်ခင်ကြားမှာ ပြည်သူ ၂ ဦးကို လက်နက်ငယ်နဲ့ ပစ်သတ်လိုက်တာမှာ တစ်ဦးက သေတယ်၊ နောက်တစ်ဦးက ဒဏ်ရာ ရတယ်၊ လက်ရှိတော့ အခြေအနေ မစိုးရိမ်ရတော့ဘူးလို့ ကြားတယ်ဗျ။ အဲ့ဒါကတော့ ရွှေဘိုမြို့နယ် ဂွေးကုန်းကို ထိုးတဲ့ စစ်ကြောင်း။ စစ်ကိုင်းဖက်က ထိုးတဲ့ စစ်ကြောင်းကြောင့်လဲ အမျိုးသမီး ၂ ယောက်သေတယ်။ အခု ကျွန်တော်တို့ဖက်ကို စစ်ကိုင်းဖက်က ထိုးလာတဲ့ စစ်ကြောင်းကလဲ ဝက်လက်မြို့နယ်ထဲက ဖိုဝင်းတပ် ကျေးရွာကို ရောက်တဲ့ခါကျတော့ နာက်ထပ်ပြည်သူ အမျိုးသား တစ်ယောက်ထပ်သေတယ်။ ဒီစစ်ကြောင်းတွေမှာ လောလောဆယ်က ပြည်သူ ၃ ဦးသေပြီးတော့ တစ်ဦး ဒဏ်ရာ ရထားတယ်။”

စစ်တပ်တွေ ဝင်ရောက်ခဲ့တဲ့ ကျေးရွာတချို့ မီးရှိ့ခံရတာတွေရှိပေမဲ့ ရွာတွေထဲ ဝင်ကြည့်ဖို့ အခြေအနေ မပေးသေးတဲ့အတွက် အိမ်ခြေဘယ်လောက် မီးလောင် ဆုံးရှုံခဲ့တယ်ဆိုတာ အတိအကျ မသိနိုင်သေးပါဘူး။

စစ်တပ်က စစ်ကြောင်း ၄ ကြောင်းခွဲပြီး နယ်မြေရှင်းနေတာကြောင့် တချို့ကျေးရွာက ဒေသခံတွေက စစ်ကြောင်းတွေကြား ညှပ်ပိတ်မိနေတာမျိုးတွေ ရှိတဲ့အတွက် ဒေသကာကွယ်ရေး တပ်တွေက ကယ်ထုတ်ပေးနေရတာမျိုးတွေလည်း ရှိတယ်လို့လည်း Welet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ကတည်းကစပြီး ရွှေဘိုမြို့နယ် ကျောက်မြောင်းတိုက်နယ်က စစ်ကောင်စီတပ်တွေဟာ ရွှေဘိုမြို့နယ်ထဲက ဂွေးပင်ကုန်း၊ မောင်းတပ် စတဲ့ ရွာတွေကို ဝင်ရောက်ပြီး ဒေသခံ တချို့ကိုဖမ်းဆီးခဲ့ပါတယ်။ ဖမ်းခံရသူတချို့ကို ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့တာတချို့ရှိပေမဲ့ အနည်းဆုံး ၆ ယောက်ကိုတော့ စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတာ ဒီကနေ့အထိ ပြန်လွတ် မလာသေးဘူးလို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“ဖမ်းခံ၇တာက ၃ ယောက် မကဘူး၊ တောထဲမှာ အိပ်နေကြတဲ့သူတွေရောဆိုတော့ မောင်းတပ်က ၆ ယောက်ပါသွားတယ်။ စစ်ကြောင်းနဲ့ အတူတူပါသွားတာ အဲ့ဒါတွေက ခုထိကို ပြန်မရောက်ကြသေးဘူး။”

စစ်ဘေးရှောင်တွေက အရေအတွက်များတဲ့အတွက် လက်ရှိမျာ နေထိုင်ရေး စားသောက်ရေးတွေလည်း ခက်ခဲနေကြရတယ်လို့ ပြောပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ ပုန်းရှောင်ကြတာမျိုးတွေရှိပေမယ့် ခုနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ဘုန်းကြီးကျောင်းတွေထဲပါ ဝင်ရောက် ရှာဖွေပြီး ဘုန်းကြီးနဲ့ စစ်ဘေးရှောင်တွေကို ဖမ်းဆီးတာမျိုးတွေ လုပ်လာတာကြောင့် စစ်ကြောင်းဝင်လာရင် ဘုန်းကြီးတွေပါ စစ်ဘေးရှောင်ကြရတာမျိုးတွေပါ ရှိလာနေတယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“ရေရှည်ကျရင်တော့ အဆင်တော့ မပြေဘူးပေါ့။ ဒါပေမယ့် ရေရှည်မှာ အဆင်မပြေဘူးဆိုတာကတော့ သေချာတယ်။ မိုးရာသီဆိုတော့ မနေ့ညကဆို စစ်ရှောင်တွေ တအားဒုက္ခရောက်တယ် မိုးတွေ အရမ်းရွာတော့။ အဲ့လို အဆင်မပြေတာတွေတော့ ရှိတယ်ဗျ။ မိုးကာတွေလိုတွေ၊ စာားနပ်ရိက္ခာဆန်၊ ဆန်ရှိရင်တော့ တခြား စားစရာ ဟင်းသီးဟင်းရွက်တွေကတော့ ကျွန်တော်တို့က တောထဲမှာဆိုတော့ အဆင်ပြေအောင်တော့ ခူးစာားရတာပေါ့။ နေတာကတော့ ကျိတ်တိုးပြီးတော့ပေါ့၊ ၅ ယောက်ဆံ့တဲ့ နေရာမှာက ၇ ယောက် ၁၀ ယောက် အဲ့လိုနေရတာပေါ့။ တခါတလေကျတော့ ဒီဖက်မှာ ဘုန်းကြီးကျောင်းတွေဘာတွေလည်း နေတာလည်း ရှိတာပေါ့။ ဒါပေမယ့် ဘာဖြစ်လဲဆို တခါတလေ စစ်သားတွေက ဒီဖက်ကို ထိုးလာတယ်ဆိုရင် သံဃာတွေပါနေလို့ထိုင်လို့ အဆင်မပြေတာတွေ အများကြီးရှိလာတာပေါ့။”

ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြလေ့ရှိပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုကခိုက်မှုတွေကြောင့် မန္တလေးတိုင်းက ဒေသတချို့နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲကစလို့ တိုက်ပွဲတွေ၊ လုံခြုံရေး အခြေအနေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရသူ ၁.၆ သန်းရှိတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရုံးရဲ့ ဒီနေ့ စက်တင်ဘာ ၈ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG