သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးတိုက်ပွဲကြား နိုင်ငံခြားခရီးသည်အချို့ ပိတ်မိခဲ့


ရခိုင်ပြည်နယ် မြောက်ဦးရှိ ရှေးဟောင်း စေတီပုထိုးများ
ရခိုင်ပြည်နယ် မြောက်ဦးရှိ ရှေးဟောင်း စေတီပုထိုးများ

ကမ္ဘာလှည့်ခရီးသည်တွေကြား ကျော်ကြားတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ အစိုးရတပ်တွေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာမှာ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ကမ္ဘာလှည့် ခရီးသည်တချို့ ရှိနေပါတယ်။ ရှေးဟောင်း ကိုးသောင်း စေတီပုထိုးတွေကို သွားလေ့လာနေစဉ် ပစ်ခတ်မှုတွေကြား ကြုံရတဲ့ ဗြိတိန် ခရီးသွား ဧည့်သည်တယောက်က သူရင်ဆိုင်တွေ့ကြုံရတဲ့ အခြေအနေ Video ကို Twitter လူမှုကွန်ယက်ပေါ် တင်ခဲ့ပါတယ်။ သူပြောပြချက်တွေကို အခြေခံပြီး မစုမြတ်မွန်က ဆက်လက်တင်ပြပါမယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရှေးဟောင်း သမိုင်းဝင် ဘုရားပုထိုးတွေ ထိခိုက် ပျက်စီးမယ့်ဘေး စိုးရိမ်စရာဖြစ်နေသလို အဲဒီဖက်ရောက်နေကြတဲ့ ကမ္ဘာလှည့် ခရီးသွားတချို့လည်း ပစ်ခတ်မှုကြား ပိတ်မိခဲ့ကြပါတယ်။ မတ်လ ၁၇ ရက် တနင်္ဂနွေနေ့တုန်းက ရှေးဟောင်း ကိုးသောင်း စေတီပုထိုးတွေဆီ သွားလေ့လာရင်း ပြစ်ခတ်မှုတွေ ကြုံခဲ့ရတဲ့ ဗြိတိန်ခရီးသွား ဧည့်သည် Christophe Caddy ကသူ့ကြုံတေ့ွရတာတွေကို Twitter လူမှုကွန်ယက်ပေါ်မှာ Video တင်ခဲ့ပါတယ်။ Christophe နဲ့ သူနဲ့ စေ့စပ်ထားသူ Jen တို့ ဘုရားပုထိုးတွေရှိတဲ့ ဂူထဲရောက်နေစဉ် အပြင်မှာ ကြားနေရတဲ့ သေနတ်သံတွေကို အစက စစ်ရေး လေ့ကျင့်နေတာလို့ ထင်ခဲ့ပေမဲ့ နောက်မှ တိုက်ပွဲဖြစ်နေတယ်ဆိုတာ သဘောပေါက်ပြီး စိုးရိမ်ခဲ့ကြတာကို သူ့ရဲ့ ပြောသံတွေမှာ ကြားရနိုင်ပါတယ်။

"အပြင်မှာ သေနတ်သံတွေ၊ ပေါက်ကွဲသံကြီးတွေ အများကြီး ကြားနေရပါတယ်။ ကျနော်တို့ သွားမလို့လုပ်နေတဲ့ ဒီစေတီ ပုထိုးကုန်းပေါ်မှာ စစ်သားတွေ အများကြီးကို တေ့ွနေရပါတယ်။ သူတို့လှုပ်ရှားမှုကို မတေ့ွခင်က ရုပ်တုတွေလို့ ထင်တာပါ။ တောင်ကုန်းပေါ်မှာ ၂၀ လောက်ရှိပါတယ်။ အားလုံး ရိုင်ဖယ် သေနတ်တွေကိုင်ထားကြပါတယ်။ ကျနော်တို့က စက်ဘီးတွေနဲ့ လာတာဆိုတော့ ကျည်လွတ်အောင် ပြေးနိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ ဒီ Video ကနောက်ဆုံးတင်တဲ့ Video ဖြစ်မယ်ဆိုရင် တခုခုပြောခဲ့ဖို့ ကြိုစဉ်းစားခဲ့သင့်တာပေါ့ဗျာ။"

ဘုရားဝန်းထဲမှာရှိနေတဲ့ ဒေသခံတယောက်ကို ဆိုင်ကယ်နဲ့ လာခေါ်သွားတဲ့ အဲဒီသူရဲ့သူငယ်ချင်းက သူတို့ကိုလည်း ပြန်သွားကြဖို့ သတိပေးတော့မှ တိုက်ပွဲတွေ တကယ် ဖြစ်နေတယ်ဆိုတာ ပိုသေချာသွားတယ်လို့ Christophe Caddy က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ် တင်ခဲ့တဲ့ Video ထဲမှာလည်း ဘုရားဂူထဲက အပြင်ထွက်လာတဲ့အခါ သူမြင်ရတာတွေကို ပြောပြ၊ ရိုက်ပြထားပါသေးတယ်။

"သေနတ်သံတွေ စကြားရထဲက အဲဒီတဲလေးထဲမှာ အရင်ကရှိတဲ့ လုံခြုံရေးနဲ့ ပစ္စည်းလေးတွေ ရောင်းနေတဲ့ သူတွေအားလုံး ထွက်ပြေးသွားကြပါပြီ။ ကျနော်နဲ့ Jen လည်းသွားမှ ဖြစ်တော့မယ် ထင်တယ်။ မြန်မာနိုင်ငံထဲမှာ ပဋိပက္ခတွေ ဖြစ်နေတယ်ဆိုတာ နည်းနည်းတော့ သိပါတယ်။ ဒါပေမဲ့ ဟုတ်မဟုတ် သိအောင် အခုအချိန်မှာ မစပ်စုတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ တောင်ကုန်းထိပ်မှာ စစ်သားတွေ ရှိသေးလား ကြည့်လိုက်ဦးမယ်။ အလယ်က တောင်ကုန်းထိပ်မှာ ရိုင်ဖယ်သေနတ်တွေနဲ့ စစ်သားတွေ ရှိနေကြသေးတယ်။ အောက်ဖက်မှာလည်း တွေ့နေရတယ်။ သေနတ်သံတွေ နီးလာပြီတဲ့၊ သွားမှဖြစ်တော့မယ်။"

သူနဲ့ Jen တို့ ဟိုတယ်ရှိရာ အပြန်လမ်းမှာလည်း စစ်တိုက်ဖို့ အဆင်သင့် အနေအထား ရှိနေကြတဲ့ စစ်သားတွေကို အပျက်အစီးတွေ ကြားမြင်ခဲ့ရတယ်လို့ ဗြိတိန် ခရီးသွားဧည့်သည် Christophe Caddy ကပြောပါတယ်။ မြောက်ဦးမြို့ထဲမှာ အစိုးရတပ်တွေနဲ့ ရခိုင်လက်နက်ကိုင် AA တို့ကြား တနင်္ဂနွေနေ့က တိုက်ပွဲတွေအတွင်း AFP သတင်းဌာနက ဆက်သွယ်တဲ့ ဟိုတယ်တခုလည်း ကျည်တွေ ထိမှန်ခဲ့တယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

၁၅ ရာစုလောက်ထဲက ရခိုင်ဘုရင်တွေ တည်ထားခဲ့တဲ့ ရှေးဟောင်း စေတီပုထိုး အမြောက်အများ မြောက်ဦးမြို့မှာ ရှိပါတယ်။ ပစ်ခတ်မှုတွေကြောင့် ပျက်စီးမှု အတိုင်းအတာ ဘယ်လောက်ရှိတယ်ဆိုတာ မဆန်းစစ်ရသေးဘူးလို့ ဒေသခံ သမိုင်းပညာရှင် ဒေါ်ခင်သန်းက AFP ကိုပြောထားပါတယ်။

အပျက်အစီးတွေကြားမှာ လက်နက်ကိုင်တပ်တွေ ရှိနေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။ မြောက်ဦးမြို့ကို UNESCO ရဲ့ ရှေးဟောင်း အမွေအနှစ်အဖြစ် ထိန်းသိမ်းသင့်တဲ့ စာရင်းဝင်နိုင်ဖို့ မြန်မာက ကြိုးစား ဆောင်ရွက်နေတာပါ။ အခုတိုက်ပွဲတွေကြောင့် စာရင်းဝင်နိုင်မှု ကြိုးစားနေတာတွေ ထိခိုက်မှာ စိုးရိမ်တယ်လို့ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာအသင်းက ထုတ်ပြန် ထားပါတယ်။

ဒီကနေ့အထိ မြောက်ဦးမြို့မှာ တိုက်ပွဲတွေဖြစ်နေပြီး မြောက်ဦးမြို့ဆေးရုံမှာ ကုသမှုခံယူနေရသူ ၈ ယောက်ရှိတယ်လို့ ဂရုဏာလှိုင်သွေးလှူအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဒီကနေ့ ပြောကြောင်း APF သတင်းမှာ ဖော်ပြထားပါတယ်။ အနားက ရွာတခုမှာ သေဆုံးသူ ၂ ယောက်ရှိတယ်လို့လည်း သူက အတည်ပြု ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG