သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲနဲ့စီးပွားရေးချွတ်ခြုံကျမှုကြောင့် ကလေးလုပ်သားများပြားလာ


ရန်ကုန်မြို့က ဆောက်လုပ်ရေးလုပ်ငန်းမှာကျောက်သဲ သယ်နေတဲ့ ကလေးလုပ်သားများ၊ ဂျွန် ၁၀၊ ၂၀၁၄
ရန်ကုန်မြို့က ဆောက်လုပ်ရေးလုပ်ငန်းမှာကျောက်သဲ သယ်နေတဲ့ ကလေးလုပ်သားများ၊ ဂျွန် ၁၀၊ ၂၀၁၄
မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စီးပွားရေး ချွတ်ခြုံကျမှုကြောင့် လုပ်ငန်းခွင်တွေမှာ ကလေးလုပ်သား အရေအတွက်ဟာ ဆက်ပြီးတိုးပွားနေတယ်လို့ ကလေးလုပ်သားအရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။ စစ်အုပ်ချုပ်ရေးကြောင့် ကလေးလုပ်သားတွေကို အကာအကွယ် ပေးနေတဲ့ ယန္တရားတွေလည်း ပျက်စီးနေကြောင်း သူတို့က ဝေဖန်ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြပေးပါမယ်။

မြန်မာနိုင်ငံက အသက် ၅နှစ်နဲ့ ၁၇နှစ်ကြား ကလေး တသန်းကျော်ဟာ လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု တွေကို ထိခိုက်စေတဲ့ အလုပ်တွေကို လုပ်နေရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ပြောပါတယ်။ မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေး ဥပဒေအရ အသက်၁၄နှစ်အောက် ကလေးတွေ ကို အလုပ်သမားအဖြစ် စေခိုင်းခွင့်မရှိပေမဲ့ ဆင်းရဲမွဲတေမှု၊ အလုပ်သမားဥပဒေ မလုံလောက်မှု၊ ပညာ သင်ကြားခွင့်မရရှိမှုနဲ့ အခြားအကြောင်းတွေကြောင့် ကလေးလုပ်သားဦးရေက ရှင်သန်ကြီးထွားနေတာပါ။

ကလေးလုပ်သား အရေအတွက်ကို လျှော့ချဖို့ အဖွဲ့အစည်းတွေက ကြိုးစားခဲ့ပေမဲ့ နိုင်ငံရေးပဋိပက္ခကြောင့် ပိုများလာမယ်လို့ တွက်ဆထားကြောင်း ဧရာဝတီ ဥပဒေပညာသင်ကျောင်း (Irrawaddy Law School) ရဲ့ ဒါရိုက်တာ ဦးမင်းသွင်က ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့ဆီမှာ အရင်ကတည်းကလည်း တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်ပြီးတော့ကာ အားနည်းတယ်ပေါ့။ ပြီးခဲ့တဲ့ ၂၀၁၅-၂၀၂၀ အန်အယ်ဒီအစိုးရ လက်ထက်မှာ ပွင့်လင်းမြင်သာမှု ရှိလာတာနဲ့အမျှ ကျနော်တို့ ဒီအပေါ်မှာ focus ထားတဲ့ အဖွဲ့အစည်းတွေ ယန္တရားတွေက ပေါ်လာတာပေါ့။ အဲဒီကာလထဲမှာ ကလေးလုပ် သားနဲ့ ပတ်သက်ပြီးတော့ လျှော့ချနိုင်တဲ့ ပမာဏက အင်မတန်ကို နည်းပါသေးတယ်။ ဒီလိုအခြေ အနေမျိုးမှာမှ စစ်တပ်က အာဏာသိမ်းလိုက်တော့ ကလေးလုပ်သားတွေ ပိုပြီးတော့မှ များလာနိုင်တဲ့ အနေအထား ရှိတယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်။"

မြန်မာနိုင်ငံမှာ အခုဆိုရင် မိသားစုဝင်ငွေအတွက် ကလေးတွေကိုလည်း လုပ်ငန်းခွင်တွေကို စေလွှတ် နေရပါတယ်။ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း၊ အထည်ချုပ်၊ အိမ်တွင်းဝန်ဆောင်မှုနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ကလေးလုပ်သားတွေ အရင်ကတည်းက အများအပြား ရှိနှင့်ပြီး ဖြစ်ပါတယ်။ အခုအချိန်မှာ တော့ ကလေးလုပ်သား ခေါင်းပုံဖြတ်မှုလို ကိစ္စတွေကို အလုပ်ရှင်တွေက ပြောင်ပြောင်တင်းတင်း ချိုးဖောက် လာကြတယ်လို့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးသန်းထိုက်က ဗွီအိုအေကို ပြောပါတယ်။

" ကလေးသူငယ်တွေကို ကာကွယ်ပေးတဲ့ ယန္တရားက အခုအချိန်မှာ လုံးဝပျက်စီးနေတယ်။ ကလေးသူငယ်ကို အဓိကထားပြီးတော့ လုပ်ရမဲ့ focal department ကလည်း ယန္တရားတွေက အလွန်ပဲ နှေးကွေး၊ လေးလံနေတယ်။ ယခင်ကဆိုရင် child rights committee တွေ အဆင့်ဆင့်ရှိတယ်၊ လူမှုဝန်ထမ်း အွန်လိုင်း၊ hot line တွေလည်းရှိတယ်။ နောက်ပြီး ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ ကူညီပေးရမဲ့ ရဲတပ်ဖွဲ့ ယန္တရားကလည်း လုံးဝ ဒီအရေးကို ပါဝင်ဆောင်ရွက်ခြင်း မရှိဘူး။"

ILO ကတော့ အခု ၂၀၂၃မှာ အားလုံးအတွက် "လူမှု တရားမျှမှု ဖော်ဆောင်ဖို့နဲ့ ကလေးလုပ်သား အဆုံး သတ်စို့" ဆိုတဲ့ဆောင်ပုဒ်နဲ့ မြန်မာနိုင်ငံမှာလည်း ကလေးတွေကို အကာအကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။ အနွမ်းပါးဆုံး မိသားစုတွေထဲက ကလေးတွေဟာ ဆိုရွားတဲ့ လူမှုစီးပွားရေးရဲ့ သက်ရောက်မှုကို ပိုပြီးခံရ နိုင်ခြေ ရှိတာကိုလည်း တနင်္လာနေ့မှာ ကျရောက်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကလေးလုပ်သား ပပျောက်ရေးနေ့မှာ ILO က သတိပေးခဲ့တာပါ။

အခုမေလကုန်မှာ အမေရိကန် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံတကာဆက်ဆံရေး တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်တို့ တွေ့ဆုံခဲ့တာမှာလည်း စက်မှုဇုန်တွေမှာ ကလေးလုပ်သား အတင်းအဓမ္မ စေခိုင်းမှုတွေကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါတယ်။ အခုဆိုရင် မိသားစုဝင်ငွေရဖို့အတွက် ကလေးလုပ်သားတွေဟာ စက်မှုဇုံအထည်ချုပ်လို နေရာမျိုးတွေမှာ အခကြေးငွေနည်းနည်းနဲ့ အများအပြား ဝင်ရောက် လုပ်ကိုင်နေကြပြီလို့လည်း ကလေးလုပ်သားအရေး လုပ်ဆောင်နေသူတွေက ပြောနေကြပါတယ်။
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG