သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုရိုနာဗိုင်းရပ်စ် သံသယလူနာ (၁) စောင့်ကြည့်လူနာ (၁၈)


ဇန်နဝါရီလ ၃၁ ရက်နေ့က မြန်မာကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟု ယူဆရသူကို ဝေဘာဂီဆေးရုံသို့ပို့ဆောင်စဉ်
ဇန်နဝါရီလ ၃၁ ရက်နေ့က မြန်မာကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟု ယူဆရသူကို ဝေဘာဂီဆေးရုံသို့ပို့ဆောင်စဉ်

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၁ ဦးနဲ့ စောင့်ကြည့်လူနာ ၁၈ ဦး ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ဒီကနေ့မှာပြောပါတယ်။ ဒီရောဂါပိုး ကူးစက်ခံထားရသူ မြန်မာနိုင်ငံမှာ မရှိသေးပေမယ့်လည်း လူထူထပ်တဲ့နေရာတွေနဲ့ ပွဲလမ်းသဘင်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်တယ်လို့ ဆရာဝန်ကြီးတွေက အကြံပေးပြောဆိုနေပါတယ်။

အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၁ဦးနဲ့ စောင့်ကြည့်လူနာ ၁၈ဦး ရှိသွားပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“သံသယလူနာက၁ ယောက်ပေါ့နော်။ ပြီးရင် ဆေးရုံတင်စောင့်ကြည့် လူနာက အခု ၁၈ ယောက်ပေါ့နော်။ မနေ့ကဆို ၁၃ ယောက်။ ဒီနေ့ ၅ ယောက်တိုးတယ်။ မောက်မယ်က ၄ ယောက်ရယ်၊ နောက်တဦးက စင်္ကာပူကပြန်လာတဲ့ အမျိုးသမီးက ဒီနေ့အဖျားနည်းနည်းရှိတော့ သူ့ကို စောင့်ကြည့်လူနာထဲမှာ တိုးလိုက်တယ်နော်။”

သံသယလူနာ တဦးဖြစ်တဲ့ အသက် ၄၅နှစ်အရွယ် အမျိုးသားကို နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှာ သီးခြားထားရှိကုသပေးနေပြီး ရောဂါရှိ၊ မရှိ အတည်ပြုနိုင်ဖို့ကတော့ ရည်ညွှန်းဓာတ်ခွဲခန်းက ပေးပို့မယ့်အဖြေကို စောင့်နေတယ်လို့ ဆိုပါတယ်။

ဒီကနေ့ထပ်တိုးလာတဲ့ ဆေးရုံတင်စောင့်ကြည့်လူနာ ၅ဦးထဲက အသက် ၂၉နှစ်အရွယ် အမျိုးသမီးကို ဝေဘာဂီအထူးကုဆေးရုံမှာ ကုသပေးနေပြီး၊ ကျန်ရှိတဲ့ လူနာ ၄ဦးကိုတော့ မောက်မယ်ဆေးရုံမှာ ထားရှိပြီး၊ သူတို့ ၅ဦးလုံးရဲ့ ဓာတ်ခွဲနမူနာကို ပေးပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေပိုင်းအထိ သေဆုံးသူဦးရေ ၉၀၀ ကျော်သွားပြီဖြစ်တဲ့ ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ပြင်ပနိုင်ငံစာရင်းေတွထဲမှာ မြန်မာမပါဝင်သေးပေမယ့် ရောဂါကာကွယ်ရေးအတွက် ကိုယ်တိုင်ကစ ကာကွယ်သင့်တယ်လို့ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အခုလိုပြောပါတယ်။

“အခုချိန်မှာတော့ မလိုအပ်ဘဲနဲ့ အပြင်ထွက်တာကို ရှောင်သင့်တယ်။ ပွဲလမ်းသဘင်တွေက လုပ်တဲ့သူကလုပ်တယ်။ သွားတဲ့သူက သွားမှဖြစ်မှာပေါ့နော်။ အဲတော့ မသွားဘဲလည်း နေလို့ရလို့ရှိရင် ကိုယ်ကတော့ အဲဒါလေးကို လိုက်နာမယ်ဆိုရင် ရတယ်ပေါ့။ မသွားမဖြစ် သွားရမယ်ဆိုရင်လည်း ကိုယ့်ရဲ့လက်ကိုပဲ ဂရုတစိုက်ဆေးပြီးတော့ ကိုယ့်ကိုယ်မကူးစက်အောင် ဆောင်ရွက်သင့်တယ်။”

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရေး ကျွမ်းကျင်သူတွေရဲ့ အမြင် ရုပ်သံသတင်းကို ကြည့်ရှုနားဆင်နိုင်ပါတယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့အတွက် လက်ကိုစနစ်တကျ မကြာခဏဆေးပေးဖို့နဲ့ နှာစေး၊ ချောင်းဆိုးရင် ပါးစပ်အုပ်ဖို့အပြင် လူနေထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ဖို့နဲ့ ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း တိုက်တွန်းနှိုးဆော်ထားတာပါ။

မြန်မာနိုင်ငံတွင်းက နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ထိုင်းနိုင်ငံမှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့ပြီး ရောဂါ ရှိ၊ မရှိအတည်ပြု ရတာ ဖြစ်ပေမယ့် မကြာခင်မှာ မြန်မာနိုင်ငံတွင်းမှာပဲ ဒီဗိုင်းရပ်စ်ရှိ၊ မရှိ ဆိုတာကို ဓာတ်ခွဲစမ်းသပ် မှုတွေ စတင်လုပ်ဆောင် နိုင်တော့မယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)











XS
SM
MD
LG