သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကလေးတွေ ကိုဗစ်ကာကွယ်ဆေးထိုးမယ့် အစီအစဉ်အပေါ် ကျန်းမာရေးပညာရှင်အမြင်


Sinovac ကိုဗစ်ကာကွယ်ဆေး။
Sinovac ကိုဗစ်ကာကွယ်ဆေး။

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ အသက် ၁၂ နှစ်အထက် ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ မြန်မာစစ်ခေါင်းဆောင်က ကြေညာလိုက်ပေမယ့် ဒီအစီအစဉ်ဟာ ရောဂါထိန်းချုပ်ရေးအတွက် လက်တွေ့မကျဘူးလို့ ကျန်းမာရေးပညာရှင်တချို့က ထောက်ပြနေကြပါတယ်။ တရုတ်နိုင်ငံကနေ Sinovac ကာကွယ်ဆေး ၂ သန်း ဒီလကုန် ရောက်လာတဲ့အခါ ကလေးတွေကို ထိုးပေးမယ့်အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သောကြာနေ့ကပဲ ပြောလိုက်တာပါ။

ဒါပေမယ့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ နိုင်ငံတကာ ကျန်းမာရေး လုပ်ထုံးလုပ်နည်းတွေအရ အသက်အရွယ်ကြီးသူတွေ၊ ရောဂါကူးစက်ခံရမယ့် အန္တရာယ်ရှိသူတွေကို ဦးစားပေးတာကသာ နည်းမှန်လမ်းမှန် ဖြစ်တယ်လို့လည်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Wyckoff Heights ဆေးရုံ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်က ပြောပါတယ်။ ဒေါက်တာဇေယျာသက်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဒေါက်တာဇေယျာသက် - “ခေါင်းထဲမှာပေါ်လာတိုင်း ထိုးချင်တိုင်းထိုးလို့တော့ ကျနော်ထင်တယ်၊ Vaccine တွေ အများကြီးရှိနေရင်တော့ တမျိုးပေါ့၊ ဒါတောင်မှ မရှိသေးတဲ့အခါမှာဆိုရင်၊ ဥပမာ ကလေးတွေမှာ ပိုလီယိုရောဂါ ကာကွယ်တယ်ဆိုရင် ဘယ်အသက်အရွယ်ကနေ ဘယ်အသက်အရွယ် ဘယ်လိုမျိုးဆိုပြီး ကျနော်တို့မှာ အတိအကျနဲ့ လုပ်ခဲ့တာပဲ။ ဒါ WHO က Guideline တွေ အကုန်လုံး ပေးခဲ့တာပဲ။ ဘာဖြစ်လို့ ကျနော်တို့က WHO Guideline ကို မကြည့်ဘဲနဲ့ ကိုယ်လုပ်ချင်တဲ့အတိုင်း လုပ်ရမှာလဲ။ နိုင်ငံတကာမှာ လုပ်တဲ့ဟာကို ကြည့်လို့ရှိရင် အများစု စထိုးတာက အသက် ၆၅ နှစ်အထက်တွေကို စထိုးတယ်။ ဒုတိယတပိုင်းက ၆၅ နှစ်နဲ့အတူတူ၊ ဒါတောင်မှ နိုင်ငံတကာမှာ စထိုးတဲ့လူတွေက High Risk Health Care Professional ပေါ့၊ ဒီရောဂါကို ကာကွယ်နေရတဲ့လူတွေ၊ မီးသတ်တို့၊ အရန်မီးသတ်တို့၊ ကျန်းမာရေးဝန်ထမ်းတွေ အဲဒါတွေကို စပြီးတော့ပေးတယ်။ ပြီးတော့ ၆၅ နှစ်အထက်ကို ပေးတယ်။ ပြီးရင် ၄၀ အထက်ကို ဒီနိုင်ငံမှာ ပေးတယ်။ အဲဒီလို တဆင့်ချင်းစီ သွားတယ်။ နောက်ဆုံးတဆင့်ကျမှ အခုလက်ရှိ အနေအထားမှ Pfizer ကို လွန်ခဲ့တဲ့ တပတ်တောင် မပြည့်သေးပါဘူး ကလေးတွေကို ထိုးလို့ရတယ် ဆိုတာကို စပြောတယ်။”

ကိုဝင်းမင်း - ဘာကြောင့် အခုလို အသက်ကြီးသူတွေနဲ့ အန္တရာယ်ကြီးသူတွေကို တဆင့်စီ ကာကွယ်ဆေး ထိုးပေးသွားရတာလဲ။

ဒေါက်တာဇေယျာသက် - “ဘာလို့သွားရတာလဲဆိုတော့ ကလေးတွေက အဓိက အရင်းအမြစ် မဟုတ်ပါဘူး။ ကလေးတွေ ကျောင်းမှာ ကူးလာတယ်၊ ကူးလာတယ်ဆိုပြီး ပြောကြတယ်။ တကယ်တမ်းတော့ ကလေးတွေ ကျောင်းမှာ ဆရာမတွေရှိတယ်၊ အလုပ်သမားတွေရှိတယ်၊ ဝန်ထမ်းတွေရှိတယ်၊ ဒီလူတွေကတဆင့် ကလေးတွေဆီ ရောက်တယ်။ ဒါပေမယ့် သူတို့က ဘာဖြစ်လို့ပြောတာလဲဆိုတော့ ကလေး ကျောင်းဖွင့်လိုက်ရင် ကျောင်းတကျောင်းမှာ လူစုလူဝေးတွေ၊ အခန်းတခန်းမှာ အယောက် ၅၀ ရှိတယ်အခန်းရှိတယ်၊ ၆၀ ရှိတဲ့အခန်းရှိတယ်။ ဆိုတော့ ခြုံပြီးပြောရရင် သိပ္ပံပညာရှင်တွေရယ်၊ ဆရာဝန်တွေရယ် အကုန်လုံးကသိတယ်၊ ဘယ်ဟာ အဓိက ဒီရောဂါ ပြန့်ပွားတဲ့နေရာလဲပေါ့။ ပြန့်ပွားတဲ့နေရာက လူကြီးတွေ။ ဒါကြောင့် ဒီနိုင်ငံမှာတောင် ကျောင်းမှာလာတဲ့ ဆရာ ဆရာမတွေ၊ အခုလည်း Mandate ဆိုတဲ့ စကားလုံးတွေ သုံးလာတယ် ဒီနိုင်ငံမှာ၊ မထိုးမနေရပေါ့။ ဒါပေမယ့်လည်း လောလောဆယ်အရ ကျောင်းမှာဆိုရင် ကလေးတွေကို မထိုးမနေရဆိုတာ မရှိဘူး။ ကျနော် နားလည်သလောက်ကတော့ ဒီနိုင်ငံမှာ တခုပဲ ကျနော်တွေ့လိုက်တယ်၊ ကယ်လီဖိုးနီးယားမှာရှိတဲ့ လော့စ်အိန်ဂျလိစ် တချို့ကျောင်းတွေကို လုပ်တယ်လို့တော့ ကြားလိုက်တယ်။ ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့်ကြီးတော့ ပေးမလုပ်ဘူး။”

ကိုဝင်းမင်း - နောက်ရော ကလေးတွေကို အခုလို ဦးစားပေးမထိုးတဲ့ အရေးကြီးတာ ရှိနေသေးလား။

ဒေါက်တာဇေယျာသက် - “ကလေးတွေမှာ နောက်တခု အဓိက Seriously မထိုးပေးတဲ့ တပိုင်းကလည်း ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေမှာ ဒီရောဂါ မဖြစ်ဘူးလားဆိုတော့ ဖြစ်တာပေါ့၊ ဒါပေမယ့် ကလေးတွေရဲ့ သေနှုန်း စံထားသည် မပြောပလောက်တဲ့နီးပါး အနေအထားတခု ရှိတယ်ပေါ့။ အကြီးအကျယ် ကိုဗစ်ရောဂါ စခဲ့တဲ့ ၂၀၂၀ မတ်လကနေ ဇူလိုင်အကုန် သြဂုတ်အထိ ကလေးရဲ့ သေနှုန်းသည် လူကြီးသေနှုန်းရဲ့ ဘာမှ မပြောပလောက်တဲ့နှုန်းထား ရှိပါတယ်။ ဒါကြောင့်မို့လည်း ကလေးတွေကို သူတို့ Primary Target အနေနဲ့ Vaccine မထိုးတာလည်း ပါတာပေါ့၊ ဒီမှာ Strategy အနေနဲ့။ Vaccine ထိုးခြင်းဆိုတာ Strategy လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေကို မလိုအပ်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ တချိန်ကျရင် သူတို့လည်း ထိုးရမှာပေါ့။ ဒါပေမယ့် အရေးကြီးတဲ့လူတွေကို အရင်ထိုးပေးမှသာလျှင် ဒီရောဂါကို ထိန်းချုပ်လို့ ရနိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါက နောက်ထပ် အခု Delta ဖြစ်တယ်၊ နောက် သိပ်မကြာခင် အချိန်အတွင်းမှာ နောက်ထပ်တမျိုး ဖြစ်လာမလား မဖြစ်လာမလားဆိုတာ ဘယ်သူမှ မသိသေးပါဘူး။”

ကိုဝင်းမင်း - အခုလို ကလေးတွေကို တရုတ်ကာကွယ်ဆေး ထိုးပေးရင် အန္တရာယ်ရှိမှုနဲ့ ထိရောက်မှုရှိနိုင်တဲ့ အနေအထားရော။

ဒေါက်တာဇေယျာသက် - “ကျနော်နားလည်သလောက် Sinovac ကို WHO ကတော့ ကလေးမဟုတ်ဘူး၊ ၁၈ နှစ်အထက်ကို သုံးလို့ရတယ်လို့ ပြောထားတယ်။ ၁၈ နှစ်အောက်ကိုတော့ မရေးထားသေးဘူး။ ဆိုတော့ တရုတ်နိုင်ငံ အပါအဝင် တချို့သော နိုင်ငံတွေမှာ သုံးနေတဲ့ဟာ ရှိပါတယ်။ ကျနော်နားလည်သလောက်တော့ ချီလီမှာရှိတယ်လို့ ပြောတယ်။ ဒါတောင်မှ အသက်က တခုနဲ့တခု မတူကြဘူး။ တချို့က ၃ နှစ်လို့ ပြောတယ်။ တချို့က ၅ နှစ်အထက်လို့ ပြောတယ်။ ဆိုတော့ သုံးတဲ့အပေါ်မှာ မူတည်ပြီးတော့ WHO တောင်မှ အခုချိန်ထိ သုံးပိုင်ခွင့် မရှိသေးဘူးလို့ ပြောတယ်။ ထိုးလို့မရဘူး မဟုတ်ဘူး၊ ထိုးလို့ရတယ်။ Safe တော့ ဖြစ်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Killed Virus ဖြစ်တဲ့အတွက်ကြောင့်၊ Virus အသေပေါ့ဗျာ၊ ဒါကို ထည့်ပေးနေတဲ့အတွက်ကြောင့်မို့။ ဒါပေမယ့် အကျိုးအမြတ် ရမလား ဆိုတာကလည်း ချက်ချင်းကြီးတော့ မသိဘူး။ Effective ဖြစ်မလား၊ မဖြစ်လား ဆိုတာတော့ ဘယ်သူမှ မသိသေးဘူး။”

ကိုဝင်းမင်း - ကျေးဇူးအများကြီးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)











XS
SM
MD
LG