(Zawgyi/Unicode)
ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေချိန် AA လက်နက်ကိုင်အဖွဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံက အာချေးပြည်နယ်ကို ဥပမာယူပြီး အပစ်ရပ်ရေးဆွေးနွေးနွေးဖို့ အစိုးရဘက်က တိုက်တွန်းလိုက်တဲ့အကြောင်း ကိုမိုးဇော် တင်ပြပါမယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၁၇မြို့နယ်ရှိတဲ့အနက် ၁၆မြို့နယ်မှာ COVID- 19 ကူးစက်မှုတွေကြောင့် ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားရတဲ့အထိ ကြုံနေရချိန်မှာပဲ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်ဆိုင်းနိုင်ဖို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်တာပါ။
နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းရှင်းလင်းပွဲမှာ သမ္မတရုံးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ေ ဦးဇော်ဌေးက ၂၀၀၄ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီဖြစ်ပွားပြီး ပြည်သူတွေ ထိခိုက်သေကျေရချိန်မှာ အာချေးလက်နက်ကိုင်အဖွဲ့ဟာ အစိုးရနဲ့ ဆွေးနွေးပြီး ငြိမ်းချမ်းရေး ရယူခဲ့တာကို AA အနေနဲ့ သင်ခန်းစာယူသင့်ကြောင်း အခုလို ပြောဆိုပါတယ်။
“ အဲဒီမှာတော့ သဘာ၀ ဘေးအန္တရာယ်ကျရောက်တာပေါ့။ ဆူနာမီလို သဘာ၀ ဘေးအန္တရာယ်ကျရောက်တယ်။ ကျနော်တို့ဒီမှာကတော့ တကယ့် နိုင်ငံဖြတ်ကျော် ကပ်ရောဂါ ကျရောက်နေတဲ့အနေအထား။ အဲဒီအနေအထားကို ဒီလိုမျိုး အင်ဒိုနီးရှားဥပမာပေါ့နော်။ အာချေး Free Aceh Movement (JAM) လိုမျိုး သင်ခန်းစာယူသင့်တယ်။”
အစိုးရနဲ့ AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ဒီနှစ်ဆန်းက စတင်ပြီး ရပ်တန့်နေတာဖြစ်ပါတယ်။ လောလောဆည်မှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ဖွဲ့က ဆွေးနွေးပွဲတွေ ပြန်လည်စတင်ရေးအတွက် အစိုးရဆီကို အကြောင်းကြားထားပြီး အစိုးရဘက်ကတော့ ဒီ ၄ဖွဲ့နဲ့ ဆွေးနွေးတာတွေဟာ အကျိုးရှိ မရှိ ပြန်လည်သုံးသပ်နေတယ်လို့လည်း ဦးဇော်ဌေးက သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမယ်ဆိုရင် တစ်ဖွဲ့ချင်းအနေနဲ့လည်း ဆွေးနွေးမှာဖြစ်ကြောင်း ဦးဇော်ဌေးကပြောပါတယ်။
“နံပတ်တစ် စစ်ရှိန်လျှော့။ နံပတ်နှစ် အဲဒီ Propaganda တွေ လူမျိုးရေးတွေ၊ လူထုကြားမှာပေါ့နော် ရှုပ်ထွေးအောင် မပြောနဲ့။ နံပတ် သုံးက အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားလား။ အမှန်တကယ် ပြည်နယ် အခွင့်အရေးကို လိုလားလား။ အမှန်တကယ် တိုင်းရင်းသားအခွင့်အရေးကို လိုလားလား။ လိုလားရင် ဆွေးနွေးရေးစားပွဲဝိုင်းကိုလာခဲ့။ AA တစ်ဖွဲ့တည်းလည်း ကျနော်တို့ တွေ့မယ်။ အဲဒါလည်း ကျနော်တို့ ပြောထားပြီးသား။”
ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေချိန်မှာပဲ ပစ်ခတ်တိုက်ခိုက် မှုတွေလည်းဆက်လက်ဖြစ်ပွားနေပါတယ်။ AA အဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်မှာ ကပ်ရောဂါဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အင်တာနက်အွန်လိုင်းကနေ အစောပိုင်းပြောဆိုခဲ့ရာမှာတော့ လက်ရှိအကျပ်အတည်းကြားမှာ အစိုးရနဲ့ စစ်တပ်က အခွင့်ကောင်းယူနေသလားဆိုတာ သံသယရှိတဲ့အကြောင်း ပြောဆိုသွားပါတယ်။
“ COVID-19 ရောဂါ ဆိုတာ ကျန်းမာရေးပြဿနာဆိုသော်ငြားလည်း ရခိုင်ပြည်ကို နိုင်ငံရေးစစ်ရေး ပြဿနာအရင်းခံပြီးတော့ ရောက်လာတာများလားဆိုတဲ့ စဉ်းစားစရာအချက်တွေလည်း အများကြီးရှိပါတယ်။ ဘာကြောင့်လည်း ဆိုတော့ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ဆိုတာ ရခိုင်ပြည်ကို နိုင်ငံရေးအရ ၊ လူမျိုးရေးအရ စစ်ရေးအရ အမြစ်ပြတ်ချေမှုန်းဖို့ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေ အခွင့်အာဏာတွေ ဥပဒေတွေကို လွဲမှားစွာ လက်နက်အဖြစ် အသုံးချလို့ ရှိနေတာနဲ့ ဒီအချက်တွေလည်း စဉ်းစားစရာတစ်ခုဖြစ်နေပါတယ်။”
မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးကတော့ ကပ်ဘေးသင့်နေချိန် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ ဒီတပတ်ထဲမှာပဲ ထပ်မံတိုက်တွန်းထားပါတယ်။
ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ တိုက်တွန်းချက်ကို နားထောင်ဖို့နဲ့ ကပ်ရောဂါရော စစ်ဘေးဒဏ်ပါခံနေရတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်အောင် အင်တာနက်ဝန် ဆောင်မှု တွေ အပြည့်အ၀ ပြန်ဖွင့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
.............
(Unicode)