သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်း စစ်အစိုးရကို အနောက်အုပ်စုဖိအားပေးတာ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်း ကြိုဆို


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုက ဖိအားပေးပြောဆိုလိုက်တဲ့အပေါ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေက ကြိုဆိုလိုက်ကြပါတယ်။ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း အမေရိကန်သမ္မတ နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကပါ တခဲနက် တောင်းဆိုလိုက်တဲ့အပေါ် နိုင်ငံရေး အသိုင်းအဝန်းနဲ့ အကဲခတ်တွေရဲ့ အမြင်တွေကိုတော့ ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို စွန့်လွှတ်ပြီး၊ ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ Joe Biden က သမ္မတတာဝန်ယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံခြားရေးရာ မူဝါဒမိန့်ခွန်းမှာ အလေးထား ပြောလိုက်တာပါ။ တရက်တည်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တခဲနက်တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးပမ်းတဲ့အပေါ်မှာတော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကြိုဆိုလိုက်ပါတယ်။

“ အခုလုံခြုံရေးကောင်စီရောက်လာတော့ တို့အတွက် အများကြီး အားတက်သွားတယ် အများကြီးချောမွေ့ အဆင်ပြေသွားမယ်လို့ တို့ကယုံကြည်တယ်လေ။ နောက်ပြီး နိုင်ငံတကာရဲ့ ဖိအားကိုလည်း အားလုံးကျေးဇူးတင်ပါတယ်။”

အမေရိကန်သမ္မတ Biden ကတော့ လူထုဆန္ဒကို အာဏာသုံးပယ်ချတာမျိုး မလုပ်ဖို့၊ ရွေးကောက်ပွဲတခုရဲ့ ရလဒ်ကို ဖျောက်ဖျက်တာမျိုး မလုပ်ဖို့လည်း သတိပေးပြောကြားခဲ့တာပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာလူထုအကျိုးကို ရှေ့ရှုပြီး၊ စေ့စပ်ဆွေးနွေး ဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။ NLD ပါတီရဲ့ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ကတော့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ စိုးရိမ်မှုတွေနဲ့ တိုက်တွန်းချက်တွေအတွက် အားရမိတယ်လို့ ပြောပါတယ်။

“ ဒါလည်းကျနော်တို့က ကမ္ဘာ့မိသားစု အသိုင်းအဝန်းနဲ့ နေကြတာဖြစ်တဲ့အတွက် ကျနော်တို့တိုင်းပြည် အကျပ်အတည်းနဲ့ ကြုံရတဲ့အချိန်မှာ နိုင်ငံတကာက ဒီလိုမျိုး တောင်းဆိုချက်တွေဟာ ကျနော်တို့အတွက် အားပါပဲ။ ဒါက မိသားစုဆန်တဲ့ တောင်းဆိုချက်တွေ တုံ့ပြန်ချက်တွေ ဖြစ်တဲ့အတွက် ကျနော်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။”

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းကတော့ နိုင်ငံရေးအကျပ်အတည်းတွေ ကြီးထွားလာတာနဲ့အမျှ နိုင်ငံတကာရဲ့ ဖိအားတွေလည်း တိုးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ သမ္မတ ဘိုင်ဒင်ပြောတာတွေရော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပြောတာရောပေါ့လေ၊ နည်းနည်းလေး သူတို့က strong ဖြစ်တယ်ပေါ့၊ ဒါပေမယ့် ဒီဘက်ကလည်း cabinet ဖွဲ့တာတို့ နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ ဖွဲ့တာတို့ ဆက်လုပ်နေတယ်လေ၊ ဆိုတော့ ကိုယ်က အားလုံးသက်သာမယ့် အနေအထားကြားမှာ ဖြစ်ထွန်းစေချင်တယ်။ တော်တော်ခက်ပါတယ် သူတို့ကလည်း ထိန်းသိမ်းထားရုံမကဘူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စွဲချက်တွေ တင်ထားတယ်။ ဒါတွေကို ဟိုဘက်ကလည်း ဒုံးတိကြီး အကုန်လုံးပြန်ပြီးတော့ ရုပ်သိမ်းပေးပါလို့ ပြောနေတယ်၊ ဆိုတော့ တင်းကျပ်တဲ့ အခြေအနေ ဖြစ်တယ်လေ၊ မြန်မာပြည်မှာလည်း လူထုက ထွက်လာပြီ Civil Disobedience ဆိုပြီးတော့။ ဆိုတော့ ကြားဝင်ဆောင်ရွက်ပေးဖို့ ဆိုတာကလည်း pandemic နဲ့ လူတွေက သွားလာရခက်တယ်လေ။ နောက်ဆုံးကုန်ကုန်ပြောမယ်လေ ကြားဝင်ဆောင်ရွက်ပေးဖို့ ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်လိုပဲ တရုတ်ကို အကူအညီ တောင်းရလိမ့်မယ်၊ ဒါမှမဟုတ် အိန္ဒိယလို တတိယနိုင်ငံကို တောင်းရင်တောင်းရလိမ့်မယ် အဲဒီတော့မှ နည်းနည်းလေး ဖြေသာမယ်၊ အဲဒီလိုသူက မြင်တာပဲ၊ တကယ့်ကို အကျပ်အတည်းဖြစ်ပြီးတော့ တဆင့်ပြီးတဆင့် ကျပ်လာတာဖြစ်တယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ် လူထုကြားမှာ မကျေနပ်ချက်တွေနဲ့ ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေလည်း ပြည်တွင်း၊ ပြည်ပမှာ ပေါ်ပေါက်နေသလို နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွ ကြားမှာလည်း စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာနဲ့ ပတ်သက်လို့ အရေးပေါ် ဆွေးနွေးဖို့လည်း အင်ဒိုနီးရှားသမ္မတနဲ့ မလေးရှားဝန်ကြီးချုပ်တို့ သောကြာနေ့က ဂျကာတာမြို့တော်မှာ တွေ့ဆုံရာမှာ သဘောတူခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)









ဆက်စပ်သတင်းများ ...

XS
SM
MD
LG